ပဲခူးတိုင်း အနောက်ခြမ်း ကြို့ပင်ကောက်နှင့် အုတ်ဖိုမြို့များတွင် အစ္စလမ် ဘာသာဝင်များ၏ ဗလီ၊ အိမ်နှင့် ဈေးဆိုင်များ ယမန်နေ့ည ၉ နာရီခွဲခန့်က တပြိုင်တည်း ဖျက်ဆီးခံရကြောင်း သတင်းရရှိသည်။
ကြို့ပင်ကောက်မြို့ ကြို့ပင်သာရပ်ကွက်ရှိ မွတ်စလင်ပိုင် ဈေးဆိုင်ကို စတင်ဖျက်စီးရာမှ လူစုမိသွားပြီး ပြည်-ရန်ကုန် လမ်းဆုံရှိ ဈေးဆိုင်ခန်းများ ဖျက်ဆီးခံရခြင်း ဖြစ်ကြောင်း၊ ဈေးဆိုင်နှင့် နေအိမ် ၃၆ လုံးခန့်၊ ကားနှစ်စီး ပျက်စီးသွားကြောင်း၊ ပုဂ္ဂလိကသစ် ထုတ်လုပ်ငန်းမှ သစ်သယ်ရွှေ့သည့် ယန္တရားစက်ကို အဆိုပါ လူစုက ယူဆောင် အသုံးပြုပြီး ဗလီတလုံးကိုလည်း ဖြိုဖျက်ကြောင်း ဒေသခံများက ဆိုသည်။
ကြို့ပင်ကောက်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဦးမောင်ဦးက“ဖျက်ဆီးတဲ့အထဲမှာ ကျနော်တို့မြို့က မဟုတ်တဲ့ သံဃာတွေပါတယ်။ ဘူဒိုဇာကို ကျွမ်းကျွမ်းကျင်ကျင် မောင်းတယ်၊ ဗလီကို သေသေသပ်သပ်ဖြိုတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီများနှင့် ဘာသာရေး ခေါင်းဆောင်များက အစည်းအဝေးများ ခေါ်ယူကာ မင်းမဲ့စရိုက်ဆန်သည့် လုပ်ရပ်များ မပြုလုပ်ရန် တားဆီးနေသည့်ကြားမှ ယခုကဲ့သို့ လုပ်ဆောင်ကြခြင်း ဖြစ်ပြီး လုံခြုံရေး တာဝန်ယူသူ ရဲများ၏ ရှေ့တွင် ဖျက်ဆီးသွားခြင်း ဖြစ်ကြောင်း၊ ဗလီအတွင်း တည်းခိုနေသည့် ရန်ကုန်မြို့နေ မျက်မှန်ရောင်းဝယ်သူ ကိုကျော်စိုးမိုး ဓားဖြင့် အခုတ်ခံရသည့်အတွက် ကြိုပင်ကောက်မြို့နယ် ဆေးရုံတွင် ကုသထားကြောင်း ၎င်းက ဆက်ပြောသည်။
အလားတူ အုတ်ဖိုမြို့တွင်လည်း အစ္စလမ် ဘာသာဝင်များ၏ ဗလီနှင့် နေအိမ်အချို့ ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။
ဇီးကုန်းမြို့ရှိ အစ္စလမ် ဘာသာဝင်တဦးက ယခင် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများအတွင်း အိုးအိမ် ပစ္စည်းဥစ္စာများ ဖျက်ဆီးခြင်း ခံခဲ့ရသည်ကို ကြုံတွေ့ဖူးသော်လည်း ယခု အဖြစ်အပျက်များမှာ အသက်အန္တရာယ်ကို ထိခိုက်သည်အထိ တိုက်ခိုက်မှုများ ဖြစ်လာသည့်အတွက် အခြေအနေမှာ စိုးရိမ်စရာကောင်းကြောင်း ပြောသည်။
“လုံခြုံရေး ရှိပါတယ် ဆိုပေမယ့် လူသတ်တဲ့အဆင့်ဆိုတော့ မလုံခြုံတော့ဘူးလို့ ခံစားလာရတယ်။ ညညလည်း ရွှေ့ပြောင်း အိပ်နေရတော့ ကောင်းကောင်း မအိပ်ရဘူး ဖြစ်နေကြတယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ပဲခူးတိုင်းအတွင်းရှိ အိုးသည်ကုန်း မြို့နယ်တွင်လည်း ဗလီများနှင့် လူနေအိမ်ခြေများကို တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သေးကြောင်း သိရသည်။
လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ မကြာခဏ ဖြစ်ပွားခဲ့ဖူးသည့် ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပြည်၊ သာယာဝတီ ခရိုင်များရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဝင်များ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် ကျောင်းသားများက မိမိတို့ မြို့ရွာများအတွင်း ဆူပူမှုများ မဖြစ်ပေါ်စေရန် အသိပညာပေး စည်းရုံးလှုပ်ရှားမှုများ ပြုလုပ်နေသည်ဟု သိရှိရသည်။
လက်ပံတန်းမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းက “ကျနော်တို့နယ်မှာလည်း ဖျက်ဆီးမယ်ဆိုတဲ့ ကောလာဟလ ထွက်နေတယ်။ ကောလာဟလ ဆိုပေမယ့် မှန်နေသလို ဖြစ်နေတော့ အစီအစဉ်ရှိရှိနဲ့ လုပ်နေတယ်လို့ ထင်တယ်” ဟု ဆိုသည်။
ယခုအခါ ဒေသခံ ခြေလျင်တပ်ရင်း (ခလရ ၃၅) က လက်ပံတန်းမြို့နယ် လုံခြုံရေးအတွက် မြို့ခံများနှင့် ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း ဦးကျော်မင်းက ဆက်ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့မှ စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် အရေးပေါ် အခြေအနေ ကြေညာပြီးသည့်နောက်ပိုင်း ငြိမ်သက်သွားသော်လည်း ယခုအခါ မန္တလေးတိုင်းအတွင်းရှိ တပ်ကုန်း၊ ပဲခူးတိုင်း အနောက်ခြမ်းရှိ မြို့များသို့ ကူးစက်လာခြင်း ဖြစ်သည်။
ရန်ကုန်မြို့အတွင်းရှိ အစ္စလမ် ဘာသာဝင်များ အများဆုံးနေထိုင်ရာ မင်္ဂလာတောင်ညွန့် မြို့နယ်တွင်လည်း ယမန်နေ့ညက ဆူပူလိုသူများ တိုက်ခိုက် ဖျက်ဆီးမည်ဆိုသည့် ကောလာဟလ သတင်းများ ထွက်ပေါ်လာသည့်အတွက် ရန်ကုန် အနောက်ပိုင်း ခရိုင်အတွင်း ဖွင့်လှစ်ထားသည့် ဈေးဆိုင်များကို ည ၉နာရီတွင် ပိတ်ရန် ညွန်ကြားချက်များ ထုတ်ပြန်ထားသည်။
မတ်လ ၂၀ရက်နေ့ ညနေပိုင်းတွင် စတင်ကာ မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက် မီးရှို့မှုတွင် ပါဝင်ခဲ့သူဟု ယူဆရသူ ၁၃ ဦး၊ လယ်ဝေးမြို့ ရုံးပင်ရွာ၌ ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက် မီးရှို့မှုတွင် ပါဝင်ခဲ့သူဟု ယူဆရသူ ၁၀ ဦးနှင့် ရမည်းသင်း မြို့နယ် ရွာတန်းကျေးရွာနှင့် ရွှေဒါးသာစည် ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက် မီးရှို့မှုတွင် ပါဝင်ခဲ့သူဟု ယူဆရသူ ၁၇ ဦး စုစုပေါင်း လူဦးရေ ၄၀ ကို ဖမ်းဆီးထားကြောင်း သိရသည်။
သုံးရက်ကြာ ဖြစ်ပွားခဲ့သည့် မိတ္ထီလာမြို့ အဓိကရုဏ်းအတွင်း လူပေါင်း ၃၂ ဦး အသက်ဆုံးရှုံးပြီး လူပေါင်း ၂ သောင်းခန့် အိုးအိမ်မဲ့ ဖြစ်ခဲ့ရကြောင်း သိရသည်။