ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကြား HIV ကူးစက်ခံရမှုနှုန်း တိုးလာကြောင်း လူမှုရေးနှင့် ကျန်းမာရေး ဆိုင်ရာ ဝန်ဆောင်မှုများပေးနေသည့် မဲဆောက်မြို့ အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းများ(NGO)ထံမှ သတင်းရရှိသည်။
၂၀၀၉ ခုနှစ်မှ စတင်၍ ရွှေ့ပြောင်း အလုပ်သမားများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် လူမှုရေးနှင့် ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်ရေး အသင်း(SHDA)၏ လေ့လာထားချက်အရ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် ပိုမိုတိုးလာကြောင်း သိရသည်။
SHDA မှ ဒါရိုက်တာ ဦးရာဇာက“အရင်နှစ်တွေက ဆိုရင် မယ်တော်ဆေးခန်းမှာ သွေးစစ်တာနဲ့ ကျနော်တို့ဆီကို ရောက်လာတဲ့ လူဦး ရေက တနှစ်မှာ အသစ်၂၀၀ တွေ့ခဲ့တယ်။ အခုနောက်ပိုင်း တနှစ်ကို လူနာအသစ် ၃၅၀ လောက်ထိ တိုးလာတယ်”ဟု ပြော သည်။
နယ်စပ်နှင့် ပြည်တွင်းမှ လူနာများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် မယ်တော်ဆေးခန်းမှ ဒုတိယညွှန်ကြား ရေး မှူး ဒေါက်တာအဲ့သဝါ က“HIV ဖြစ်နှုန်းက တိုးလာတယ်။ ဒါပေမယ့် တချို့ပြောင်းရွှေ့လုပ်သားတချို့က ကျန်းမာရေး အာမခံမရှိတော့ ဆေးဝါးမရဘူး။ ARV မရပေမယ့် သူတို့အတွက် အိမ်တိုင်ရာရောက် စောင့်ရှောက်မှုပေးတာတွေတော့ လုပ်တယ်”ဟု ပြော သည်။
မယ်တော်ဆေးခန်း ၏ ကျန်းမာရေး စောင့်ရှောက်မှုကိုရယူသည့် HIV ပိုး ကူးစက်ခံထားရသူပေါင်း ၁၀၀ ကျော်ရှိပြီး အများစု မှာ အမျိုးသမီးများဖြစ်ကာ ၎င်းတို့ အနက် သုံးပုံ ၁ ပုံသာ ထိုင်းအစိုးရ ကျန်းမာရေး ဌာန၏ ဆေးဝါးကုသမှုကို ရရှိကြောင်း ဒေါက်တာ အဲ့သဝါ က ပြောသည်။
သို့သော် ရွှေ့ပြောင်း အလုပ်သမားများသည် စားဝတ်နေရေး အဆင်ပြေနိုင်မည့် နေရာဒေသများသို့ ရွှေ့ပြောင်းနေရခြင်းများ ရှိရာ တချို့ ရပ်ကွက်များတွင် ကူးစက်ခံရမှုနှုန်း လျော့ကျသည်များလည်း ရှိကြောင်း HIV/AIDS ကူးစက်မှု ကာကွယ်တားဆီးရေး အသိပညာပေး လုပ်ငန်းများ အဓိက လုပ်ကိုင်နေသည့် မဲဆောက် အခြေစိုက် World Vision မှ တာဝန်ရှိသူ တဦးက ပြောသည်။
“ကျနော်တို့ တာဝန်ယူရတဲ့ ရပ်ကွက်တွေမှာ ပြောင်းရွှေ့မှုနှုန်း အရမ်းများတော့ အသိပညာပေး လုပ်ငန်းတွေလုပ်ရတာ သိပ် မထိ ရောက်သလို ဖြစ်တယ်။ သေသွားတာတွေ၊ ပြောင်းရွှေ့သွားတာတွေကြောင့် တချို့ရပ်ကွက်တွေမှာ လျော့တယ်”ဟု World Vision မှ ဦးနေဦး က ပြောသည်။
SHDA မှ ဒါရိုက်တာ ဦးရာဇာ ကလည်း ARV ကုထုံးလိုအပ်နေသည့် HIV Positive များအတွက် ဆေးဝါးရရှိမှု အခြေအနေ အခက် အခဲများရှိပြီး အကူညီပေးမှုများ လိုအပ်ကြောင်း ပြောသည်။
“ARV လွယ်လွယ်ကူကူ ရဖို့အတွက်က အလုပ်သမား တော်တော်များများမှာ တရားဝင် လက်မှတ် အထောက်အထား မရှိကြဘူး။ ကျနော်တို့အဖွဲ့က စောင့်ရှောက်ထားတဲ့ လူတွေ အတွက်တော့ အလှူရှင် တယောက်က ဝယ်တိုက်နေပါတယ်”ဟု ဦးရာဇာက ဆက်ပြောသည်။
ထို့အပြင် မဲဆောက်မြို့ရှိ NGO များနှင့်ဆက်သွယ်ကာ ဆေးဝါးကုသနေသူများ အတွက် မယ်တော် ဆေးခန်းနှင့် မဲဆောက် ဆေးရုံ ကြီးတို့မှ ARV ရရှိသော်လည်း အကန့်အသတ်ရှိကြောင်း Social Action for Woman(SAW) အဖွဲ့မှ သိရသည်။
SAW မှ တာဝန်ရှိသူ တဦးဖြစ်သည့် ဦးမင်းမင်းက“ ARV ရဖို့အတွက်က အကန့်အသတ် တွေရှိပါတယ်။ ဘယ်ကမှ မရဘူးဆိုရင် ဝယ်တိုက်ရတာ များတယ်။ လူနာတယောက်ကို ARV ဆေးဝါးဖိုး ကုန်ကျစရိတ်က ၁ လမှာ ဘတ် ၃,၀၀၀ ကနေ ၄,၅၀၀ ကြားမှာ ရှိပါတယ်”ဟု ပြောသည်။
ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် ရွှေ့ပြောင်း လုပ်သားများအကြား HIV ကျန်းမာရေး ဝန်ဆောင်မှုများ ပေးနေသည့် လူမှု အဖွဲ့အစည်းများမှာ မယ်တော်ဆေးခန်း၊ SAW ၊ MAP ဖောင်ဒေးရှင်း၊ World Vision နှင့် SHDA တို့ဖြစ်ကြောင်း သိရသည်။
မဲဆောက် ဒေသ၌ လာရောက် အလုပ်လုပ်နေသော မြန်မာ အလုပ်သမား ၂ သိန်း ခန့် ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက် နေသူများက ခန့်မှန်း ပြောဆိုကြသည်။