ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေအရ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော နေရာများတွင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြဌာန်းထားသော နိုင်ငံသားများ၏ အခွင့်အရေးတချို့ ဆုံးရှုံးသွားကြောင်း ဥပဒေပညာရှင်များထံမှ သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ပိုင်ခွင့်၊ လွတ်လပ်စွာ စုဝေးဟောပြောခွင့်၊ ဆန္ဒ ထုတ်ဖော်ခွင့်၊ ဘာသာရေး၊ လူမျိုးရေး စသည့် ပွဲတော်များ ကျင်းပခွင့်တို့ကို ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် နေရာများတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၏ လုပ်ပိုင်ခွင့်အရ ခေတ္တရုပ်သိမ်းနိုင်ကြောင်း ရှေ့နေ ဦးဖိုးဖြူက ပြောသည်။
မိသားစုများအကြား၊ ဘာသာမတူသော လူစုလူဝေးများအကြား၊ လူမျိုးစုများအကြား ပဋိပက္ခဖြစ်နေစဉ် ထိုနေရာများ၌ အဆို ပါ ကိစ္စရပ်များ ခွင့်ပြုလိုက်ပါက တခြားသော မလိုလားအပ်သည့် ပဋိပက္ခများကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်စေနိုင်ကြောင်း၊ တစုနှင့် တစု အားပြိုင်သလို ဖြစ်စေနိုင်သောကြောင့် တားမြစ်ခွင့်ရှိကြောင်း ၎င်းက ဆိုသည်။
“အဓိကရုဏ်း ဖြစ်တဲ့အတွက် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ရတာ။ အဲဒီအတွက် ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့၊ စနစ်တကျ စီမံနိုင်ဖို့ ဒီလို အမိန့်ထုတ်တာလည်း မှန်ကန်တယ်လို့ ယူဆတယ်။ အဲဒီလို ထုတ်ပြန်လိုက်တဲ့အတွက် ထုတ်ပြန်ခံ လိုက်ရတဲ့ ဒေသက ပြည်သူတွေကတော့ တချို့အခွင့်အရေးတွေ ဆုံးရှုံးသွားတာပေါ့” ဟု သူက ဆက်ပြောသည်။
တပ်မတော်အစိုးရ လက်ထက်က အမိန့် ကြေညာစာအမှတ် ၂/ ၈၉ ဖြင့် ထုတ်ပြန်ခဲ့သော ကြေညာချက်အရ ယခင်အချိန်က ပုဒ်မ ၁၄၄ ထုတ်ပြန်ခွင့်ကို တရားသူကြီး လုပ်ပိုင်စီရင်ခွင့်မှ မြို့နယ် အုပ်ချုပ်ရေးမှူး၏ လုပ်ပိုင်ခွင့်သို့ လွှဲပြောင်း ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ထို့အပြင် မြို့နယ်အုပ်ချုပ်ရေးမှူး၏ စီရင်ပိုင်ခွင့်အရ ပုဒ်မ ၁၄၄ ထုတ်ပြန်သည့်အချိန်သည် ရက်ပေါင်း ၆၀ သာရှိရမည်ဖြစ်ပြီး ထိုရက်များ နောက်ပိုင်းတွင် အလိုလို ပျက်ပျယ်ကြောင်း၊ ဒေသတွင်း အခြေအနေအရ လိုအပ်သောကြောင့် ထပ်မံသက်တမ်း တိုး ထုတ်ပြန်ရမည်ဆိုလျှင် နိုင်ငံတော် သမ္မတ၏ ခွင့်ပြုချက်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ခွင့်ပြုချက်များ တောင်းခံ ပြီးမှသာ ဆက်လက် ထုတ်ပြန်နိုင်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈၈ ထုတ်ပြန်ထားသည်မှာ မဟုတ်မှန်ကြောင်း၊ ညဘက် ၉ နာရီကျော်လျှင် ဈေးဆိုင်များကို ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှတဆင့် အသိပေး ပိတ်ခိုင်းရခြင်းမှာလည်း မြို့နယ်အုပ်ချုပ်ရေးမှူး၏ သာမန် အုပ်ချုပ်မှု စီရင်ပိုင်ခွင့်ရှိသော ဥပဒေဘောင်အတွင်းမှ မလိုလားအပ်သော ဖြစ်ရပ်များ မဖြစ်စေရန် တားမြစ်ထားခြင်းသာ ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်လွင်က ဧရာဝတီသို့ ပြောသည်။
“အဲဒီဆိုင်တွေကနေ သောက်စားမူးယစ်မှုတွေ မဖြစ်အောင် အုပ်ချုပ်စီမံခန့်ခွဲမှုအရ မေတ္တာရပ်ခံတဲ့ သဘောပါ။ ပုဒ်မ ၁၄၄ သဘောကတော့ ဒီမှာ ဖြစ်လာနိုင်တဲ့ ရုန်းရင်းဆန်ခတ်မှုတွေ မဖြစ်အောင် အားလုံးခြုံငုံပြီး တားဆီးလိုက်တာပါ။ လိုအပ်ချက် အရ ညမထွက်ရ၊ လူ ၅ ဦးထက်ပိုမစုရ ဆိုတာတွေပါတော့ အသေးစိတ် မဖော်ပြထားပေမယ့်လည်း စုဝေးခွင့်တွေကို တားမြစ်ပိုင်ခွင့်တော့ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
ပုဒ်မ ၁၄၄ မထုတ်ပြန်ထားသော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးများ၏ စီရင်ပိုင်ခွင့်ရှိသော ဥပဒေများအရ လိုအပ်လျှင် ဘာသာရေးပွဲများ၊ လူစုလူဝေးဖြစ်စေသော အကြောင်းအရာများ၊ စီတန်း လှည့်လည် ခွင့်များကိုလည်း တားမြစ်နိုင်ကြောင်း သိရသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး အနေဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၃၄ မှ ၁၄၄ အထိ နယ်မြေအတွင်း ဖြစ်ပျက်နေပုံများအရ စီမံ ဆောင်ရွက် ပိုင်ခွင့်ရှိသောကြောင့် ညဘက်ဆိုင်များ ပိတ်သိမ်းခြင်း စသော လုပ်ငန်းစဉ်ကို လုပ်ပိုင်ခွင့်ရှိကြောင်း၊ ထိုသို့ လုပ်မည် ဆိုလျှင်လည်း သိသာမြင်သာစွာ ထုတ်ပြန် ကြေညာရမည်ဖြစ်ကြောင်း၊ ထုတ်ပြန်ထားချက်ကို မလိုက်နာလျှင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈၈ ဖြစ်သော အာဏာဖီဆန်မှုဖြင့် အရေးယူပိုင်ခွင့်ရှိကြောင်း ရှေ့နေများ ကွန်ယက်မှ ရှေ့နေ ဦးလှထွန်းက ပြောသည်။
“ဘယ်နေရာတွေမှာ ဘာတွေ မလုပ်ရဆိုတဲ့ တားမြစ်ပိုင်ခွင့်တွေကို မလိုက်နာရင် အာဏာဖီဆန်တဲ့အတွက် ပုဒ်မ ၁၈၈ နဲ့ အရေးယူနိုင်တယ်။ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေမှာ ပြောပြထားတဲ့ ပုဒ်မ ၁၈၈ ကတော့ နိုင်ငံခြားရောက် နိုင်ငံသားတွေက ကိုယ့်ပြည်တွင်း ဥပဒေတွေအတိုင်း အဲဒီမှာကျင့်သုံးဖို့၊ မကျင့်သုံးရင် အရေးယူဖို့ ပြဌာန်းထားတာ။ မတူဘူး။ အခုက မြို့နယ် အုပ်ချုပ်ရေးမှူးတွေမှာ ရှိတဲ့ လုပ်ပိုင်ခွင့်ပဲ” ဟု ၎င်းက ဆိုသည်။
သို့ရာတွင် ယခင်က အမိန့် ၂/ ၈၉ ဖြင့် အပ်နှင်းထားသော အုပ်ချုပ်ရေးမှူးများ၏ စီရင်ပိုင်ခွင့်သည် ယခုအချိန် လွှတ်တော် ပေါ်ပေါက်လာပြီး နောက်ပိုင်း လွှတ်တော်မှသာ စီရင်ဆုံးဖြတ်၍ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ပိုင်ခွင့် ရှိသူမှာ တရားသူကြီးလား၊ မြို့နယ်အုပ်ချုပ်ရေးမှူးလား ဆိုသည်က မေးခွန်းထုတ်စရာဖြစ်နေသေးကြောင်း သူက ဆက်ပြောသည်။
ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော နယ်မြေများသည် အေးချမ်းသွားမည်ဆိုလျှင် ပြည်သူများအနေဖြင့် ထိုထုတ်ပြန်ထားချက် သက်တမ်း အချိန်ကျန်နေသေးလျှင်လည်း ပြန်လည်ရုပ်သိမ်းရန် တောင်းဆို တင်ပြပိုင်ခွင့်ရှိကြောင်း ရှေ့နေ ဦးဖိုးဖြူက ဆိုသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော နေရာများသည် မုံရွာမြို့၊ ဆားလင်းကြီးမြို့နယ် အတွင်းရှိ လက်ပံ တောင်းတောင် ဝန်းကျင်ဒေသများ၊ အဓိကရုဏ်းဖြစ်ပေါ် လာခဲ့သော ရမည်းသင်း၊ အုတ်ဖို၊ မင်းလှ၊ နတ္တလင်း၊ ကြို့ပင်ကောက်၊ မအောင်မြင် စစ်ကွင်း စသောမြို့များဖြစ်ပြီး မိတ္ထီလာသည် အရေပေါ် အခြေအနေ ကြေညာထားဆဲ မြို့ဖြစ်သည်။