လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် အထောက်အပံ့များ ပေးနေသည့် Japan Platform အဖွဲ့သည် ကရင်ပြည်နယ် ပြန်လည် ထူထောင်ရေး စီမံကိန်းများအတွက် အမေရိကန် ဒေါ်လာ ၁၁ သန်း ကူညီထောက်ပံ့မည်ဟု သိရသည်။
အမေရိကန် ဒေါ်လာ ၁၁ သန်း ထောက်ပံ့ပေးမည့် အစီအစဉ်၌ ကရင်ပြည်နယ် အတွင်း ပြန်လည် နေရာချထားရေးနှင့် ပုံမှန် လူနေမှုဘ၀ ပြန်လည် ရောက်ရှိရေးတို့ကို အဓိကထား၍ ဆောင်ရွက်ရန် ပါဝင်ကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) မှ ဦးလှမောင်ရွှေက ဧရာဝတီသို့ ပြောသည်။
ကရင်ပြည်နယ် အတွက် အသုံးပြုမည့်ငွေများကို ဂျပန် နိုင်ငံရှိ အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) ၁၁ ဖွဲ့ဖြင့် လက်တွဲလုပ် ဆောင်သွားမည်ဖြစ်ကြောင်း၊ Japan Platform အဖွဲ့အား ဂျပန်အစိုးရမှ ထောက်ပံ့ ကူညီမှုများ ပေးထားကြောင်း သိရှိရသည်။
Japan Platform အဖွဲ့ ကရင်ပြည်နယ်တွင် ပြုလုပ်သွားမည့် စီမံကိန်းများအတွက် အမေရိကန် ဒေါ်လာ ၁၁ သန်းကို ၃ နှစ် အတွင်း သက်ဆိုင်ရာ ဂျပန် NGO များသို့ တိုက်ရိုက်ပေးသွားမည် ဖြစ်ကြောင်း ဂျပန်သံရုံးနှင့် MPC တို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၁၃ ခုနှစ် ဧပြီလဆန်း ၁ ရက်နေ့မှ စတင်၍ ၂၀၁၆ မတ်လ ၃၁ ရက်နေ့အထိ ၃ နှစ် အတွင်း အကောင်အထည် ဖော်ဆောင်ရန် စီစဉ်ထားပြီး အသေးစိတ် ညှိနှိုင်းရန် လိုသေးကြောင်း ဦးလှမောင်ရွှေက ဆိုသည်။
“ကရင်ပြည်နယ် အတွင်းမှာ လုပ်မှာ ဖြစ်တဲ့အတွက် သူတို့နဲ့ ညှိနှိုင်းပြီး လုပ်မှာ။ ဒါပေမယ့် ပိုက်ဆံက အစိုးရကို မပေးဘူး၊ ကရင်ပြည်နယ် အစိုးရကိုလည်း မပေးဘူး။ သူတို့ အဖွဲ့အစည်းကပဲ သင့်တော်တဲ့ မဟာမိတ် အဖွဲ့အစည်းတွေနဲ့ လုပ်မှာ” ဟု ဦးလှမောင်ရွှေက ဆက်ပြောသည်။
ထောက်ပံ့ရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ MPC ဥက္ကဌ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းနှင့် Japan Platform အဖွဲ့မှ ကိုယ်စားလှယ် မစ္စ ကဲအိကို ကီယာမ (Ms. Keiko Kiyama) တို့က နားလည်မှု စာချွန်လွှာ (MOU) ကို ယမန်နေ့တွင် လက်မှတ် ရေးထိုးကြသည်။
မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုနှင့် တည်ငြိမ်းအေးချမ်းရေး အတွက် ကြိုးပမ်းမှု၊ တိုင်းရင်းသား လူမျိုးများ၏ လူနေမှုဘ၀ ဖွံ့ဖြိုးရေးတို့ကို ဂျပန်နိုင်ငံ အစိုးရအနေနှင့် လွန်စွာ အလေးထားကြောင်းလည်း Japan Platform အဖွဲ့က ဆိုသည်။
ဝန်ကြီး ဦးအောင်မင်းကလည်း အလှူရှင်များ၏ အကူအညီအထောက်အပံ့များကို တိုင်းရင်းသားများ လက်ဝယ်သို့ တိုက်ရိုက် လှူဒါန်းနိုင်သည်ဟု ပြောကြားကြောင်း သိရသည်။
ဂျပန်နိုင်ငံ အခြေစိုက် နိပွန် ဖောင်ဒေးရှင်းကလည်း မြန်မာနိုင်ငံမှ တိုင်းရင်းသားဒေသရှိ ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည် (IDP) များကို အမေရိကန် ဒေါ်လာ သန်း ၃၀၀ ကူညီ ထောက်ပံ့ပေးရန် စီစဉ်ထားသည်ဟု မကြာသေးခင်က ထုတ်ပြန် ကြေညာထားသည်။
မြန်မာအစိုးရနှင့် အဖွဲ့ ၁၁ ဖွဲ့ပါ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC) တို့ အကြံပြုချက်အရ အဓိက ဆန်နှင့် ဆေးဝါးတို့ကို ထောက်ပံ့ပေးမည် ဖြစ်ပြီး UNFC အဖွဲ့ဝင်များ အခြေစိုက်သည့် တိုင်းရင်းသား ဒေသတခုချင်းစီသို့ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဒေါ်လာ သန်း ၃၀၀ ထောက်ပံ့ပေးမည့် အစီအစဉ်ကိုလည်း မြန်မာ ငြိမ်းချမ်းရေး စင်တာနှင့် UNFC အဖွဲ့ဝင်တို့မှ တဆင့် အကူအညီ ပေးသွားရန် စီစဉ်ထားကြောင်း သိရှိရသည်။