အဓိကရုဏ်း ဖြစ်ပေါ်ခဲ့သော မိတ္ထီလာ၊ ရမည်းသင်း၊ အုတ်ဖို၊ မင်းလှ၊ နတ်တလင်း၊ ကြို့ပင်ကောက်၊ မအောင်မြင်၊စစ်ကွင်းစသော မြို့များအပါအဝင် ရန်ကုန်မြို့တွင် အခြေခံစားကုန်များ ဈေးတက်ခြင်း၊ ပစ္စည်းပြတ်လပ်ခြင်း ပစ္စည်း ဝယ်စုဆောင်းခြင်း၊ သိုလှောင်ထားခြင်းများ မရှိဘဲ ကုန်စည်စီးဆင်းမှု ကောင်းမွန်လျှက်ရှိကြောင်း အခြေခံစားကုန်များ ရောင်းချနေသည့် ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
“များများစားစား ဝယ်စုတာမျိုး မရှိပါဘူး။ ဈေးကလည်း ပုံမှန်အနေအထား လောက်ပါပဲ။ နောက်တခုက လကုန်ခါနီး ဖြစ်နေတော့လည်း ငွေကပြတ်နေပြီလေ။ စုဆောင်းတာမျိုးတွေ မရှိဘူး” ဟု ရန်ကင်းဈေး အတွင်းမှ မေတ္တာရောင်ခြည် ဆန်ဆီ ရောင်းဝယ်ရေးမှ ဒေါ်အေးဖြူဖြူက ပြောသည်။
ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည့် နေ့များမှာသာ အနည်းငယ် ဈေးကစားမှု ရှိခဲ့ကြောင်း၊သို့ရာတွင် နောက်ပိုင်း၌ မူလ အခြေအနေတိုင်းသာ ရှိကြောင်း၊ ကုန်စည်စီးဆင်းမှုမှာလည်း ယခင်ကဲ့သို့ ကြန့်ကြာမှုများ မရှိသည့်အတွက် ဈေးကစားမှု နည်းပါးကြောင်း စားသောက်ကုန် တင်ပို့ရောင်းချသူများ အသင်းမှ အသင်းဝင်တဦးထံမှ သိရသည်။
“ပဋိပက္ခ စဖြစ်တဲ့နေ့ကနေ ဒီနေ့အထိကို စားသောက်ကုန် ပြတ်တာတွေမရှိဘူး။ ဈေးကလည်းပုံ မှန်ဈေးအတိုင်းပဲ ရှိတယ်။ရှားတယ်ဆိုတာ မရှိဘူး။ ရောင်းရေးဝယ်ရေးကော၊ ပစ္စည်းတွေကောက ပုံမှန်တိုင်းပါပဲ။ဘာမှ ပြောင်းလဲတာမရှိပါဘူး” ဟုမိတ္ထီလာ မြို့ခံတဦးက ပြောသည်။
လက်ရှိအစိုးရမှာ ငွေကြေးဖောင်းပွမှုကို ထိန်းသိမ်း လာနိုင်သည့်အတွက် မြန်မာ့ငွေတန်ဖိုး မှာလည်း တည်ငြိမ်နေလျှက် ရှိသည့်အတွက် ကုန်ဈေးနှုန်း တက်လာခြင်း မရှိကြောင်း၊ ထို့အပြင် ကုန်စည်စီးဆင်းမှု တွင်လည်း ယခင်ကထက် ပိုမို မြန်ဆန်လာသည့်အတွက် ကုန်စည်များဈေးမတက်ခြင်း ဖြစ်ကြောင်း၊ ယခင် အခြေအနေများကဲ့သို့ ကုန်ပစ္စည်း စီးဆင်းမှု ကြန့်ကြာခြင်းများ မရှိတော့သည့်အတွက် ပဋိပက္ခဖြစ်ပွားခဲ့သော်လည်း စီးပွားရေး နောက်ဆက်တွဲ ဆိုးကျိုး နည်းပါးခြင်း ဖြစ်နိုင်ကြောင်း စီးပွားရေးလေ့လာသူ တဦးက သုံးသပ်သည်။
“ပဋိပက္ခတွေဆိုတာက ခဏပဲ။ မထိန်းနိုင်တာလည်းမဟုတ်ဘူး။ ထိန်းနိုင်နေတာဘဲလေ။ သိပ်ပြီး ဈေးကစားမှာ မဟုတ်ဘူး။ရေတိုကိစ္စတွေပါ။ လက်ရှိ အခြေအနေကြောင့် ဈေးအတက်အကျ ရှိလာတာတွေ၊ အရင်လို သိုလှောင် သိမ်းတာတွေ မရှိနိုင်ဘူး” ဟု စီးပွားရေးပညာရှင် ဒေါက်တာခင်မောင်ညို (ဘောဂဗေဒ) က ရှင်းပြသည်။
ပဋိပက္ခများ နယ်ပယ်စုံတွင် ဖြစ်ပွားခဲ့သော်လည်း တနိုင်ငံလုံး အတိုင်းအတာ မဟုတ်ခြင်း၊အစိုးရအနေဖြင့် ထိန်းနိုင်သည့် အနေအထားတွင် ရှိနေခြင်း တို့ကြောင့် ကုန်ဈေးနှုန်း မတက်ခြင်း ဖြစ်နိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးသန်းဇော်က ပြောသည်။
“ဝယ်ယူမှုတွေမှာ ခေါက်ဆွဲခြောက် ဝယ်တာကတော့ အရင်ကထက် များတယ်။ ဒါပေမယ့် ဒါကလည်း နေရာတိုင်းမှာ မဟုတ်ဘူး။ တနေရာနဲ့တနေရာက မတူဘူး။ ပြောရခက်တယ်။ သိမ်းကျုံး ပြောရရင်တော့ အရင်ကလို ဝယ်စုတာတို့ ဘာတို့တော့ မရှိပါဘူး” ဟု ABC စတိုးရုံးချုပ်မှ မန်နေဂျာ တဦးက ဆိုသည်။
ကုန်ပစ္စည်းဈေးများမှာ အတက်အကျမရှိဘဲ ပုံမှန်အတိုင်းသာ ရှိသော်လည်း ရွှေဈေးနှုန်းမှာ မေလဆန်းတွင် ကျပ် ၇ သိန်း ၅ သောင်းကျော် ရှိရာမှ မေ ၂၇၊ ၂၈ မှ စတင်ကာ ၇ သိန်း ၄ သောင်းကျော်သို့ ကျသွားခဲ့ပြီး မေ ၂၉ တွင် ၇၄၃၅၀၀ ဈေးသာ ရှိတော့ကြောင်း ရွှေဈေးကွက် အတွင်းမှ သိရသည်။
ဒေါ်လာ ဈေးနှုန်းမှာမူ မေလဆန်းတွင် ကျပ် ၈၉၀ ကျော် ရှိရာမှ မေ ၂၆၊ ၂၇ မှ စတင်ကာ ၈၇၀ ပတ်ဝန်းကျင်သာ ရှိခဲ့ပြီး မေ ၂၉ တွင် တဒေါ်လာလျှင် ၈၇၆ ကျပ်ဈေး ပေါက်နေသည်။