အစိုးရနှင့် ပဏာမ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီး နောက်ပိုင်းမှစတင်ကာ ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်း ချုပ်နယ်မြေတချို့ရှိ ဒေသခံများထံမှ အခွန်များ လျှော့ချ ကောက်ခံလျက်ရှိကြောင်း KNU စစ်ဦးစီးချုပ်က ပြောသည်။
“တပ်မဟာ ၇ နယ်မြေထဲမှာ အခွန်တွေကို လျှော့ချလိုက်ပါပြီ။ အရင်က လယ် ၁ ဧကကို စပါး ၅ တင်း ကောက်တာကနေ၊ အခု ၃ တင်း ခွဲပဲ ကောာက်တော့တယ်” ဟု စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက ပြောသည်။
ထို့အပြင် အခြားနယ်မြေများတွင် မူလနှုန်းထားအတိုင်း ကောက်ခံသည်ဆိုသော်လည်း ၁၉၇၅ ခုနှစ်က သတ်မှတ်ထားသည့် နှုန်း ထားများဖြစ်သဖြင့် ခေတ်စနစ်နှင့်ယှဉ်လျှင် များစွာနည်းပါးသော ပမာဏဖြစ်ကြောင်း KNU အတွင်းရေးမှူး(၁) ပဒိုသောသီ က ပြော သည်။
ပဒိုသောသီက“ဒဏ်ကြေးတွေ၊ အခွန်တွေကို လျှော့ချတာ မလုပ်ပေမယ့် အရင်ခေတ်က နှုန်းတွေကိုပဲ ဆက်ပြီးသုံးဖို့ ပြီးခဲ့တဲ့ ကွန် ဂရက်မှာ ဆုံးဖြတ်ခဲ့တယ်။ ဥပမာ- ဒဏ်ကြေး ကျပ် ၁၀၀ ဆိုတာတွေကို အခုထိ သုံးစွဲနေတုန်းပါပဲ။ ဒီခေတ် နှုန်းအတိုင်း ဆိုရင် အရမ်း နည်းပါတယ်” ဟု ဆိုသည်။
KNU နယ်မြေများတွင် အခွန်ကောက်ခံမှုနှုန်းမှာ သီးနှံဖြစ်ထွန်းမှု၊ မြေဆီကောင်းမွန်မှုအလိုက် တစ်နေရာနှင့် တစ်နေရာ ကွာ ခြားချက်များရှိကြောင်းလည်း သိရသည်။
“သူတို့ အခွန်ကောက်တာမှာ စပါးထွက်နှုန်း၊ မထွက်နှုန်း အပေါ်မူတည်ပြီးတော့ ကောက်တယ်။ အရင်က တောင်ယာ ၁ ခင်းကို ဆန် ၂ တင်းနဲ့ ငွေ၂ ထောင်စီ ကောက်တယ်။ အခု အခွန်ကောက်တဲ့ ပေါ်လစီ ပြောင်းတယ်လို့တော့ ကြားထားတယ်။ ဒါပေမယ့် သေချာ မသိရသေးဘူး”ဟု ကရင် လူ့အခွင့်အရေး အဖွဲ့(KHRG) မှ တာဝန်ရှိသူ တဦး ဖြစ်သည့် ဦးစောအဲလ်ဘတ် က ဧရာဝတီ သို့ ပြောသည်။
လယ်မြေပိုင်ရှင်များထံမှ အခွန်ကောက်ခံရာတွင် အတန်းအစား ၃ မျိုး ခွဲထားပြီး အထွက်နှုန်းကောင်းသည့် ပထမတန်းစား လယ်မြေ များကို ၁ ဧက လျှင် အခွန် ၅ တင်း၊ အလယ်အလတ်တန်းစား လယ်မြေများကို ၃ တင်းခွဲနှင့် ထွက်နှုန်း နည်းပါးသည့် လယ်မြေ များကို ၁ တင်းခွဲ စီ ကောက်ခံလျက်ရှိကြောင်း အတွင်းရေးမှူး(၁)က ပြောသည်။
ထို့အပြင် အုန်းသီး၊ ဒညင်းသီးနှင့်ကြံ စသည့်သီးနှံများကိုမူ တနှစ် လျှင် ထွက်ရှိသည့် အချိန်အတွယ်အပေါ် မူတည်၍ ကောက်ခံ ကြောင်း သိရသည်။
ကရင်ပြည်နယ်တွင်းရှိ ကျေးရွာများမှ ဒေသခံများသည် ပြည်တွင်းစစ်များ၊ နယ်မြေ မတည်ငြိမ်မှုများနှင့် မြေမြှုတ်မိုင်းများ ကြောင့် လုပ်ကိုင်စားသောက်ရန် ခက်ခဲခြင်း၊ အစိုးရတပ်များနှင့် ကရင်လက်နက်ကိုင် တပ်များထံတွင် အခွန်နှင့် ဆက်ကြေး ပေးရခြင်းများကြောင့် နေရပ်စွန့်ခွာကာ ထွက်ပြေး တိမ်းရှောင်နေရမှုများမှာ ယခုချိန်အထိ ဖြစ်ပွားနေဆဲ ဖြစ်သည်။
“စပါးများများ ထွက်တဲ့နေရာက စပါးများများ ပေးကြတယ်။ လမ်းပန်းဆက်သွယ်ရေး ဝေးလို့ စပါးမပေးနိုင်ရင် ငွေကို အစားထိုးပြီး ပေးတယ်။ ဒါကို မသိတဲ့ပြည်သူတချို့က KNU ဆက်ကြေး လာကောက်တယ်လို့ အထင်လွဲကြတယ်။ ဒါဟာ ဆက်ကြေးမဟုတ်၊ ဓားပြတိုက်တာ မဟုတ်ဘူး။ တော်လှန်ရေးအဖွဲ့ကို ပြည်သူက ကူညီပေးတာလို့ သဘောထားဖို့ နယ်မြေဆင်းပြီး ရှင်းပြရတယ်။ ထိန်းချုပ်နယ်မြေရဲ့ ပိုင်ဆိုင်မှုက ကရင်လူထု ပိုင်ဆိုင်မှုပါပဲ”ဟု ပဒိုသောသီက ဆက်လက်ပြောဆိုသည်။
အခွန်အခများ ကောက်ခံခြင်းအား အပြည့်အ၀ ရပ်ဆိုင်းရန်အတွက်မူ လက်ရှိအချိန်တွင် မဖြစ်နိုင်သေးကြောင်း KNU စစ်ဦးစီးချုပ် ကလည်း ပြောသည်။
ဗိုလ်ချုပ်ကြီး စောဂျော်နီက“အစိုးရတပ်တွေမှာက စစ်သားတွေအတွက် လခရှိတယ်။ ရိက္ခာရှိတယ်။ ဒါကြောင့် အခွန်ကောက် စရာ မလိုဘူး။ KNU မှာက အဲဒါတွေမရှိဘူး။ အခွန်မကောက်ဘူးဆိုရင် စားစရာမရှိဘူးလေ။ ကရင်ပြည်သူလူထုလိုချင်တဲ့ ပန်းတိုင်ကို မရောက်သေးပါဘူး။ ဒီတော့ ကျနော်တို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မှ အခွန်ကောက်တာတွေ လုံးဝလျှော့ချ နိုင်မယ်” ဟု ဆက်လက်ပြောဆိုသည်။
ထို့အပြင် ကရင်ပြည်နယ်အတွင်းရှိ နယ်မြေဒေသများတွင် ယခင်က နယ်မြေမတည်ငြိမ်မှုများနှင့် ထိုးစစ်ဆင်မှုများ ဖြစ်ပွားပါက လယ်ယာ လုပ်ကိုင်သူဒေသခံများ၏ လယ်ရိတ်သိမ်းချိန်ဖြစ်သည့်တိုင် ပြောင်းရွှေ့ပုန်းအောင်းရခြင်းများ၊ နယ်စပ်ဒေသများသို့ ပြောင်းရွှေ့နေထိုင်ရခြင်းများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပဒိုသောသီက ပြောပြသည်။
“အခု စစ်မဖြစ်တော့ပါဘူး။ ဒါကြောင့် ပိုပြီးလုပ်ကိုင် စားသောက်ဖို့ အဆင်ပြေတယ်ဆိုတာ ပြောချင်ပါတယ်။ ရွှေ့ပြောင်း သွားနေ ရတဲ့လူတွေ ပြန်လာလို့ရပြီလို့တော့ အာမ မခံနိုင်သေးပေမယ့် ကျနော်တို့ကြိုးစားနေပါတယ်။ အစိုးရအပေါ်မှာလည်း မူတည်ပါတယ်”ဟု ၎င်းက ဆိုသည်။
KNU နယ်မြေများတွင် ယခင်ခေတ် နှုန်းထား ဥပဒေ အတိုင်းသာ အခွန်ကောက်ခံသွားရန် ဗဟိုက ညွှန်ကြားချက် ထုတ်ထားပြီး အောက်ခြေက ပိုမိုကောက်ခံနေပါက စစ်ဆေး အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ပဒိုသောသီက ဆက်လက် ပြောဆိုသည်။