ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေးအဖွဲ့ (Rohingya Solidarity Organization ခေါ် RSO) မှ ခေါင်းဆောင်တဦးဟု ဘင်္ဂလားဒေ့ရှ် လုံခြုံရေးအာဏာပိုင်များက ယူဆစွပ်စွဲထားသူ အသက် ၅၀ အရွယ်ရှိ ဟာဖက်ဇ် စနောလ် အစ္စလမ် (Hafez Sanaul Islam) ကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တပတ်အကြာတွင် ရာမူးဒေသတွင် ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများအား မီးရှို့ဖျက်ဆီးမှုကို စီစဉ်မှုဖြင့် ရုံးတင် တရားစွဲလိုက်ကြောင်း သတင်းရရှိသည်။
ဟာဖက်ဇ် စနောလ် အစ္စလမ်ကို ဖမ်းဆီးပြီး တပတ်အကြာတွင် ရမန် ၁၀ ရက်ယူရန် တရားရုံးသို့ တင်ပြတောင်းဆို သော်လည်း တရားသူကြီးက ခွင့်မပြုခဲ့ကြောင်း ကောက်စ်ဘဇား ရဲစခန်းမှ အရာရှိ မူဟာမက် ဇော်ရှင်း အူအင် စီဒစ်ကီကို ကိုးကားပြီး ကောက်စ်ဘဇားထုတ် သတင်းစာက ရေးသားသည်။
“တရားရုံးမှာ စစ်ဆေးခွင့် ရမန် ၁၀ ရက်တောင်းတော့ တရားသူကြီး တိုဘီဒူလ်ဟောက်က ခွင့်မပြုဘူး။ သို့သော် မေးမြန်းစရာ ရှိတယ်ဆိုရင်တော့ ထောင်အချုပ်က ရုံးခန်းမှာ မေးလို့ရမယ်လို့ဘဲ ခွင့်ပြုတယ်” ဟု ကောက်စ်ဘဇားထုတ် သတင်းစာတွင် ရေးသားသည်။
ဟာဖက်ဇ် စနောလ် အစ္စလမ်ကို ယခုလ ၂၁ ရက်နေ့တွင် ကော့စ်ဘာဇာ ခရိုင်၊ တာ့ခ်နာမြို့အတွင်းရှိ Hila Darus Sunnah Madrasah ဘာသာရေးစာသင်ကျောင်း တကျောင်းတွင် အစည်းဝေးလုပ်နေချိန် ညနေ ၅ နာရီခန့်တွင် သတင်းအရ ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက် စီးနင်းရာမှ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း ကောက်စဘဇား ခရိုင် ASP ရဲမှူးကြီး ဘာဘူအက်တာ ပြောသည်။
ဟာဖက်ဇ် စနောလ် အစ္စလမ်သည် မြန်မာနိုင်ငံ ရခိုင်ပြည် မောင်တောမြို့မှ နီဇမ်အူဒင်၏ သားဖြစ်ပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ၁၉၇၈ ခုနှစ်က တရားမဝင် ဝင်ရောက်ကာ RSO နှင့် စတင် ဆက်စပ်ခဲ့ပြီး ပြည်တွင်းပြည်ပ အကြမ်းဖက် အဖွဲ့အစည်းများဖြင့် ဆက်စပ်လျက်ရှိနေသည်မှာ အချိန်ကြာမြင့်နေပြီ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထုတ် NUO အင်္ဂလိပ် သတင်းစာက ရေးသားသည်။
ဟာဖက်ဇ် စနောလ် အစ္စလမ်ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလအတွင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံ ရာမူး (ပန်းဝါ)၊ တာ့ခ်နာနှင့် ပန်းဝါမြို့များတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားများကို မီးရှို့ဖျက်ဆီးမှုတွင် စီစဉ်လုပ်ဆောင်မှုကြောင့် ဘင်္ဂလာဒေ့ရှ်အစိုးရက အလိုရှိနေသူ ဖြစ်သည်။
RSO ၏ ပင်မစခန်းသည် မောင်တောမြို့ အနောက်မြောက်ဘက် ၄၅ မိုင်ခန့် အကွာ ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ဘန်တရိုဘန်ခရိုင်၊ နတ်ကျောက်စရီမြို့၊ ဒူဆိုရီဒေသတွင် တည်ရှိနိုင်ကြောင်း မြန်မာနယ်ခြားစောင့်တပ် နစကမှ အရာရှိတဦးက ပြောသည်။
“မြန်မာနယ်စပ်ကနေ ၅ မိုင်လောက် ဝေးတဲ့ ဘင်္ဂလားပိုင်နက်ထဲမှာ ဖြစ်နေတော့ သူတို့က မြန်မာထဲကို ဝင်လိုက်ထွက်လိုက် လုပ်လို့ရတယ်။ ပြီးခဲ့တဲ့ လတွေက ဖြစ်ပွားခဲ့တဲ့ ဖမ်းဆီးမှုတွေ၊ ကားမီးရှို့မှုတွေက သူတို့အဖွဲ့ပဲ လုပ်တာ” ဟု ယင်းအရာရှိက ဆိုသည်။
RSO တပ်ဖွဲ့ဝင်များ အနေဖြင့် ၎င်းတို့ စခန်းအနီးရှိ ကျေးရွာများကိုလည်း ရံဖန်ရံခါ ဝင်ရောက်လေ့ ရှိကြောင်း မြန်မာ-ဘင်္ဂလာဒေ့ရှ် နယ်စပ် အနီး ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဘက်ခြမ်းရှိ နတ်ကျောက်စရီမြို့နယ် ပန်းချောင်း (ပိုင်ဆိုးရီ) ကျေးရွာသား တဦးက ပြောသည်။
“တခါတလေ ရွာထဲကို ဝင်လာတာရှိတယ်။ တခါတခါ လာရင် လက်နက် အပြည့်အစုံနဲ့ လူ ၄၀- ၅၀ လောက်စီပါတယ်။ ရွာသားတွေကို ဘာမှ လုပ်တာတော့ မရှိဘူး” ဟု ယင်းရွာသားက ပြောသည်။
RSO ၏အဓိက ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောနှင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသကို သိမ်းယူပြီး လွတ်လပ်သော မွတ်စလင်နိုင်ငံတော် တည်ထောင်ရန် ဖြစ်ကြောင်း ဘင်္ဂလာ-မြန်မာ နယ်စပ်ဒေသ စစ်ရေး ကျွမ်းကျင်သူ ဦးရွှေမောင်းက ပြောသည်။
၁၉၇၀ ခုနှစ်ဝန်းကျင် Rohingya Patriotic Front (RPF) ကို ဥက္ကဌ မူဟာမက် ဂျာဖား ဟာဗစ်က ဦးဆောင်ပြီး ၁၉၈၀ ခုနှစ်တွင် RPF မှ မူဟာမက် ယူနွတ် ဦးဆောင်သော အဖွဲ့သည် RSO အမည်ဖြင့် ခွဲထွက်ခဲ့သည်။