လက်ရှိ ဖြစ်ပေါ်လျှက်ရှိသော ဆူပူအကြမ်းဖက် ဖျက်ဆီးမှုများ အဆုံးသတ်နိုင်ရေးအတွက် ပြည်သူအားလုံး မေတ္တာရှေ့ထား၍ သည်းခံကြရန် ဘာသာရေးခေါင်းဆောင်များက ယနေ့ စုပေါင်း တိုက်တွန်းလိုက်သည်။
ယနေ့ မွန်းလွဲ ၂ နာရီမှ စတင်ကာ ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ YMCAခန်းမ တွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူနှင့် အစ္စလမ် ဘာသာရေး ခေါင်းဆောင်များ တက်ရောက်ကြပြီး ဘာသာအားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်၍ တဦးနှင့်တဦး မေတ္တာထားကြရန် လိုအပ်ကြောင်း၊ ဘာသာအားလုံး အတူတကွ စည်းလုံးမှသာလျှင် မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်မည် ဖြစ်ကြောင်း ဘာသာရေးခေါင်းဆောင်များက ပြောဆိုကြသည်။
မြန်မာပြည်အတွက် ဆုတောင်းခြင်း (PRAY FOR MYANMAR) ဟု အမည်တပ်ကာ ကျင်းပသော ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး
ဆုတောင်းပွဲကို ရန်ကုန်မြို့ အခြေစိုက် ဘာသာပေါင်းစုံ ပါဝင်သော လူငယ်များက ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်သည်။
“လက်ရှိ ဖြစ်ပေါ်နေတဲ့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ ပြေလည်သွားဖို့ ဒီဆုတောင်းပွဲလေးကနေ ဆက်လက် ကျယ်ပြန့်ပြီးတော့ တတိုင်းပြည်လုံးကနေ ဒါမျိုးလေးတွေ လုပ်သွားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲကို စီစဉ်သူ ကိုသစ်ဆွေဝင်းက ပြောသည်။
ဒေါသကိုရှောင်၍ အချင်းချင်း ညီညီညွတ်ညွတ်ဖြင့် မေတ္တာတရား ထားပါက တိုင်းပြည် ကြီးပွားတိုးတက်မည် ဖြစ်ကြောင်း၊လူမျိုးဘာသာ မရွေး အတူတကွ ငြိမ်းချမ်းစွာ စုပေါင်းနေထိုင်ကြရန် တိုက်တွန်းလိုကြောင်း မင်းကွန်းတောရ ဆရာတော် တိပိဋကဓရ ဦးကောပညာက မိန့်သည်။
“လူ အချင်းချင်းမေတ္တာ ထားနိုင်ရင် ဒီပြဿနာမျိုး ဖြစ်ပါ့မလား၊ အခုတော့ မသိတရားတွေနဲ့ အချင်းချင်းချကြတော့ အခုကာလ အိမ်တလုံး ဖြစ်ဖို့ လွယ်ရဲ့လား၊ အခုလို လုပ်တော့ လူဖြစ်ကျိုး မနပ်တော့ဘူး။ လူ့ အသိရှိကြဖို့လိုတယ်” ဟု ဆရာတော်က ဆိုသည်။
ယခုကိစ္စသည် အစ္စလမ် ဘာသာဝင်များသာမက တိုင်းရင်းသား လူမျိုးအားလုံးနှင့်ပါ သက်ဆိုင်ကြောင်း၊ တိုင်းပြည်ကို မီးလောင်တိုက်သွင်းရန် ကြံစည်မှုဖြစ်ကြောင်း၊ ပြည်သူလူထုက ပညာဉာဏ်ဖြင့် ဖြေရှင်းမှသာလျှင် ပြေလည်နိုင်မည် ဖြစ်ကြောင်း အစ္စလမ် ဘာသာရေးခေါင်းဆောင် ဦးအေးလွင်က ပြောသည်။
“ဘာသာတရားဆိုတာ ထိလွယ်ရှလွယ်တော့ ဖောက်ခွဲရ အင်မတန်လွယ်တဲ့ စနက်တံပါ။ အခုပေါက်ကွဲလုမတတ် ဖြစ်နေပါပြီ။အချိန်မီ ကယ်ဆယ်ဖို့ လိုအပ်ပါတယ်။ နောက်နောင် မဖြစ်ပွားဖို့လည်း တားဆီးဖို့ လိုအပ်ပါတယ်။ ဒီအဆိပ်တွေကို ဖြေဖို့ အကောင်းဆုံး လက်နက်ဟာ မေတ္တာပါ” ဟု သူက ဆိုသည်။
အစ္စလမ်၏ အဓိပ္ပာယ်မှာ ငြိမ်းချမ်းရေးဖြစ်ကြောင်း၊ အစ္စလမ် ဘာသာဝင်များအနေဖြင့် တခြား ဘာသာဝင်များနှင့် အတူတကွ ငြိမ်းချမ်းစွာ အတူနေနိုင်ရန် ကြိုးစားသင့်ကြောင်း၊ လက်ရှိပြဿနာ ပြေလည်စေရန် ဘာသာရေးခေါင်းဆောင်များ တွေ့ဆုံ စကားပြောဆိုကြရန် လိုအပ်ကြောင်း၊ ဘာသာရေး ခေါင်းဆောင်များက မိမိဘာသာဝင်များကို ပြန်လည် ဆိုဆုံးမခြင်းဖြင့် လက်ရှိ အခြေအနေကို ပြေလည်အောင် ဆောင်ရွက်နိုင်ကြောင်း ကိုရမ် အသိပညာ ပြန့်ပွားရေး အဖွဲ့မှ ဦးဆန်းအောင်က ဧရာဝတီသို့ ပြောသည်။
“မြန်မာပြည်ကြီး ဒီမိုကရေစီလမ်းကြောင်းကို ဖြောင့်ဖြောင့်တန်းတန်း သွားနိုင်ပြီးတော့ ဘုရားသခင် ချစ်တဲ့တိုင်းပြည် ဖြစ်ပါစေ။ လူမျိုးဘာသာ မတူသော်လည်း မတူညီမှုထဲကနေပြီးတော့ ရမယ့်စွမ်းအားတွေ၊ ခွန်အားတွေနဲ့ တိုင်းပြည်ကို မေတ္တာတရားပေါ် အခြေခံပြီးတော့ တည်ဆောက်ဖို့ လိုပါတယ်။ ဘာသာရေး၊ လူမျိုးရေးကို ခုတုံးလုပ်ပြီးတော့ သွေးခွဲနေမှု တွေကိုလည်း ဒီလိုညီညွတ်ခြင်းကို ပြပြီးတော့ ဆုတောင်းပွဲကို လာတာပါ” ဟု ငြိမ်းချမ်းရေး ဆုတောင်းပွဲသို့ ရောက်ရှိလာသူ ခရစ်ယာန် ဘုန်းတော်ကြီးတပါးက ဧရာဝတီသို့ ပြောသည်။
လူမျိုးရေး၊ ဘာသာရေး ဆူပူ အကြမ်းဖက် ဖျက်ဆီးမှုများမှာ ပဲခူးတိုင်း အနောက်ခြမ်း ဒေသများတွင် ဆက်လက် ဖြစ်ပွားလျက်ရှိပြီး သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်၍ ဆူပူမှုများကို ထိန်းသိမ်းနိုင်ရန် ကြိုးစားလျက်ရှိသည်။
ဆူပူ အကြမ်းဖက် ဖျက်ဆီးမှုများ ပြီးဆုံးပြေလည်ရန် ဘာသာရေး ခေါင်းဆောင်များက ကြိုးစားနေချိန်တွင် ဆူပူ အကြမ်းဖက် မှုများ ဖြစ်ပွားရာ ဒေသများတွင် မြို့နယ် အာဏာပိုင် အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆာင်များ၊ရပ်မိရပ်ဖများနှင့် လူငယ်များ စုပေါင်း၍ ဒေသလုံခြုံရေး ပူးပေါင်းဆောင်ရွက်လျှက် ရှိကြောင်း တွေ့ရှိရသည်။
ရန်ကုန်မြို့ရှိ အစ္စလမ် ဘာသာဝင်များ နေထိုင်သော မြို့နယ် တချို့တွင် အထက်ပါ စုပေါင်းအဖွဲ့အစည်းများဖြင့် ရပ်ကွက်၊လမ်းဆုံနှင့် ကားဂိတ်များတွင် ယာဉ်အသွားအလာများ စစ်ဆေးခြင်း၊ ကားနံပါတ်များ မှတ်သားခြင်းတို့ လုပ်ဆောင်လျှက် ရှိသည်။
“တရပ်ကွက်ကို ရဲ ၆ ယောက်နှုန်းနဲ့ ရပ်ကွက် ၁၀ ခု အတွက် ရဲ ၆၀ ချထားမယ်။ ရပ်ကွက်ထဲက ရပ်မိရပ်ဖတွေနဲ့ လူငယ်တချို့က ပူးပေါင်းကူညီပေးမယ်၊ တပ်မတော်က တပ်စိတ်တခုလည်း အကူအညီပေးဖို့ ရောက်နေပါတယ်” ဟု ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားလျက်ရှိသော ကြို့ပင်ကောက် မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးမြင့်ကြိုင်က ပြောသည်။