စစ်မှန်သည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရေးအတွက် တိကျသည့် အမျိုးသမီးအခန်းကဏ္ဍတခု ထည့်သွင်းဆွေးနွေးရန် လိုအပ်သည်ဟု လားရှိုးမြို့ တွင် ကျင်းပသည့် ငြိမ်းချမ်းရေးနှင့် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲကို တက်ရောက်လာသည့် ကရင်နီအမျိုးသမီး စင်တာမှ မမူအဲဂျယ်လားက ဧရာဝတီသို့ပြောသည်။
အဆိုပါ ဆွေးနွေးပွဲတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ ပါဝင်မှုနည်းပါးကြောင်း၊ အမျိုးသမီးနှင့် အမျိုးသား တန်းတူအခွင့်အရေး မပေးဘဲ ငြိမ်းချမ်းရေးနှင့် ယုံကြည်မှုတည်ဆောက်မည်ဆိုလျင် ငြိမ်းချမ်းရေးနှောင့်နှေးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဒီလိုဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေကို တိုးမြှင့်ပြီး ပါဝင်လာအောင်လုပ်ပေးဖို့၊ နောက်ထပ်လုပ်မယ့် ဆွေးနွေးပွဲမှာ အမျိုးသမီးနဲ့ လူငယ်ကဏ္ဍတွေပါ ထည့်သွင်းပြောကြဖို့ မျှော်လင့်ပါတယ်” ဟု မမူအဲဂျယ်လားက ပြောသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အမျိုးသမီးများအတွက် အခန်းကဏ္ဍကို ပိုမိုထည့်သွင်း ရေးဆွဲပေးရန်နှင့် လက်ရှိအချိန်အထိ အမျိုးသမီးငယ်များကို အဓမ္မ ပြုကျင့်မှုများ ရှိနေဆဲဖြစ်သော်လည်း တရားဥပဒေ စိုးမိုးမှုမရှိသဖြင့် ယင်းပြဿနာများ ပပျောက်သွားခြင်း မရှိဘဲ အမျိုးသမီးငယ်များ၏ ဘဝအတွက် စိုးရိမ်မှုများ ရှိနေရသေးကြောင်း၊ ထို့ကြောင့် အမျိုးသမီး အခန်းကဏ္ဍကို မချန်ထားသင့်ကြောင်း ၎င်းက ရှင်းပြသည်။
“စစ်ပွဲတွေဖြစ်ပြီဆိုရင် တော်တော်များများ ခံရတာက အမျိုးသမီးထုတွေ၊ ကလေးငယ်တွေပါ။ အဲဒီလိုပဲ စစ်ပြဿနာ၊ နိုင်ငံရေး ပြဿနာတွေဖြေရှင်းတဲ့နေရာမှာ အမျိုးသမီးတွေရဲ့ အမြင်သဘောထားတွေ၊ အတွေးတွေကို ထည့်သွင်းစဉ်းစားပြီး ဖြေရှင်းနိုင်ဖို့လည်း အရေးကြီးပါတယ်” ဟု Shan Women Action Network မှ နန်းဆိုင်နောင့်က ဧရာဝတီသို့ ပြောသည်။
စစ်ပွဲဖြစ်လာပြီဆိုပါက အမျိုးသမီးများသည် အိုးအိမ်စည်းစိမ်ကို စွန့်လွှတ်ကာ ရှောင်ပြေးကြရပြီး လက်နက်ကိုင်တို့၏ ကိုယ်ထိလက်ရောက် အနိုင်အထက်ပြုကျင့်သည်ကို ခံကြရသူများ ဖြစ်ကြောင်း၊ ထို့ကြောင့်ငြိမ်းချမ်းရေး အတွက် ဆွေးနွေးသည့် အခါတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို ထည့်သွင်းဆွေးနွေးခြင်းသည် အလွန်အရေးကြီးကြောင်း သူက ဆိုသည်။
“ပစ်ခတ်တဲ့အချိန်မှာ အမျိုးသမီးတွေက ပါဝင်တိုက်ခိုက်မှု မရှိကြဘူး။ ဒါပေမယ့် တိုက်ပွဲတွေဖြစ်နေတဲ့ အချိန်မှာတော့
အမျိုးသမီးတွေ တော်တော်ခံရပါတယ်။ ငြိမ်းချမ်းရေးရဖို့အတွက် အမျိုးသမီးတွေ အပိုင်းကလည်း တော်တော်များများ လှုပ်ရှားရမှာပဲ” ဟု တောင်ကြီးတက္ကသိုလ် ပထဝီဝင်ဌာနမှ ပါမောက္ခ ဌာနမှူး (အငြိမ်းစား) ဒေါ်နန်းဗိုခမ်းက ပြောသည်။
မကြာမီက ပြုလုပ်ကျင်းပခဲ့သည့် ရှမ်း-ကယားပြည်နယ် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲတွင် တိုင်းရင်းသားများ အရေးနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်လည်ရေးဆွဲရန်ကိုသာ အဓိက ပြောကြားခဲ့ကြပြီး အမျိုးသမီး အခန်းကဏ္ဍနှင့် ပတ်သက်၍ ဆွေးနွေးမှု နည်းနေသေးသကဲ့သို့ ဤပွဲမျိုးတွင် အမျိုးသမီးများပါဝင်မှု အားနည်းနေသည်ကို တွေ့ရကြောင်း၊ နောင်ပြုလုပ်မည့် ဆွေးနွေးပွဲများတွင် အမျိုးသမီးများ အခန်းကဏ္ဍကို ထည့်သွင်း ဆွေးနွေးရန် မျှော်လင့်ကြောင်း တက်ရောက်လေ့လာသည့် အမျိုးသမီးအဖွဲ့အစည်းများက ဆိုကြသည်။
ယုံကြည်မှု တည်ဆောက်ခြင်း ပထမအဆင့်ဆွေးနွေးပွဲကို ၂၀၁၂ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၌ ရှမ်း နိုင်ငံရေးပါတီများ၊ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ၊ လူမှုအဖွဲ့အစည်းများကို ဖိတ်ကြား ကျင်းပ
ခဲ့သည်။
လားရှိုးမြို့၌ကျင်းပသော ဒုတိယ အဆင့်တွင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်းရှိ လက်နက်ကိုင် အဖွဲ့ ၂၁ ဖွဲ့ နှင့် လေ့လာသူအနေဖြင့် အဖွဲ့ ၁၈ ဖွဲ့ကို ဖိတ်ကြားခဲ့ကြောင်းနှင့် ဖိတ်ကြားထားသည့် အဖွဲ့များအနက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဗဟိုအဖွဲ့ချုပ်နှင့် “ဝ” ဒီမိုကရက်တစ်ပါတီတို့ မတက်ရောက်ဖြစ်ကြောင်း သိရသည်။