သတင်း

KIA နှင့် အစိုးရတပ်များ တိုက်ပွဲပြန်ဖြစ်

This article has been converted from Zawgyi One to Unicode

ကချင် လွတ်လပ်ရေး တပ်မတော်(KIA) နှင့် အစိုးရ စစ်တပ်တို့ အကြား ရှမ်းပြည်နယ် မြောက်ပိုင်း KIA တပ်မဟာ ၄ ထိန်းချုပ် နယ်မြေ၌ ယနေ့မနက်ပိုင်းတွင် ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သတင်းရသည်။

ယမန်နေ့ ညနေပိုင်းက KIA တပ်မဟာ ၄ ထိန်းချုပ်မှုအောက်ရှိ တပ်ရင်း ၁၇ ရှေ့တန်းတပ်များ တည်ရှိရာသို့ အစိုးရ အရှေ့မြောက် ပိုင်း တိုင်း (ရမခ) လက်အောက်ခံ ခလရ ၁၄၅ နှင့် ၂၉၀ တပ်ရင်းများက ချဉ်းကပ်လာရာမှ ၁ နာရီအကြာ ရင်ဆိုင် တိုက်ပွဲများ ဖြစ် ပွား ခဲ့ပြီး ယနေ့မနက်ပိုင်းတွင် အဆိုပါ အစိုးရတပ်ရင်းများက စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့(KIO) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန် က ပြောပြသည်။

“အစိုးရ တပ်တွေက KIA တပ်ရင်း ၁၇ ရှေ့တန်းစခန်းတွေနားကို ချဉ်းကပ်လာတော့ ခြိမ်းခြောက်သလို ဖြစ်လာတယ်၊ ဘေးကြပ်နံကြပ်ဖြစ်လာတော့ ကျနော်တို့ဘက်ကလည်း ဘယ်လိုမှ ရှောင်လွှဲလို့ မရတဲ့ အခြေအနေမှာ တိုက်ပွဲတွေဖြစ်သွားတာပါ၊ ဒီမနက် ထပ်ဖြစ်တဲ့ တိုက်ပွဲတွေမှာတော့ လက်နက်ကြီးတွေကိုပါ သုံးလာကြတယ်”ဟု ဦးလနန် က ဧရာဝတီသို့ ပြောသည်။

KIO ဌာနချုပ်သို့ တက်လာသည့် စစ်မြေပြင် သတင်းများအရ ယနေ့မနက်ဖြစ်ပွားသည့် တိုက်ပွဲတွင် မနက် ၆ နာရီမှ ၉ နာရီထိ အပြင်း အထန် တိုက်ခိုက်နေကြဆဲဖြစ်ကြောင်း ယင်းအချိန်အထိ KIA ဘက်တွင် ထိခိုက်ကျဆုံးမှု မရှိသေးကြောင်း၊ အစိုးရဘက်က အခြေအနေကိုတော့ သတင်း မရရှိသေးကြောင်း ဦးလနန်က ဆက်ပြောသည်။ တိုက်ပွဲများ ဖြစ်ပွားရာအနီးတွင် လူနေကျေးရွာ များ မရှိကြောင်း သိရသည်။

KIO နှင့် အစိုးရတို့အကြေား ယခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့နှင့် မတ် ၁၁၊ ၁၂ ရက်တို့တွင် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးနိုင်ရေး အတွက် အကြိုတွေ့ဆုံ ဆွေးနွေးပွဲများပြုလုပ်ပြီး နောက်ပိုင်းတွင် KIA ထိန်းချုပ်နယ်မြေ နေရာအများစုတွင် တိုက်ပွဲများ လျော့ကျသွားကြောင်း၊ ယင်း အခြေအနေနှင့် ပတ်သက်ပြီး KIA ဘက်မှ ကြိုဆိုကြောင်း ပြောသည်။

သို့သော်လည်း ယင်းဆွေးနွေးမှုများနောက်ပိုင်း တပ်မဟာ ၄ နယ်မြေနှင့် တပ်မဟာ ၂ နယ်မြေများအတွင်းရှိ KIA တပ်ရင်း နေရာ တချို့တွင် အစိုးရတပ်များ ချဉ်းကပ်လာခြင်း၊ လမ်းဖောက်ခြင်းများ ပြုလုပ်လာခြင်းကြောင့် ကြိုကြား၊ ကြိုကြား တိုက်ပွဲများ ၅ ကြိမ် ထက်မနည်း ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း KIA က ဆိုသည်။

ယခုလ တတိယပတ်က KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၅ အနီး စစ်ကြောင်းများကို အသုံးပြု၍ ရှေ့တန်း စခန်းများ အနီး ခရိုင်ချင်းဆက် လမ်းဖောက်လုပ်ရေး ပြုလုပ်နေခြင်းကို နှစ်ဘက်တပ်များရှုပ်ထွေးနေချိန် ရပ်ဆိုင်းထားရန် ပြည်ထောင်စု ငြိမ်း ချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ မီးရထားဝန်ကြီး ဦးအောင်မင်း ထံ KIA က စာပို့ အကြောင်းကြား ထားကြောင်း သိရသည်။

ယင်းသို့ အကြောင်းကြားပြီး နောက်တနေ့တွင် အစိုးရတပ်က ချဉ်းကပ်လှုပ်ရှားမှုများ ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး အစိုးရတပ် အရာရှိ ၂ ဦးနှင့် တပ်သား ၃ ဦး ပွဲချင်းပြီး ကျဆုံးသွားကြောင်း KIA ဘက်က ပြောသည်။

ထို့နောက် အစိုးရတပ် ခလရ ၁၄၁ မှ တပ်အင်အား ၈၀ ခန့်ဖြင့် KIA တပ်ရင်း ၅ အနီး ချဉ်းကပ် အခြေစိုက်ထားကြောင်း သိရ သည်။

ယင်းသို့ အစိုးရ တပ်များဘက်က KIA တပ်များနှင့် အနီးဆုံး၌ ချဉ်းကပ် နေရယူထားခြင်းသည် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည့် အလားအလာနှင့် စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း စစ်မြေပြင် သတင်းများကို ကိုးကား၍ ဦးလနန် က ပြောဆိုသည်။
တိုက်ပွဲများဖြစ်ပွားနေမှုနှင့် အခြေအနေများကို သိရှိနိုင်ရန် အစိုးရ သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ်များနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့များထံ ဧရာဝတီ က ဆက်သွယ်ခဲ့သော်လည်း ဖြေဆိုချင်း မရှိပေ။

ယခု တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ အစိုးရ စစ်တပ်အာဘော် မြဝတီ အွန်လိုင်း ဝဘ်ဆိုက်တွင်လည်း ဖော်ပြထားသည်ကို မတွေ့ရပေ။

KIO နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ တို့အကြား ယခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့နှင့် မတ် ၁၁၊ ၁၂ နေ့တို့တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးပြီးနောက် ယခုနှစ် ဧပြီလ ၁၀ ရက်နေ့မတိုင်မီ ထပ်မံဆုံတွေ့ကြရန် နှစ်ဘက် သဘော တူထားသည်။

ယခုဖြစ်ပွားနေသော တိုက်ပွဲများကြောင့် အဆိုပါဆွေးနွေးပွဲကို ထိခိုက်စေမည်မဟုတ်ကြောင်း ယင်းသို့တွေ့ဆုံရာတွင် ရှေ့တန်း စစ်မြေပြင်တွင် ဖြစ်ပွားနေသည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးသင့်ကြောင်း ဦးလနန်က ပြောသည်။

“အခုဖြစ်တဲ့ တိုက်ပွဲတွေကလည်း သူတို့ရဲ့ စစ်ရေးလှုပ်ရှားမှု အခြေအနေတွေကနေ ဖြစ်ရတဲ့ တိုက်ပွဲတွေဖြစ်တယ်၊ ဒါကြောင့် ဆွေးနွေးတဲ့အခါမှာ တဆင့်ချင်း တက်လာဖို့ဆိုရင်တော့ အခုရှေ့တန်းမှာ ရှိနေတဲ့ အနေအထားတွေ ဆွေးနွေးဖို့ လိုတယ်”ဟု သူက ဆက်လက် ပြောဆိုသည်။

Loading