လူမျိုးရေး၊ ဘာသာရေး ဆူပူ အကြမ်းဖက် ဖျက်ဆီးမှုများ ပဲခူးတိုင်း အနောက်ခြမ်းဒေသများသို့ ပျံ့နှံ့လာရာ ဇီးကုန်း၊ နတ္တလင်း မြို့တွင် ဗလီနှင့် မွတ်စလင်များ၏ နေအိမ်၊ ဈေးဆိုင်များ ယမန်နေ့ညက ဆက်လက် ဖျက်ဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။
ယမန်နေ့ည ၁၁ နာရီခန့်က နတ္တလင်းမြို့ မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ ဘုန်းတော်ကြီးများ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများနှင့် နိုင်ငံရေးပါတီများမှ စောင့်ကြပ်နေသည့် ကြားမှပင် လူ ၁၅၀ ခန့် စတင် စုဝေးလာရာမှ လူအုပ်စုမှာ ပိုမိုများပြားလာပြီး လုံခြုံရေး တပ်ဖွဲ့များက လူစုခွဲသော်လည်း မရတော့ဘဲ အဆောက်အအုံများကို ဖျက်ဆီးကြခြင်း ဖြစ်ကြောင်း သိရှိရသည်။
နတ္တလင်းမြို့ခံ ဦးအုန်းသန်းက “ဖျက်ဆီးရေး ခေါင်းဆောင်တွေက မီးရှို့ဘူး၊ လူမသတ်ဘူး၊ ပစ္စည်းမယူဘူး ဖျက်ပဲဖျက်မယ်၊ တားဆီးတာတွေ မလုပ်ပါနဲ့ ဆိုတဲ့ ခြိမ်းခြောက်စကားတွေ ပြောလာတဲ့အတွက် အကြမ်းမဖက်အောင် အာဏာပိုင်တွေ နောက်ဆုတ်ပေးလိုက်ရတယ်။ အဲဒါမှာ အန္တရာယ် မရှိတော့ဘူးဆိုပြီး လူတွေ ပိုရဲတင်းလာတယ်” ဟု ဆိုသည်။
ထို့နောက် မွတ်စလင်များ ပိုင်ဆိုင်သော ပစ္စည်းများကို လမ်းပေါ်သို့ သယ်ယူပြီး မီးရှို့ကြကြောင်း၊ တချို့သော မွတ်စလင်များမှာ ၎င်းတို့ပိုင် ပစ္စည်းဥစ္စာများနှင့် အတူ ညနေပိုင်းကတည်း မြို့ခံ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနှင့် အိမ်တချို့သို့ ပြောင်းရွေ့ထားသည့် အတွက် ဖျက်ဆီးခြင်းမှ လွတ်မြောက်သွားကြောင်း ၎င်းက ဆက်ပြောသည်။
အိမ်နှင့် ဆိုင် ဖျက်ဆီးခံရသည့် မွတ်စလင်တဦးဖြစ်သူ ဦးတင်အေးက မိမိတို့ နတ္တလင်းမြို့၌ နေထိုင်လာသည်မှာ နှစ်ပေါင်း ၄၀ ခန့် ရှိပြီဖြစ်ကြောင်း၊ ဒေသခံ ဘာသာခြားများဖြင့်လည်း ညီရင်းအစ်ကိုတမျှ နေထိုင်ခဲ့ကြောင်း၊ ယခုကဲ့သို့ ဖျက်ဆီးမှုမျိုး မကြုံဖူးကြောင်း၊ အုပ်ချုပ်ရေး ကင်းမဲ့သွားပြီဟု ခံစားရကြောင်း၊ မည်သည့် အာဏာပိုင် အဖွဲ့အစည်းများကမျှ လာရောက် အားပေးပြောဆိုမှု မရှိကြောင်း ပြောသည်။
“ကျနော်တို့ ပုန်းနေရတယ်။ တအိမ်လုံး ရစရာမရှိဘူး၊ ဖျက်ဆီးသွားတာ။ ချွေးနဲစာနဲ့ ရှာထားရတာတွေ ကုန်ပြီ။ ဘယ်သူ့ကို အားကိုးရမှန်း မသိတော့ဘူး” ဟု ၎င်းက ဆိုသည်။
အလားတူ ဇီးကုန်းမြို့တွင်လည်း ဗလီနှင့် မွတ်စလင်များ၏ နေအိမ်၊ ဆိုင်များကို ဖျက်ဆီးခံရကြောင်း၊ ဒေသခံ လုံခြုံရေး ရဲတပ်ဖွဲ့များကလည်း ဝင်ရောက် ထိန်းသိမ်းပေးခြင်း မရှိကြောင်း ဒေသခံများထံမှ သိရသည်။
ဇီးကုန်းမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဒေါ်ခင်ဝိုင်းက “တမြို့ထဲနေတဲ့ မွတ်စလင်တွေကို လူသားချင်း စာနာဖို့တော့ ကောင်းပါတယ်။ အခု ဖျက်ဆီးတဲ့လူတွေလက်ထဲမှာ ပုဆိန်၊ ဓား၊ သံတူရွင်း အစုံပါတယ်။ မင်းမဲ့စရိုက်တွေ ဖြစ်နေပြီ” ဟု ဆိုသည်။
ဇီးကုန်းဗလီမှာ အနည်းငယ်သာ ပျက်စီးသွားသည့်အတွက် ယနေတွင် ထပ်မံဖျက်စီးမည်ဟု သတင်းများ ထွက်ပေါ်လာသည့်အတွက် ယခုအခါ မွတ်စလင်များမှာ ထိတ်လန့်တုန်လှုပ်နေကြောင်း သိရသည်။
အဆိုပါ ဆူပူမှုနှင့် ပတ်သက်ပြီး ဇီးကုန်း NLD မှ ကိုအောင်မြတ်သူ အပါအဝင် တခြားသော ၁၀ ဦးကိုလည်း ထိန်းသိမ်းထားကြောင်း သိရသည်။
မိတ္ထီလာမြို့မှ စတင်ခဲ့သည့် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများသည် ယခုအခါ ပဲခူးတိုင်း အနောက်ခြမ်း မြို့များဖြစ်သည့် ကြို့ပင်ကောက်၊ အုတ်ဖို၊ မင်းလှ၊ နတ္တလင်းမြို့များသို့ ပြန့်နှံ့လာခြင်း ဖြစ်သည်။
ယမန်နေ့ညက ကြို့ပင်ကောက်၊ အုတ်ဖို၊ မင်းလှမြို့များ၌ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း လမ်းပေါ် မထွက်ရန်၊ လူစုခြင်း၊ ဟောပြောခြင်း၊ စီတန်းလမ်းလျှောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ တိုက်တွန်းခြင်းမပြုလုပ်ရန် ကြေညာထားသည်။
အုတ်ဖိုမြို့နယ် အိုးသည်ကုန်း အုပ်စု၌ ဖြစ်ပွားသည့် ဆူပူအကြမ်းဖက်မှုတွင် ပါဝင်သည်ဟု ယူဆရသူ ၅ ဦးကို မင်းလှရဲစခန်းက ဖမ်းဆီး ထိန်းသိမ်းထားသည်ဟု ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ အလယ်ပိုင်းမှ ရန်ကုန်သို့ လမ်းတလျှောက်ရှိ မြို့များတွင် ဆူပူ ဖျက်ဆီးမှုများ ကူးစက်ဖြစ်ပေါ်နေခြင်းအပေါ် သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်များ၏ တရားဥပဒေစိုးမိုးရေး ကိုင်တွယ်ကို ဝေဖန်မှုများ ရှိနေသည်။
ပြည်မြို့တွင်လည်း ဆူပူအုံကြွအောင် လှုံ့ဆော်စာများ ဝေငှသည်ဟု သိရကြောင်း၊ ထိုမှတဆင့် ရန်ကုန်-ပြည် အဝေးပြေး ကားလမ်းအတိုင်း ရန်ကုန်ဘက်သို့ ဆင်းလာကာ အုတ်ဖို၊ နတ္တလင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက်မြို့တို့တွင် ထပ်မံ ဖြစ်ပေါ်ခဲ့ရာ အဝေးပြေး ကားလမ်းမပေါ်ရှိ မြို့များတလျောက် ဖြစ်ပျက်ခဲ့သည်ကို မတားဆီးနိုင်သေးသည်က သံသယ ရှိစရာကောင်းကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ဦးမင်းကိုနိုင်က ပြောသည်။
“ဒါက သိပ်ကို သံသယရှိဖို့ကောင်းတယ်။ လုပ်ချင်ရင် အလွယ်လေးပါဗျာ။ အခုက မတားဆီးဘူး။ ဖြစ်တော့မှ ဖြစ်တဲ့နယ်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တယ်။ အစိုးရဘက်က အာရုံပဲ မစိုက်တာလား၊ အကဲမခတ်မိတာလား။ ဘာ့ကြောင့် ဒီလို လူအုပ်စုလိုက် တမြို့ဝင်တမြို့ထွက်ကို ခွင့်ပြုနေရတာလဲ” ဟု ၎င်းက ပြောသည်။
ကြို့ပင်ကောက် မြို့နယ် ရဲစခန်းမှ တာဝန်ကျ ဒု ရဲအုပ် တဦးကမူ ယခုဖြစ်စဉ်များကို ပြန်လည် သုံးသပ်ရလျှင် လူအုပ်စုဖြင့်သော် လည်းကောင်း၊ လူတစုက အကြမ်းဖက်မှု ဖြစ်ပျက်ခဲ့သော ဒေသများရှိ ၎င်းတို့၏ အမာခံများနှင့် ချိတ်ဆက်၍ သော်လည်းကောင်း လုပ်ဆောင်နေနိုင်ကြောင်း၊ လူအုပ်စုလိုက်ကားများဖြင့် လာရောက် ဖျက်ဆီးနေခြင်းမျိုး မဟုတ်သောကြောင့် ခန့်မှန်းရန် ခက်ခဲနေကြောင်း ဆိုသည်။
ထို့အတွက် မြို့အဝင်များတွင် ပိတ်ဆို့ရှာဖွေ တားဆီးရန်မှာလည်း ရိုးရိုးသားသား ခရီးသွားများအတွက် အဟန့်အတား ဖြစ်မည်ကို စိုးရိမ်သောကြောင့် ထိုသို့လုပ်ရန် မလွယ်ကူကြောင်း ၎င်းက ဆက်ပြောသည်။
“ဒီကွင်းဆက်ကို လိုက်ဖို့ကလည်း အခုခေတ်က ဖုန်းတွေ တအားပေါနေတော့ ဖြစ်ပျက်မှုတွေက တအားမြန်တယ်။ လုံခြုံရေးတွေဘက်ကလည်း ဒီလို ဖျက်ဆီးမှုတွေထဲမှာ သံဃာတွေ ပါလာတော့ ကိုင်တွယ်ရ ခက်တယ်။ အထက်ကို ပြန်တင်ပြရ၊ ညွှန်ကြားချက် ပြန်စောင့်ရမျိုး လုပ်ရတယ်” အဆိုပါ ဒု ရဲအုပ်က ပြောသည်။
ဧရာဝတီ သတင်းထောက် ရန်ပိုင်နှင့် စနေလင်းတို့ ပူးပေါင်း ရေးသားသည်။