မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့နှင့် အနီးတဝိုက် မြို့နယ် ၃ မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက် မီးရှို့မှုများတွင် ပါဝင်ခဲ့သူဟု ယူဆရသည့် လူ ၄၀ ကို ဖမ်းဆီးထိန်းသိမ်းထားပြီ ဖြစ်ကြောင်း သိရသည်။
မတ်လ ၂၀ရက်နေ့ ညနေပိုင်းစတင်ကာ မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက် မီးရှို့မှုတွင် ပါဝင်ခဲ့သူဟု ယူဆရသူ ၁၃ ဦး၊ လယ်ဝေးမြို့ ရုံးပင်ရွာ၌ ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက် မီးရှို့မှုတွင် ပါဝင်ခဲ့သူဟု ယူဆရသူ ၁၀ ဦးနှင့် ရမည်းသင်း မြို့နယ် ရွာတန်းကျေးရွာနှင့် ရွှေဒါးသာစည် ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက် မီးရှို့မှုတွင် ပါဝင်ခဲ့သူဟု ယူဆရသူ ၁၇ ဦး စုစုပေါင်း လူဦးရေ ၄၀ ကို ဖမ်းဆီးထားပြီး ၎င်းတို့ကို ဖြစ်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၇ (လူကိုနာကျင်အောင်လုပ်ပြီး ခြောက်လှန့် တောင်းခံမှု)၊ ပုဒ်မ ၃၉၂ တပါးသူ ပစ္စည်းကို လုယက်မှု)၊ ပုဒ်မ ၄၄၇ (တပါးသူများအိမ်ကို ကျူးကျော်မှု) နှင့် ပုဒ်မ ၄၂၇ (အကျိုးဖျက်ဆီးမှု) တို့ဖြင့် အမှုဖွင့်ထားပြီး ကျန်ရှိနေသည်များကို စုံစမ်းစစ်ဆေးနေကြောင်း မန္တလေးတိုင်း သတင်းနှင့် ပြန်ကြားရေး ဆပ်ကော်မတီ တာဝန်ခံက ပြောသည်။
ပုဒ်မ ၃၂၇ (လူကိုနာကျင်အောင်လုပ်ပြီး ခြောက်လှန့်တောင်းခံမှု) သည် ထောင်ဒဏ် ၁၀ နှစ်ချနိုင်ပြီး အာမခံမရရှိနိုင် သော်လည်း ဥပဒေကြောင်းအရ အခင်းဖြစ်ပွားသည့် ကိစ္စရပ်တခုတွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ ခုထက် ပိုမို အမှုဖွင့် အရေးယူ၍ မရကြောင်း ဥပဒေ ကျွမ်းကျင်နားလည်သူ ဦးမြင့်သွင်က ဆိုသည်။
မတ်လ ၂၂ ရက်နေ့က တုတ်၊ ဓားလက်နက် ကိုင်ဆောင်သွားလာခဲ့သူ ၅၂ ဦးကို ဝန်ခံချက်ဖြင့် မိတ္ထီလာမြို့နယ် မြို့မရဲစခန်းမှ ပြန်လည်လွှတ်ပေး ခဲ့သည်ဟုလည်း မန္တတိုင်းဒေသကြီး အစိုးရ သတင်းနှင့် ပြန်ကြားရေး ဆပ်ကော်မတီမှ သိရသည်။
မတ်လ ၂၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော မိတ္ထီလာ ဆူပူအကြမ်းဖက်မှုတွင် ရပ်ကွက် ၁၂ ခုရှိ လူနေအိမ် တိုက်တာ ၂၀၆ လုံး၊ ပျဉ်ထောင်မိုး၊ ကပ်ကာ ၆၆၄ လုံး၊ တဲ ၁၉၄ လုံး၊ ဘာသာရေး အဆောက်အုံ ဗလီ ၁၀ ခု၊ အစ္စလမ် ဘာသာရေးကျောင်း ၅ ခုနှင့် ဆိုင်ခန်း ၃၆ ခန်း ပျက်စီးသွားခဲ့ပြီး ပဋိပက္ခ အတွင်း သေဆုံးသူများမှာ ၃၆ ဦး ရှိကာ ဒဏ်ရာရရှိသူ ၅၂ ဦးရှိကြောင်း၊ ကယ်ဆယ်ရေး စခန်း ၅ ခုတွင် ဘာသာပေါင်းစုံမှ ဒုက္ခသည် ၉၉၇၉ ဦး ရှိကြောင်း မန္တလေး သတင်းနှင့် ပြန်ကြားရေး ဆပ်ကော်မတီက သတင်းထုတ်ပြန် ထားသည်။
မိတ္ထီလာ အဓိကရုဏ်းကြောင့် ပျက်စီးသွားသည့် လူနေအိမ်များကို ပြန်လည် ဆောက်လုပ်ပေးသွားမည် ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဧရာဝတီ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။
“အစိုးရအနေနဲ့ ပြဿနာ ထပ်မဖြစ်အောင် ထိန်းမယ်။ စားရေးသောက်ရေး စီစဉ်ပေးရမယ်။ အဆောက်ဦးတွေနဲ့ နေစရာတွေ ပြန်ဆောက် ပေးရမယ်၊ နေရာ ချထားပေးရမှာပေါ့။ နဂို အနေထားဖြစ်အောင် ပြန်လုပ်ပေးရမှာ” ဟု သူက ပြောကြားခဲ့သည်။
မတ်လ ၂၄ ရက်နေ့က ဝန်ကြီး ဦးအောင်မင်းနှင့်အတူ မြန်မာနိုင်ငံတွင် ရောက်ရှိနေသော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီးယား၊ ဓမ္မဒူတ ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ၊ ကာကွယ်ရေးဝန်ကြီး ဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးတို့သည် မိတ္ထီလာမြို့ အခြေနေနှင့် ကယ်ဆယ်ရေးစခန်း အခြေနေများကို သွားရောက် လေ့လာခဲ့သည်။
မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက စတင်ဖြစ်ပွားခဲ့သည့် ရွှေအရောင်းဝယ် မှားယွင်းမှုကိစ္စမှ အစပြုကာ ခိုက်ရန် ဖြစ်ခဲ့သည်ပြီး ယင်းနေ့မှာပင် ဘုန်းကြီးတပါး ပျံလွန်တော်မူခဲ့သည့် အပေါ် ကြီးမားသော ခိုက်ရန်ဖြစ်ပွားမှုကြီး ဖြစ်ခဲ့ပြီး အဓိကရုဏ်းအသွင် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
မတ်လ ၂၂ ရက်နေ့အထိ ရဲများ အခြေနေကို ထိန်းသိမ်းနေသော်လည်း ထိန်းသိမ်းထားနိုင်ခြင်း မရှိသည့်အတွက် ယင်းနေ့ စတင်ကာ သမ္မတ အမိန့်နှင့် တပ်မတော်၏ အကူညီကို ရယူရန်အတွက် အရေးပေါ် အခြေနေ ကြေညာခဲ့သည်။
မိတီ္ထလာခရိုင် အတွင်းရှိ မိတီ္ထလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ သာစည်မြို့နယ်၊ မလှိုင်မြို့နယ်များတွင် ဆူပူအကြမ်းဖက် မှုများ ပိုမို များပြား ကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံး ပုဒ်မ ၁၄၄ ထုတ်ပြန်ဆောင်ရွက်ရုံဖြင့် အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ငန်းများ ထိရောင်စေရေးအတွက် ဆောင်ရွက်နိုင်စွမ်း မရှိတော့ကြောင်း၊ ပြည်သူများ၏ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းစွာ နေနိုင်ရေးတို့ အတွက် အရေးပေါ်အခြေအနေ ကြေညာရခြင်းဖြစ်ပြီး တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက် ရမည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်၏ အမိန့်ညွှန်ကြားချက်တွင် ဖော်ပြထားသည်။
“လူတွေက ပုဒ်မ ၁၄၄ ထုတ်ပြန်တာကိုတောင် လက်မခံဘူး။ နောက်တော့ အရေးပေါ် အမိန့် ထုတ်ပြန်ရတယ်။ ပုဒ် ၁၄၄ က ရဲနဲ့ ပြီးတယ်။ အရေးပေါ် အမိန့်ကတော့ တပ်နဲ့ ထိန်းတာပေါ့။ တပ်ဝင်လာတော့ အားလုံးက ငြိမ်သွားတယ်။ အပ်ကျသံတောင်
မကြားရတော့ဘူး။ တပ်ကို လိုအပ်တဲ့အချိန်အထိ ဆက်ထားမှာပါ” ဟု သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။
တပ်မတော်မှ ဝင်ရောက် တာဝန်ယူမှုနှင့် ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးကလည်း
“မြို့အနေနဲ့ အေးချမ်းသွားတယ်ဆိုရင် တပ်က သူ့အလိုလို ရုပ်သိမ်း ပေးသွားမှာပါ။ အခုတော့ တပ်မ ရောက်လာတဲ့အတွက် တပ်ရင်းက တခြားနေရာကို တာဝန်ယူတယ်။ တပ်မ စရက ၄ တာဝန်ယူထားတယ်။ တပ်အင်အား ဘယ်လောက် ရှိတယ်ဆိုတာတော့ ပြောလို့မရပါဘူး” ဟု ဧရာဝတီ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။
တပ်မတော် တာဝန်ယူချိန်မှ စတင်ကာ မိတ္ထီလာမြို့သည် တည်ငြိမ်အေးချမ်းသွားပြီ ဖြစ်ပြီး ရောင်းဝယ်မှုများ ပြန်လည် စတင်နေပြီ ဖြစ်သည်။
မိတီ္ထလာမြို့ အခြေနေနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသို့ လာရောက်လေ့လာခဲ့သော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီးယားက “အရမ်း ဝမ်းနည်းစရာကောင်းပါတယ်။ အခုလို လူမျိုးစုံ အကြာကြီး နေထိုင်ပြီးမှ ဒီလိုမျိုးတွေ ဖြစ်ခဲ့ရတဲ့အပေါ် စိတ်မကောင်း ဖြစ်မိပါတယ်။ နောက်ပြီး အိုးအိမ်ဆုံးရှုံးသွားတဲ့လူတွေကို ကျွန်တော်တို့ တွေ့ပြီး စကားပြောခဲ့ရပါတယ်။ သူတို့ရဲ့ စိတ်ထဲမှာ ကြောက်ရွံ့မှုတွေ၊ စိုးထိတ်မှုတွေ ရှိနေပေမယ့် သူတို့ရဲ့ မျက်လုံးထဲမှာ အမုန်းတရားတွေ ရှိမနေတာကို ကျနော်တို့ တွေ့ခဲ့ရပါတယ်။ အကြမ်းဖက်မှု တွေကိုတော့ အစိုးရက အရေးယူသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
မစ္စတာ ဗီဂျေ နမ်ဘီယားသည် မတ်လ ၂၄ ရက်နေ့က မိတ္ထီလာမြို့သို့ ရောက်ရှိကာ မိတ္ထီလာမြို့ အပျက်စီးများကို
သွားရောက်ကြည့်ရှု လေ့လာခဲ့ပြီး မိတ္ထီလာ ခရိုင် အားကစားကွင်း၊ အထက ၁၊ ပညာရေး ကောလိပ်နှင့် သာသနာ့ ဝေပုလ္လပါဠိ တက္ကသိုလ်တို့အတွင်း ခိုနားနေသော ဒုက္ခသည် ၉၀၀၀ ကျော်တို့ကို ကြည့်ရှု အားပေးခဲ့သည်။
“ဒုက္ခသည်စခန်းမှာ ရှိတဲ့ ကလေးငယ်တွေရဲ့ အနာဂတ်ကို ကျနော်တို့ အများကြီး ကြည့်ဖို့ လိုပါတယ်။ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ အဖွဲ့စည်းနှစ်ခု ပေါင်းပြီး ဒီဒုက္ခတွေကို ကျော်လွှားနိုင်ဖို့ ကြိုးစားတာတွေကို မြင်တွေ့ရတဲ့အတွက် အများကြီး ဝမ်းသာမိပါတယ်။ ဒီတိုင်းပြည်မှာ ရှိတဲ့ ဘာသာပေါင်းစုံက ဘုန်းတော်ကြီးတွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေက
ဒီပြဿနာ ဖြစ်နေတဲ့နေရာကို အမြန်လာရောက်ပြီး ဒီပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်အောင် ဝိုင်းဝန်း လုပ်ဆောင်နေတာ တွေကို တွေ့တော့ အများကြီး အားတက်မိပါတယ်” ဟု သူ၏ လေ့လာမှု အပြီး မီဒီယာများကို ပြောကြားခဲ့သည်။
မန္တလေးတိုင်း ရမည်းသင်းမြို့နယ် အတွင်းရှိ ရွာတန်းရွာတွင်လည်း မတ်လ ၂၃ ရက်နေ့ ည ၈ နာရီခွဲခန့်က လူနတဲအိမ် ၅၀ ကျော်နှင့် ဘာသာရေး အဆောက်အုံ တခု မီးလောင်ပျက်စီးခဲ့သေးကြောင်း သိရသော်လည်း မည်သည့် အခြေခံ အဖြစ်အပျက်ကြောင့် စတင်ခဲ့ရသည်ကိုမူ စုံစမ်း၍ မရသေးပေ။