ပြည်-ရန်ကုန် ကားလမ်း တလျှောက်တွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အရှိန်သည် ယခုအခါ လျော့ကျသွားပြီး မြို့ရွာများမှာ ပုံမှန်အခြေအနေနီးပါး ပြန်လည် ရောက်ရှိလာနေပြီဟု သိရသည်။
ယမန်နေ့ညနေတွင် သမ္မတ ဦးသိန်းစိန်က ပြဿနာများအပေါ် အင်အားသုံး ဖြေရှင်းခြင်းကို မနှစ်သက်သော်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် ဥပဒေနှင့်အညီ ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ရန် ပြောဆိုခဲ့ပြီးနောက် အခြေအနေများ တည်ငြိမ်လာခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
မင်းလှမြို့နယ်မှ မြို့ခံ ဦးတင်ထွန်းက “မနေ့ကတော့ ထပ်ပြီး ဖြိုကြ ဖျက်ကြသေးတယ်။ ပစ်မိန့်ပေးလိုက်တော့ လူတွေကွဲကုန်ပြီ။ သာရေးနာရေးတို့ ဆွမ်းလောင်း အသင်းကအစ အကူအညီပေးတဲ့ မွတ်စလင်တွေကို ရပ်ကွက်ကပဲ အကာအကွယ် ပေးထားတယ်” ဟု ပြောသည်။
လက်ရှိ အခြေအနေမှာ ငြိမ်သက်မှု ရှိလာပြီ ဆိုသော်လည်း မင်းလှမြို့ရှိ ဈေးမှာ ပြန်လည် ဖွင့်လှစ်ခြင်း မရှိသေးကြောင်းသိရသည်။
အလားတူ စစ်ကွင်း၊ မိုးညို စသည့်မြို့၌ ယနေ့ အခြေအနေမှာ ငြိမ်သက်လျက်ရှိပြီး အရောင်းအဝယ်မှာလည်း ပုံမှန်ပြုလုပ်နေပြီဟု ဒေသခံများကဆိုသည်။
လွန်ခဲ့သည့် ၉ ရက်ခန့်က မိတ္ထီလာမြို့မှ စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခသည် ရက်ပိုင်းအတွင်း ပြည်မြို့ အနီးတဝိုက်ရှိ မင်းလှ၊ စစ်ကွင်း၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ္တလင်း၊ ပုတီးကုန်း စသည့် မြို့များသို့ ကူးစက်ပျံနှံခဲ့ခြင်း ဖြစ်သည်။
ယင်း ပဲခူးတိုင်း အနောက်ခြမ်း မြို့များတွင် ပုဒ်မ ၁၄၄၊ ပုဒ်မ ၁၈၈ ထုတ်ပြန်ထားသော်လည်း ဒေသအာဏာပိုင်များ၏ ကိုင်တွယ်မှုများမှာ နှေးကွေးခဲ့သည့်အတွက် ဆူပူအကြမ်းဖက်မှုများမှာ ယမန်နေ့အထိ ဖြစ်ပွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြသည်။
ဇီးကုန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဒေါ်ခင်ဝိုင်းက “မနေ့နေ့ခင်းကတော့ ဗလီ မပြိုသေးလို့ဆိုပြီး လူစုတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်လာသေးတယ်၊ မြို့က လူတွေကလည်း ကြောက်နေကြတယ်” ဟု ဆိုသည်။
ဇီးကုန်းမြို့တွင်သာမက နတ္တလင်း၊ ကြို့ပင်ကောက်၊ ပုတီးကုန်း စသည့်မြို့များတွင်လည်း အရောင်းအဝယ် လုပ်ငန်းများ ပုံမှန်လုပ်ဆောင်နေပြီ ဖြစ်သော်လည်း မြို့ခံ မွတ်စလင်များမှာ တိမ်းရှောင်နေရဆဲ ဖြစ်ကြောင်း သိရသည်။
သဲကုန်းမြို့NLD မှ ဦးအောင်သန်းက “မနေ့ကအထိ လူတွေ ရပ်ရွာကာကွယ်ရေးအတွက် လုပ်နေရတာ။ တရက်မှ အိပ်ကောင်းခြင်း မအိပ်ရဘူး။ ဒီနေ့တော့ နည်းနည်းတော်သွားတယ်။ မြန်မာတပြည်လုံး မင်းမဲ့စရိုက်လို ဖြစ်နေတာ ပြည်သူတွေမှာ ဘယ်သူ့ အားကိုးရမှန်း မသိတော့ လှိမ့်ခံနေရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တရားဝင် ထုတ်ပြန်ချက်အရ မန္တလေးတိုင်း မိတ္ထီလာနှင့် ပဲခူးတိုင်း အနောက်ခြမ်း၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအတွင်း သေဆုံးသူ ၄၂ ဦး၊ အိမ် ၁၂၂၇ လုံး၊ ဆိုင် ၇၇ ခန်း၊ ဘာသာရေး အဆောက်အဦး ၃၇ လုံး၊ ယာဉ် ၂၁ စီး ပျက်စီးဆုံးရှုံးခဲ့ပြီး ဖမ်းဆီးတရားခံ ၆၈ ဦး ရှိကြောင်း သိရသည်။
လေ့လာသူများကမူ မြန်မာပြည် အလယ်ပိုင်း မိတ္ထီလာမှ ရန်ကုန်-ပြည်ကား လမ်းတလျှောက်ရှိ မြို့များသို့ ဆူပူ ဖျက်ဆီးမှုများ ကူးစက်လာခြင်း၊ ဘာသာရေး လူမျိုးရေး ပဋိပက္ခ ၃ ကြိမ် ဖြစ်ပေါ်ဖူးသည့် ပြည်မြို့သို့ ဦးတည်နေသည်ဟူသော ကောလဟာလများကို ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်နေခြင်းအပေါ် နောက်ကွယ်မှ ကြိုးကိုင်နေသူများ ရှိသည်ဟု သုံးသပ်ကြသည်။
သမ္မတ ဦးသိန်းစိန်ကလည်း ကိုယ်ကျိုးစီးပွားနှင့် ယှဉ်သည့် နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ်မှုများကို တည်ဆဲဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားရန် ယမန်နေ့က ပြည်သူသို့ ပြောကြားသည့် မိန့်ခွန်းတွင် ထည်သွင်းပြောဆိုသွားသည်။