သမ္မတဦးသိန်းစိန်က ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ထိပါးလာသော လုပ်ရပ်မှန်သမျှကို လုံး၀ လက်မခံမည်မဟုတ်ဘဲ ဥပဒေနှင့်အညီ ထိထိရောက် တားဆီးနှိမ်းနင်းရန် ရဲတပ်ဖွဲ့ကို အမိန့်ပေးလိုက်သည်။
ယနေ့ ညနေ ၆ နာရီတွင် အစိုးရပိုင် သတင်းမီဒီယာများမှတဆင့် ပြည်သူလူထုထံသို့ မိတီ္ထလာဖြစ်စဉ်နှင့် ပတ်သက်ပြီး မိန့်ခွန်းစကားပြောဆိုစဉ် ရဲတပ်ဖွဲကအနေနဲ့ ဥပဒေနှင့်အညီ ရဲဝံ့ ပြတ်သားစွာ ဆောင်ရွက်ကြဖို့ အမိန့်ပေးလိုက်ခြင်းဖြစ်သည်။
“ကျနော်အနေနဲ့ အင်အားသုံးပြီး ပြသနာတွေကို ဖြေရှင်းတာကို မနှစ်မြို့ပါ။ ဒါပေမယ့် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုကို ထိပါးတဲ့ လုပ်ရပ်မှန်သမျှကိုတော့ လုံး၀ လက်သင့်ခံမှာမ ဟုတ်ဘဲ လိုအပ်လျှင် မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက်တားဆီးနှိမ်နင်းသွားရမှာဖြစ်ပါတယ်။ ဒီနေရာမြှ တရားဥပဒေစိုးမိုးရေးတွင် အဓိကတာဝန်ရှိနေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဥပဒေနဲ့အညီ ရဲဝံ့ပြတ်သားစွာဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်”ဟု သမ္မတဦးသိန်းစိန်က ဆိုသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီအနှစ်သာရ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ကို နိုင်ငံသားအခွင့်အရေးတရပ်အနေနဲ့ ပေးအပ်ထားပြီးဖြစ်ကြောင်း၊ မွန်မြတ်သော ကိုးကွယ်ယုံကြည်မှု ခုတုံးလုပ်ပြီး အလွဲသုံးသော အယူသီး အစွန်းရောက်လုပ်ရပ်တွေ၊ မတူညီသော ဘာသာတရားများအကြား မုန်းတီးအောင် လုပ်ဆောင်မှုများကို ဥပဒေနှင့်အညီ အရေးယူမည်ဖြစ် ကြောင်း၊ မတူညီမှုများကို ညှိုနှိုင်းပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် အကျပ်အတည်းများကို ဖြေရှင်းနိုင်ပြီး ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ကို ပံ့ပိုးနိုင်မည်ဖြစ်ကြောင်း၊ယာဉ်ကျေးသော လူ့အဖွဲ့အစည်းရှိသော နိုင်ငံတနိုင်ငံဖြစ်စေရန် ကြိုးပမ်းနေခြင်းကို သက်သေထူရမည်ဖြစ်ကြောင်း၊ ပဋိပက္ခများကို အင်အားသုံး မဖြေရှင်းခဲ့ခြင်းမှာလည်း အရှိယူစ ဒီမိုကရေစီကျင့်စဉ် အဟန့်အတားမဖြစ်စေရန် အတွက်ဖြစ်ကြောင်း သမ္မတက ပြောဆိုသွားသည်။
နိုင်ငံသားတဦးချင်းစီ၏ လုံခြုံရေးနှင့် အသက်အိုးအိမ်စည်းစိမ်များအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေက အပ်နှင်းထားသော သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာများကို အသုံးပြုသွားမည်ဟုလည်း သမ္မတက ပြောသည်။
ယခုမိန့်ခွန်းကို မိတီ္ထလာမြို့ အကြမ်းဖက်မှုများ စတင်ဖြစ်ပွားပြီး ၈ ရက်အကြာတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး အခြားနယ်မြို့များသို့ အကြမ်းဖက်မှု ပြန့်ပွားလာချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ စုစုပေါင်း လူ ၄၀ သေဆုံးပြီး ၃၉ ဦး ဒဏ်ရာရရှိကြောင်း တရားဝင်ကြေညာထားသည်။
မိတီ္ထလာခရိုင်အတွင်းရှိ မြို့နယ် ၄ မြို့နယ်ကို ယခုအခါ အရေးပေါ်အခြေအနေ ကြေညာထားရပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ၈ မြို့နယ်ကို ပုဒ်မ ၁၄၄ နှင့် ပုဒ်မ ၁၈၈ ကို ကြေညာထားသည်။
ရန်ကုန်မြို့အခြေစိုက် အမေရိကန်သံရုံးကလည်း အမေရိကန်နိုင်ငံသားများ ဆူပူမှု ဖြစ်ပွားနိုင်သည်ဟု သတင်းများထွက်ခဲ့သော ရန်ကုန်မြို့ရှိ ဈေးများသို့ မသွားရန် သတိပေးခဲ့သည်။
မိတီ္ထလာမြို့သို့ သွားရောက်လေ့လာခဲ့သည့် ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီးယားကလည်း ယခုကဲ့သို့ ဘာသာရေး အကြမ်းဖက်မှုများသည် “မီးမွှေးပေးသော ဝါဒဖြန့်မှုများ”ကြောင့် ဖြစ်ခဲ့ရပြီး “ရက်စက်လွန်းသော ပိရိသေသပ်မှု”ဟု ကောက်ချက်ချ ပြောဆိုခဲ့သည်။