အကြမ်းဖက် မီးရှို့မှုများ ဖြစ်ပွားခဲ့သော နေပြည်တော်ကောင်စီနယ်မြေ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ပါဝင်ပတ်သက်ခဲ့သူများကို လူသတ်မှု၊ မီးရှို့မှုတို့ဖြင့် စတင် အရေးယူနေပြီဖြစ်ကြောင်း နေပြည်တော် မှုခင်းဋ္ဌာနမှ ဒုတိယ ရဲမှူးကြီးမင်းအောင်က ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။
ပဋိပက္ခဖြစ်စဉ်များထဲတွင် မိတ္ထီလာမြို့မှ လူသတ်မှု ၁၁ မှု၊ မီးရှို့မှု ၇ မှု၊ လုယက်မှု ၁မှု နှင့် နာကျင်စေမှု ၁ မှု အပါအဝင် နိုင်ငံတော် အဆောက်အဦ်ဖျက်ဆီးမှုတို့ဖြင့် အရေးယူထားကြောင်းလည်း ဆိုသည်။
မိတ္ထီလာမြို့နှင့် ပဲခူးတိုင်း အနောက်ခြမ်းရှိ ဘာသာရေး လူမျိုးရေး အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်ခဲ့သူ ၆၈ ယောက်ကို ဖမ်းဆီး ထိန်းသိမ်းထားပြီး ၁၅ ဦးကို မသင်္ကာမှုဖြင့် စစ်ဆေးလျက် ရှိသည်။
ဖမ်းဆီး အရေးယူထားသူများတွင် သံဃာများ ပါဝင်ခြင်း မရှိကြောင်း၊ မြို့ခံ ဒေသခံများသာ ပါဝင်ကြောင်း၊ ပဋိပက္ခ ဖြစ်စဉ်များမှာ ဒေသအလိုက် သီးခြားဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး ဆက်စပ်မှု မရှိကြောင်း၊ ဆက်လက်ဖြစ်ပေါ်လာမည့် ဆူပူ အကြမ်းဖက်မှုများကို ရဲလုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယ ရဲမှူးကြီးမင်းအောင်က ဆိုသည်။
”မြို့နားမှာနေတဲ့ ရွာက လူတွေပဲ လာလုပ်နေကြတာ။ ဒေသခံတွေပဲ လုပ်ကြတာ။ ကားနဲ့ တင်ခေါ်လာပြီး လာချသွားတယ် ဆိုတာမျိုးတွေ မဟုတ်ပါဘူး။ အခု ဖမ်းထားတဲ့လူတွေက ရွာက လူတွေချည်းပဲ”ဟု ဆိုသည်။
ကသမ္မတဦးသိန်းစိန်က ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ထိပါးလာသော လုပ်ရပ်မှန်သမျှကို လုံး၀ လက်မခံမည်မဟုတ်ဘဲ ဥပဒေနှင့်အညီ ထိထိရောက် တားဆီးနှိမ်းနင်းရန် ရဲတပ်ဖွဲ့ကို အမိန့်ပေးထားသည်။
သမ္မတ အမိန့် ထုတ်ပြန်ပြီးနောက်ပိုင်းတွင် ဆူပူ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားခြင်း မရှိသေးသော်လည်း အခြေအနေကို စောင့်ကြည့်နေကြောင်း၊ လုံခြုံရေးအတွက် တပ်မတော်ကိုပါ အကူအညီ တောင်းခံထားကြောင်း ပဋိပက္ခမှုများ ဖြစ်ပွားလျက်ရှိသော ဒေသနှစ်ခုမှ ရဲအရာရှိများက ပြောသည်။
”ပထမ အသိပေးမယ်။ လူစုခွဲဖို့ ပြောမယ်။ လော်စပီကာနဲ့ အော်မယ်။ သေနတ်နဲ့ ပစ်တယ်ဆိုတာ နောက်ဆုံးအဆင့်ပါ။ လက်ရှိ အချိန်အထိတော့ ကျည်အစစ်နဲ့
မပစ်သေးပါဘူး”ဟု ဒုတိယရဲမှူးကြီး မင်းအောင်က ပြောသည်။
ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များမှ ထိခိုက်၊ ဒဏ်ရာရ၊ သေဆုံးမှုနှင့် ပျက်စီးဆုံရှုံးမှုများမှာ အကြမ်းဖက် ပဋိပက္ခများကြောင့် ၄၂ဦး သေဆုံးခဲ့ပြီး လူနေအိမ် ၁၂ဝဝ ကျော်၊ ဗလီ ၃၇လုံး ၊ဈေးဆိုင် ၇၇ ခုလည်း ပျက်စီးခဲ့သည်ဟု မတ်လ ၂ဝရက်နေ့မှ ၂၈နေ့အထိ ရရှိသော စာရင်းကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တရားဝင် ထုတ်ပြန်ထားသည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ်အိုဂျေး ကင်တားနားက သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းကို ကြိုဆိုလိုက်သော်လည်း နယ်မြေခံ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် နိုင်ငံရေးသမားများ ပါဝင်ပတ်သက်နေမှုများကို ဖော်ထုတ်စစ်ဆေးရန်လိုကြောင်း ထုတ်ပြန်ပြောဆိုသည်။
ထို့ပြင် ဗလီနှင့် အဆောက်အဦး ဖျက်ဆီးမှု များတွင် အစိုးရ လုံခြုံရေး အဖွဲ့အစည်းများ၏ တာဝန်ယူ စောင့်ရှောက်ပေးမှု အားနည်းခဲ့ကြောင်း၊ ၎င်းအပြင် စနစ်တကျ စုစည်းထားသည့် ဖျက်ဆီးရေးအဖွဲ့များလည်း ပါဝင်ပတ်သက်နေေကြောင်း အထောက်အထားများ ရရှိထားသည်ဟု ဆိုသည်။
သမ္မတ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်ကမူ “မစ္စတာကင်တားနားအနေနဲ့ မြေပြင်အခြေအနေများကို မှန်မှန်ကန်ကန်လေ့လာမှု မရှိဘဲ တစ်ဆင့်ကြားသတင်းများကိုသာ အခြေပြုပြောကြား နေခြင်းဟာ အခြေအနေကို ထိန်းသိမ်းနိုင်အောင်ဝိုင်းဝန်းကြိုးပမ်းဆာင်ရွက်နေတဲ့ အစိုးရ၊ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများ၊ သာသာရေးခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများရဲ့ လုပ်ဆောင်ချက်များကို မျက်ကွယ်ပြုရာရောက်တဲ့ အတွက် ဝမ်းနည်းစရာဖြစ်ပါတယ်” ဟု ၎င်း၏ ဖေ့ဘွတ်တွင် တုန့်ပြန်ရေးသားထားသည်။
ကြို့ပင်ကောက်မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးမြင့်ကြိုင်က မတ်လ ၂၆ရက်နေ့တွင် ဧရာဝတီသို့ ပြောဆိုရာ ဖျက်ဆီးခြင်း မခံရမီအချိန်တွင် ရဲအစောင့်များ ချထားသော်လည်း သံဃာတော်နှင့် ရဲများ ထိပ်တိုက်မဖြစ်စေရန် ရှောင်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။