သတင်း

တနိုင်ငံလုံးဆိုင်ရာ ပညာရေးမူဝါဒ ပြုပြင်ပြောင်းလဲရေး ဆွေးနွေးမည်

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေး မူဝါဒ ပြုပြင်ပြောင်းလဲရေးအတွက် ဆွေးနွေးပွဲတခုကို ယခုနှစ် ဇွန်လဆန်းတွင် ရန်ကုန်မြို့၌  ကျင်းပနိုင်ရန် ဒေသအလိုက် ကော်မတီများ စတင်ဖွဲ့စည်း ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ပညာရေးမူဝါဒ ပြုပြင်ပြောင်းလဲရေးအတွက် အဓိက အနေဖြင့် ဆရာ၊ ဆရာမများ၏ အရည်အသွေးများ ကို မြှင့်တင်ရန်နှင့် သင်ကြားမှု နည်းစနစ်ကို ပြောင်းလဲရန် လိုအပ်ကြောင်း Thinking Classroom Foundation မှ ဆရာမ အစိုင်းက လားရှိုးမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှု ခန်းမတွင် ကျင်းပသည့် အဆိုပါ ပညာရေးမူဝါဒ ပြုပြင်ပြောင်းလဲရေး ကော်မတီဖွဲ့စည်းသည့် အခမ်းအနားတွင် ဧရာဝတီသို့ ပြောကြား ခဲ့သည်။

ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း အစရှိသည့် တိုင်းရင်းသားဒေသများ၊ အထက်မြန်မာပြည်၊ မြေလတ်၊ အောက်မြန်မာပြည်၊ မြစ်ဝကျွန်းပေါ်၊ တနင်္သာရီ အစရှိသည့် ဒေသ အသီးသီးတွင် ပညာရေးမူဝါဒ ပြုပြင်ပြောင်းလဲရေး ကော်မတီများ အသီးသီး ဖွဲ့စည်းပြီးနောက်တွင် ဇွန်လ၌ ရန်ကုန်တွင် ဆွေးနွေး ညှိနှိုင်းသွားရန်ရှိကြောင်း သိရသည်။

“နိုင်ငံတနိုင်ငံ ပြုပြင်ပြောင်းလဲချိန်မှာ ပညာရေးက မဖြစ်မနေ ပြုပြင်ဖို့ လိုအပ်ပါတယ်။ အခုဆိုရင် ကျောင်းသားတွေ၊ ဆရာတွေရဲ့ အရည်အသွေးက သူများနိုင်ငံနဲ့ယှဉ်ရင် အရမ်းကို ကျဆင်းနေပါတယ်။ ပညာရေးအတွက်သုံးစွဲတဲ့ ဘတ်ဂျက်ကလည်း အရမ်းနည်းတယ်” ဟု ဆရာမ အစိုင်းက ပြောသည်။

ပညာရေးပြုပြင်ပြောင်းလဲမှုကို လျင်မြန်စွာ လုပ်ဆောင်သင့်ကြောင်း၊ ယခုကော်မတီဖွဲ့ရာတွင် ၅၀ ရာခိုင်နှုန်းခန့် အောင်မြင်မှု ရရှိနေကြောင်း၊ လက်ရှိအခြေအနေတွင် ကျောင်းဆရာ၊ ဆရာမများကို သင်တန်းများပေးနေကြောင်း၊ သူများနိုင်ငံနှင့် တန်းတူ ရင်ဘောင်တန်းနိုင်စေရန် သွားရမည့် အခြေအနေဖြစ်နေသဖြင့် ပညာရေးကို ပိုမိုတိုးမြှင့် လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်း က ရှင်းပြသည်။

“ပညာရေးမူဝါဒ ပြုပြင်ပြောင်းလဲတဲ့နေရာမှာ သင်ရိုးညွှန်းတမ်းကို ပြုပြင်ဖို့ဆိုတာ မလွယ်ဘူး။ ဒါကြောင့် သင်နည်းကိုပဲ ဆရာတွေက ပြောင်းမယ်ဆိုရင် ပိုကောင်းတယ်။ ဆရာတွေအနေနဲ့ သူတို့ရဲ့ သင်ကြားနည်းကို အရင်ဆုံး ပြုပြင်ဖို့ လိုအပ်ပါတယ်” ဟု လားရှိုးမြို့ရှိ အဆိုပါ ကော်မတီ၏ ဆွေးနွေးပွဲကို တက်ရောက်လာသည့် တောင်ကြီး တက္ကသိုလ် ပထဝီဝင်ဌာနမှ ပါမောက္ခ ဌာနမှူး (အငြိမ်းစား) ဒေါ်နန်းဗိုခမ်းက ဧရာဝတီသို့ ပြောသည်။

ကျောင်းသားများအား သင်ခန်းစာကို နားလည်အောင်မရှင်းပြဘဲ အလွတ်ကျက်ရန်စေခိုင်းပြီး ဆရာ ဗဟိုပြုစနစ်ဖြင့် သင်ကြားခဲ့သည့် အတွက် ကျောင်းသားများ၏ ပညာရေးအရည်အချင်း ကျဆင်းလာခြင်းဖြစ်ကြောင်းနှင့် ကျောင်းသား ဗဟိုပြု စနစ်ဖြင့် ကျောင်းသားများကို နားလည်လာအောင်ရှင်းပြပြီး သင်ကြားရန် ပညာရေးဝန်ကြီးဌာနက ပြုလုပ်နေကြောင်း၊ ထိုသို့ပြောင်းလဲမှုများ ရှိလာမည်ဆိုပါက မြန်မာ့ပညာရေးသည် တိုးတက်လာနိုင်ကြောင်း ၎င်းက ဆိုသည်။

ဆက်လက်ပြီး ဒေါ်နန်းဗိုခမ်းက “ပညာရေး ဝန်ကြီးကတော့ တက္ကသိုလ်က တိုင်းရင်းသားဆရာတွေ ကိုခေါ်ပြီး မူလတန်း မြန်မာဖတ်စာကို တိုင်းရင်းသား ဘာသာပြန်ခိုင်းပြီး သင်ဖို့လုပ်သေးတယ်။ အဲဒီဟာ လုံး၀ မဖြစ်နိုင်ဘူး။ ဒါကြောင့် တိုင်းရင်းသားတွေ အရင်က သင်နေတဲ့ စာအုပ်ကိုပဲ ဝန်ကြီးဌာနကို တင်ပြထားတယ်။ ကျောင်းပြင်ပမှာ သင်ရမယ် ဆိုရင်လည်း ကျောင်းသားတွေ အခက်အခဲ ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။

ပညာရေး မူဝါဒ ပြုပြင်ပြောင်းလဲဆိုင်ရာ တနိုင်ငံလုံးကွန်ယက် (NNER) ၏ ပထမအကြိမ် ဆွေးနွေးချက်ကို လွှတ်တော်မှ ထောက်ခံထားပြီး လွှတ်တော်ပညာရေး မြှင့်တင်မှုကော်မတီနှင့် ဆွေးနွေးရန်လည်း အစီအစဉ်ရှိကြောင်း၊ မူဝါဒ ပြောင်းလဲမှုတွင် သင်ကြားရေးနှင့် သင်ယူမှု အခန်းကဏ္ဍ အားလုံး ပါဝင်ကြောင်း၊ ပညာရေး ဘတ်ဂျက်ကို တိုးမြှင့်ပေးသင့်ကာ ပညာရေးဝန်ထမ်းများ ကိုလည်း လစာပိုတိုးမြှင့်ပေးသင့်ကြောင်း အဆိုပါ ကော်မတီတွင် ပါဝင်သည့် ၈၈ မျိုးဆက် ကျောင်းသားတဦးဖြစ်သူ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုရဲဝင်းက ရှင်းပြသည်။

“ကျနော်က မသန်စွမ်းတဲ့ လူတယောက်ဆိုတော့ ပုဂ္ဂိုလ်ရေးအရ ပညာရေးမူဝါဒမှာ ပြည်နယ်နဲ့ တိုင်းတခုချင်းစီ အတွက် မသန်စွမ်း တကျောင်းဖွင့်ပေးဖို့ ဖြစ်စေချင်ပါတယ်။ မူဝါဒ ပြောင်းလဲမှုအတွက် ဆွေးနွေးပွဲတရပ် အမြန်ဖြစ်လာဖို့ စည်းရုံး လှုံ့ဆော်နေပါတယ်” ဟု ၎င်းက ပြောသည်။

နိုင်ငံတော်၏ ပြောင်းလဲလာသည့် မူဝါဒ အရ ယခုအခါ ခရိုင်ဒေသ အားလုံးတွင် ပညာရေး၊ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးမှုအတွက် ဒေသတွင်း ကိုယ်နည်းကိုယ့်ဟန်ဖြင့် လုပ်ဆောင်သွားရန် ရှိကြောင်း၊ ပုဂ္ဂလိကများနှင့် ချိတ်ဆက် လုပ်သွားခွင့်လည်း ပြုထားကြောင်း၊ လားရှိုးမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ပြည်ပ တက္ကသိုလ်များနှင့် ချိတ်ဆက်ကာ နိုင်ငံတကာ သင်ရိုးညွှန်းတမ်းများကိုလည်း ထည့်သွင်း သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သတ်၍ နိုင်ငံတကာပညာရေး အတိုင်ပင်ခံ ဖြစ်သူ လားရှိုးမြို့ အမှတ် ၄ အထက်တန်းကျောင်းမှ ဆရာ ဦးဗိုလ်ဗိုလ်အောင်က “ပြည်ပ သင်ရိုးညွှန်းတမ်းကို စင်ကာပူနိုင်ငံက ရေးဆွဲပေးတာပါ။ ဒီနှစ်တော့ ၅ တန်းမှာပဲစသင်မှာပါ။ ဒီသင်ရိုးညွှန်းတမ်းကို သင်ရင်တော့ ကလေးတွေ အလွတ်ကျက်တာ ပျောက်သွားမယ်။ ဆရာတွေလည်း အရည်အသွေး မြင့်လာမယ်။ ပြည်တွင်းဆရာတွေပဲ သင်ကြားမှာပါ” ဟု ပြောသည်။

ထိုသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားရန်အတွက် ဆရာ၊ ဆရာမများကို ပြည်ပ ဆရာများဖြင့် သင်တန်းပေးနေကြောင်း၊ ယခုနှစ်တွင် ၅ တန်း တတန်းတွင်သာ ထည့်သွင်းသင်ကြားပြီး နောက်နှစ်တွင် အတန်းအလိုက် ထည့်သွင်း သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အလွတ်ကျက် ပညာရေးစနစ်ကို နှစ်ပေါင်း ၅၀ ခန့် အသုံးပြုခဲ့ပြီး ယင်းစနစ်ကြောင့် တိုင်းပြည် အကျိုးမရှိ ဖြစ်ခဲ့ရကြောင်း၊ တိုင်းပြည်သည် စနစ်ကြောင့် ဆင်းရဲခဲ့ရခြင်းဖြစ်ပြီး နိုင်ငံပြန်လည် ထူထောင်ရေး အတွက် ပြည်သူများ ပညာတတ်ရန် အရေးကြီးကြောင်း၊ မှန်ကန်သော ပညာရေး စနစ်ရှိမှသာလျှင် တိုင်းပြည် အနာဂတ် စိတ်ချရမည်ဖြစ်ကြောင်း ရန်ကုန် ပြည်သူ့ရင်ပြင်တွင်ကျင်းပသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပညာရေးကွန်ရက် ၂ နှစ်ပြည့် အခမဲ့ ပညာဒါန ကျောင်းများ ရန်ပုံငွေရှာဖွေရေး ဂီတ ပွဲတော် ဖွင့်ပွဲတွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပြောဆိုခဲ့သည်။

Loading