သတင်း

ရန်ကုန်တွင် ပဋိပက္ခဖြစ်စေရန် သွေးထိုးလှုံ့ဆော်မှုတချို့ ရှိနေ

This article has been converted from Zawgyi One to Unicode

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်အပါအဝင် မြို့နယ်တချို့တွင် ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားစေရန် ရည်ရွယ်ချက်ဖြင့် လာရောက် သွေးထိုးလှုံ့ဆော်သော ဖြစ်စဉ် တခု ယမန်နေ့ညက ဖြစ်ပွားခဲ့ပြီး ဒေသခံများ အကြား စိုးရိမ် ပူပန်မှုများ ရှိနေကြောင်း သတင်းရရှိသည်။

ယမန်နေ့ ည ၁၁ နာရီဝန်းကျင်မှစတင်ပြီး အစ္စလမ် ဘာသာဝင်အများစုနေထိုင်ရာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ တာမွေမြို့ နယ်ရှိ ရပ်ကွက်တချို့တွင် လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခဖြစ်ပွားစေမည့် အော်ဟစ် ပြောဆိုမှုများကို အမည်မသိ လူအုပ် တစုက မော်တော်ကားများဖြင့် လှည့်လည် လုပ်ဆောင်ခဲ့ပြီး အဆိုပါ လူအုပ်စုတွင် ဓားရှည် ကဲ့သို့သော လက်နက်များ ကိုင်ဆောင်ထားသည်ဟု သိရှိရကြောင်း၊ ဒေသခံ အစ္စလမ်ဘာသာဝင်နှင့် ဗုဒ္ဓဘာသာဝင် များမှာ ယင်းဖြစ်စဉ်များကြောင့် မအိပ်ရဲတော့ဘဲ မိမိတို့၏ လုံခြုံရေး အတွက် ကိုယ်တိုင်တာဝန်ယူ ဆောင်ရွက်ကြသည့် အနေအထားများ ဖြစ်ပေါ်လာကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။

“မနေ့ညက  ဘယ်ကမှန်းမသိတဲ့ လူတစုက ကားတွေနဲ့ အစ္စလမ်ရပ်ကွက်ရှေ့တွေ ရောက်ရင် ဗလီတွေ ဖျက်နေပြီ၊ မီးရှို့နေပြီ။ သတ်နေပြီ ဆိုပြီး အော်တယ်။ ဗမာရပ်ကွက်တွေနား ရောက်ရင်လည်း တမျိုးအော်တယ်။ လူ့အဖွဲ့အစည်း နှစ်ခုကြားမှာ ပြသနာတက်အောင်လုပ် နေတဲ့ပုံစံဖြစ်နေတယ်။ ညသန်းခေါင်ချိန်ကြီးဆိုတော့ အိပ်နေတဲ့ လူတွေက အထိတ်တလန့်နဲ့ လက်နက်တွေ ကိုင်ပြီး ထွက်လာကုန်တယ်။ တော်တော်လေး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တယ်” ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။

ထိုသို့လုပ်ဆောင်မှုများသည် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းလျက်ရှိသော အခြေအနေများကို တမင်ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင် နေခြင်းပြီး ပဋိပက္ခများဖြစ်ပွားစေရန် စနစ်တကျ အကွက်ကျကျ လုပ်ဆောင်ခြင်းဖြစ်သည်ဟု မိမိယူဆကြောင်း၊ ဒေသခံများ၏ လုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ် ချုပ်ရေးယန္တရားများ၊ ရပ်ကွက် ပြည်သူများပူးပေါင်း ဆောင်ရွက်သွားကြမည်ဖြစ်ပြီး အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များကလည်း ပြည်သူများ၏ လုံခြုံရေးတွင် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဒေါ်ဖြူဖြူသင်းက ပြောသည်။

“တမင်တကာကို တည်ငြိမ် အေးချမ်းနေတဲ့အခြေအနေကို ပျက်ပြားအောင်၊ မတည်မငြိမ်ဖြစ်အောင် လုပ်နေတဲ့ သူတွေရှိနေတယ်။ နှစ်ဘက်ကို ယုံကြည်မှုပျက်ပြားအောင် လုပ်ပြီး ပဋိပက္ခဖြစ်အောင်လုပ်တာပဲ” ဟု ဒေါ်ဖြူဖြူသင်းက ဆိုသည်။

၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ကိုသက်ဇော်ကလည်း ယမန်နေ့ညက မင်္ဂလာတောင်ညွန့်တွင် ဖြစ်ပွားသော ရန်စနှင့် သွေးထိုးလှုံ့ဆော်မှုသည် ဒီမိုကရေစီ နိုင်ငံအဖြစ် လျှောက်လှမ်းနေသော မြန်မာနိုင်ငံအတွက် ကြီးမားသော ထောင်ချောက် တခုပင်ဖြစ်ကြောင်း၊ သက်ဆိုင်ရာက ပြည်သူများ၏ လုံခြုံရေးကို အထူးတာဝန်ယူ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောသည်။

“လူတွေကလည်း ကိုယ့်လုံခြုံရေး ကိုယ်စိုးရိမ်တယ်။ အထူးသဖြင့်တော့ မီးကွင်းပစ်မှာကို စိုးရိမ်ကြတာ။ ဒါကြီးက တဘက်နဲ့ တဘက် ပြဿနာတက်အောင် လုပ်နေတဲ့ ထောက်ချောက်ကြီးပဲ။ ကျနော်တို့က သတင်းကြားကြားချင်း ချက်ချင်း သွားကြည့်ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်တယ်” ဟု ကိုသက်ဇော်က ပြောသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် မဆလာစက်အနီးတွင် နေထိုင်သော ဗုဒ္ဓဘာသာဝင် တဦးက ကားများဖြင့် လာရောက် သွေးထိုး သူများကြောင့် ယမန်နေ့ ညက  ရပ်ကွက်ပြည်သူများ အထိတ်တလန့်ဖြစ်ခဲ့ရပြီး ညအချိန်ရောက်မည်ကိုပင် ထိတ်လန့် နေကြသည်ဟု ပြောသည်။

“လူတွေက တုတ်တွေ၊ ဓားတွေနဲ့ ကိုင်ပြီး ထွက်လာကြတယ်။ ရန်သူက ဘယ်မှာလဲ မသိ။ အားလုံးက လန့်နေကြတာ။ ဒီည ဘယ်လိုဆက်ဖြစ်လဲ တွေးပူကြတယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်တွင် ပဋိပက္ခဖြစ်မည်ဆိုသော ကောလာဟလများကြောင့် ယနေ့ မင်္ဂလာဈေးတွင်ရှိသော ဈေးဆိုင်တချို့ ပိတ်သိမ်းသွားပြီး မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်းရှိ ဈေးဆိုင်များလည်း ပိတ်သိမ်းလိုက်ကြကြောင်း၊ သက်ဆိုင်ရာ အာဏာပိုင် များကမူ လုံခြုံရေးအထူးတိုးမြှင့်ထားသဖြင့် စိုးရိမ်မလိုဘဲ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေထိုင်ကြရန် လော်စပီကာ များဖြင့် တိုက်တွန်းနှိုးဆော်မှုများ ပြုလုပ်ခဲ့ကြသည်။

မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်းရှိ ရပ်ကွက်တိုင်းတွင် ရဲလုံခြုံရေးဝန်ထမ်းများ အပြည့်အဝချထားကြောင်း၊ ယခုဖြစ်စဉ်များ မှာ ကောလဟလများသာ ဖြစ်ပြီး ရဲစခန်းတွင် မည်သူတဦးတယောက် ကိုမျှ ဖမ်းဆီးအရေးယူထာခြင်း မရှိကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်မှူး ဒုရဲအုပ် မင်းမင်းအောင်က ပြောသည်။

နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူးဦးဇော်ဌေးနှင့် လုံခြုံရေးတာဝန်ရှိသူများကမူ လုံခြုံရေးအတွက် ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ပြီး ပဋိပက္ခဖြစ်ပွားသည်ဆိုသော ကောလာဟလများကို မယုံကြည်ကြရန် ပြောဆို နေကြသည်။

မိတီ္ထလာမြို့တွင် ရွှေဆိုင်တွင်း အရောင်းအဝယ်မှ စတင်ခဲ့သော အုပ်စုဖွဲ့ အကြမ်းဖက်၊ မီးရှို့၊ လူသတ် ပဋိပက္ခကြောင့် လူ ၃၂ ဦး သေဆုံးခဲ့ပြီး လူဦးရေ တသောင်းနီးပါး ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံလျက်ရှိသည်။

ဧရာဝတီသတင်းထောက် ထက်နိုင်ဇော် ပူးပေါင်းရေးသားသည်။

Loading