မြန်မာပြည် အလယ်ပိုင်းတွင် ဖြစ်ပွားသည့် ပဋိပက္ခများကြောင့် ခရီးသွားလာမှု သတိပြုရန် အမေရိကန် သံရုံးက ၎င်းတို့၏ နိုင်ငံသားများကို သတိပေးစာ ထုတ်ပြန်လိုက်ပြီးနောက်ပိုင်း ရခိုင်ပြည်နယ် သံတွဲမြို့ရှိ ငပလီကမ်းခြေသို့ အမေရိကန်နှင့် ဗြိတိန်နိုင်ငံသားများ လာရောက် လည်ပတ်မှုနှုန်း လျော့ကျသွားကြောင်း ငပလီကမ်းခြေ ဟိုတယ်ဇုန်ဥက္ကဋ္ဌက ပြောသည်။
“အမေရိကန်နဲ့ ဗြိတိန်တွေ အလာနည်းသွားပေမယ့် ကျန်တဲ့ နိုင်ငံသားတွေကတော့ ပုံမှန်ရှိပါတယ်။ အဓိကတော့ ဂျာမန် နိုင်ငံသားတွေ များတယ်” ဟု ဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးကျော်စွာမောင်မောင်က ဧရာဝတီသို့ ပြောသည်။
ငပလီကမ်းခြေ ဟိုတယ်ဇုန်များတွင် နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ဇန်နဝါရီလများသည် ကမ္ဘာလှည့်ခရီးသွားများ အများဆုံး လာရောက်အပမ်းဖြေသည့် ကာလဖြစ်ပြီး ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီလများသည့် ပြည်တွင်း ဧည့်သည်များ လာရောက် လည်ပတ်လေ့ရှိသည့် ကာလများဖြစ်ကြောင်း သိရသည်။
မြန်မာပြည်အလယ်ပိုင်းနှင့် ပဲခူးတိုင်းအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခ ဂယက်များကြောင့် ယခုနှစ် ငပလီ ကမ်းခြေ သင်္ကြန်သို့ ဧည့်သည်ဝင်ရောက်မှုနှုန်း ကျဆင်းနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများနှင့် ဆက်စပ်နေသူများက ခန့်မှန်းပြောဆိုသည်။
“နှစ်တိုင်း ဒီချိန်ဆိုရင် ပြည်တွင်းဧည့်သည်တွေ ရောက်နေပြီ။ ဒီချိန်က ကလေးတွေ စားမေးပွဲပြီးလို့ ကျောင်းတွေလည်း ပိတ်တဲ့အချိန်။ ဒီနှစ် လုံး၀ မလာကြဘူး။ သိသိသာသာကို နည်းနေတယ်။ ဒီမှာတော့ အခြေအနေတွေ အားလုံးက ကောင်းပါတယ်” ဟု Boat Trip ဝန်ဆောင်မှု အသင်းမှ တာဝန်ရှိသူတဦးဖြစ်သည့် ကိုကျော်စိုးထွန်းက ပြောသည်။
ငပလီကမ်းခြေရှိ ပုဂ္ဂလိက လေကြောင်းများ လက်မှတ်အရောင်း ကောင်တာမှ တာဝန်ရှိသူတဦးကလည်း “ဒီနှစ်မှာ မိတ္ထီလာ ဂယက်ကြောင့် ကမ်းခြေသင်္ကြန် လူနည်းမယ်ထင်တယ်” ဟု ပုံမှန်အခြေအနေနှင့် နိုင်းယှဉ်၍ ခန့်မှန်းပြော ဆိုသည်။
ယမန်နှစ် နှစ်လယ်ပိုင်းမှ စတင်၍ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့်လည်း ခရီးသွားလုပ်ငန်းကို ထိခိုက်မှုများရှိခဲ့ကြောင်း ငပလီကမ်းခြေမှ ဟိုတယ်လုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။
ငပလီကမ်းခြေသို့ ကမ္ဘာလှည့်ခရီးသွား လာရောက်လည်ပတ်မှုမှာ နိုင်ငံစုံမှ ဖြစ်လာကြောင်း ကိုကျော်စိုးထွန်းက ပြောသည်။
“အစိုးရ အပြောင်းအလဲ ဖြစ်ပြီးတဲ့နောက်ပိုင်း ဒီနှစ်မှာ မလာဖူးတဲ့ တိုင်းပြည်တွေက ဧည့်သည်တွေ အဝင်များလာတယ်။ နော်ဝေ၊ ချက်ဇ်နဲ့ စလိုဘေးနီးယားလို နိုင်ငံမျိုးတွေက အုပ်စုလိုက် ရောက်လာကြတယ်” ဟု ကိုကျော်စိုးထွန်းက ဆိုသည်။
သို့သော် ကမ်းခြေတခုလုံး အနေဖြင့် ခြုံကြည့်လျှင် နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား နည်းပါးလေ့ရှိသည့် ယခုလတွင် ပုံမှန်ထက် များနေဆဲဖြစ်ကြောင်း ကိုကျော်စိုးထွန်းက ပြောသည်။
ငပလီကမ်းခြေတွင် ယခုလက်ရှိတွင် ထပ်မံဖွင့်လှစ်မည့် ဟိုတယ်အသစ် နှစ်လုံး အပါအဝင် ဟိုတယ်စုစုပေါင်း ၁၆ လုံးရှိကြောင်း သိရှိရသည်။