သတင်း

သင်္ကြန်နီးချိန် မန္တလေးတွင် အုပ်စုဖွဲ့ရမ်းကားမှုများရှိ

This article has been converted from Zawgyi One to Unicode

ယနေ့နံနက် ၁ နာရီအချိန်ခန့်က မန္တလေး မဟာအောင်မြေမြို့နယ်တွင် လူနေအိမ်များရှေ့၌ ရပ်နားထားသော ကားတစီး၏ မှန်များကို လူအုပ်စုတစုက အကြောင်းမဲ့ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဖျက်ဆီးရသည့် အကြောင်းရင်းကို မသိရှိရသေးသော်လည်း ကျူးလွန်သူတို့မှာ အခင်းဖြစ်ပွားချိန်တွင် အရက်မူးနေသူများ ဖြစ်သည်ဟု မဟာအောင်မြေမြို့နယ် အမှတ် ၉ ရဲစခန်းမှ တာဝန်ကျရဲအုပ် ဦးစိုးမိုးနိုင်က ဧရာဝတီကို ပြောသည်။

“ဘာသာရေးနဲ့ ပတ်သက်တာမျိုး မဟုတ်ပါဘူး။ သူတို့ဘာသာ သူတို့ မူးပြီး ရမ်းကားတာပါ။ လူငယ်တွေဆိုတော့ အရက်လေးဝင်တာရယ် လေတဖြူးဖြူး တိုက်တာရယ်ဆိုတော့ စိတ်တွေအလိုလိုနေရင်း ကြွပြီး ရမ်းကားတာတွေ ဖြစ်ကုန်တာပါ” ဟု ၎င်းက ဆိုသည်။

အခင်းဖြစ်ပွားချိန်တွင် ပါဝင်သူ ၁၀ ဦးရှိပြီး ၉ ဦးကို အချိန်တိုအတွင်း ဖမ်းဆီးနိုင်ခဲ့သည်။ ခေါင်းဆောင်ဟု ယူဆရသော ဗေဒါကြီး ဆိုသူမှာမူ လွတ်မြောက်နေဆဲဖြစ်ပြီး ဖမ်းဆီးရမိရန် အချိန်နှင့် တပြေးညီ် ကြိုးစားနေကြောင်း ရဲအုပ်စိုးမိုးနိုင်က ပြောသည်။

၎င်းကျူးလွန်သူ လူငယ်များမှာ ၇၄ လမ်းနှင့် ၃၇ လမ်းကြားရှိ အိမ်တအိမ်ရှေ့တွင် ရပ်နားထားသည့် Van ကားကို အကြောင်းမဲ့ မှန်များရိုက်ခွဲခဲ့ခြင်းဖြစ်သည်။ ကား၏ ဘယ်ဘက်အခြမ်းရှိ မှန်မှာ တစစီကွဲကုန်ပြီး ညာဘက်အခြမ်း ကားမှန်မှာ အပေါက် ဖြစ်သွားခဲ့သည်။ မှန်များကိုသာ ရိုက်ခွဲခဲ့ခြင်းဖြစ်ပြီး ကားကိုယ်ထည်ကို ဖျက်ဆီးခဲ့ခြင်းမျိုး မရှိဟုလည်း သိရသည်။

“အဲလို ရမ်းကားတဲ့ လူတွေကို ရပ်ကွက်ကနေ ဝိုင်းဖမ်းကြတာပါ။ သူတို့လည်း သွေးရူးသွေးတန်းနဲ့ ပြေးမိပြေးရာ ပြေးကြတာ ထွက်ပေါက်မရှိတဲ့ လမ်းကို တဦးက ဝင်သွားတယ်။ အဲဒါနဲ့ ရပ်ကွက်ကလူတွေက ခြိမ်းခြောက်ပြီး ဖမ်းလိုက်တာ။ နောက်ပိုင်းမှ ကျန်တဲ့လူတွေကို ရဲကဆက်ရှာပြီး ဖမ်းရတာပါ” ဟု ယင်းရပ်ကွက်တွင် နေထိုင်သူ တဦးက ပြောသည်။

ယခုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အတွက် ဖမ်းဆီး စစ်ဆေးထားသော တရားခံများကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅ ခုနှင့် စွဲချက် တင်ကာ တရားရုံးသို့ တင်မည်ဖြစ်ကြောင်းသိရသည်။

၎င်းတို့ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄ (ဆဲဆိုရမ်းကားမှု)၊ ၄၄၀ (နာကျင်စေရန် ပြင်ဆင်ပြီးနောက် စော်ကားမှု၊ အကျိုးဖျက်ဆီးမှု)၊ ၅၀၄ (ငြိမ်ဝပ်ပိပြားရေး ပျက်ပြားစေရန် အကြံဖြင့် တမင်စော်ကားခြင်း)၊ ၄၂၇ (အကျိုးဖျက်ဆီးမှု) နှင့် ၁၄၄ (လူတယောက်ထက် ပိုမှု) တို့ဖြင့် အမှုဖွင့်ထားကြောင်း တာဝန်ကျ ရဲအရာရှိက ဧရာဝတီသို့ ပြောသည်။

မတ်လ ၉ ရက်နေ့ ည ၁၁ နာရီအချိန်ခန့် ကလည်း မန္တလေးမြို့ ၆၉ လမ်း ၇၁ လမ်းနှင့် ၇၂ လမ်းကြားတွင် လူငယ်အချင်းချင်း အုပ်စုဖွဲ့ ရိုက်နှက်မှုတခု ဖြစ်ပွားခဲ့ပြီး တရားခံ ၈ ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။ ထိုနည်းတူပင် မန္တလေးမြို့ တချို့သော နေရာများတွင် ဆိုင်ကယ်များ စီးနင်းကာ အုပ်စုဖွဲ့ပြီး လမ်းသွားလမ်းလာများ၏ ကားများကို မှန်ရိုက်ခွဲသည့် ဖြစ်စဉ်များလည်း ရှိခဲ့ဖူးသည်။ သို့ရာတွင် တရားခံများကို ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိသေးပေ။

ယင်းကဲ့သို့ အုပ်စုဖွဲ့ ရမ်းကားမှုများသည် မန္တလေးမြို့၌ သင်္ကြန်နား နီးချိန်တွင် ဖြစ်လေ့ဖြစ်ထ ရှိသော ပြဿနာများ ဖြစ်သော်လည်း လွန်ခဲ့သောလ အတွင်းက မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်း ဖြစ်ရပ်များကြောင့်  ရပ်ကွက်များအတွင်း ဆူပူမှုများမဖြစ်ပွားစေရန် အထူးဂရုစိုက်နေကြရကြောင်း မန္တလေး ဒေသခံများက ပြောသည်။

Loading