ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် ပါရဂူဘော်ဒါဆောင်တွင် ကျောင်းသူတဦး ရိုက်နှိက်ဆုံးမခံရမှုအပေါ် ကျောင်းသူ၏ မိဘများက မကျေနပ်သဖြင့် ဆရာနှင့် မိဘအကြား တရားစွဲဆိုအမှုအခင်းဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ပါရဂူဘော်ဒါဆောင်မှ ဆရာတဦးဖြစ်သူ ဦးစန်းမြင့်ထွန်းက တက္ကသိုလ်ဝင်တန်း ကျောင်းသူ တဦးဖြစ်သူ မဖြူဖြူသွင်စိုးနိုင်ကို ကျောင်းက စစ်ဆေးမေးမြန်းသော စာမေးပွဲကို အချိန်ပြည့် ဖြေဆိုခြင်း မပြုသည့် အတွက် ကြောင့် ဟုဆိုကာ ရိုက်နှက် ဆုံးမခဲ့ကြောင်း၊ ယင်းသို့ ရိုက်နှက်ရာတွင် ကျောင်းသူ၏ ကျောပြင်တခုလုံးတွင် အရှိုးရာများ ပြည့်နှက် နေပြီး အပေါ်ယံ အရေပြားများ ကွဲပြဲ ထွက်သွားသဖြင့် ဇီးကုန်းတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရကြောင်း ကျောင်းသူ၏ မိဘများက ပြောသည်။
“ကျနော့် ညီမ အပါအဝင် ကျောင်းသူ ၄ ယောက်ကို စာမေးပွဲ အချိန်ပြည့်အောင် မဖြေဘဲ ၁၅ မိနစ်စောပြီး ဆင်းတဲ့အတွက် ကျောင်း စောစော ဆင်းလာလို့ဆိုပြီး ဘော်ဒါဆောင်က ဆရာက ကြိမ်လုံးနဲ့ ရိုက်တယ်။ တခြားကျောင်းသူတွေ တော့ မသိဘူး။ ညီမလေး ကတော့ ကျောတပြင်လုံး အရှိုး ရာတွေ အပြင်ကို ကျောပေါ်က အရေပြား ၁ ပေလောက် ကွဲသွား တယ်။ဖုန်းဆက်ပြီး ကျနော့် ညီမကို ဘာအပြစ်ကြောင့် ရိုက်တယ်ဆိုတာ သိချင်လို့ပါလို့ မေးတော့ စာမေးပွဲခန်းထဲက ၁၅ မိနစ် စောထွက်လာလို့ဆိုပြီး ဖြေတယ်။ ဒါနဲ့ အကျိုးအကြောင်းသင့်ပြောပြီး ဒီအပြစ်နဲ့ ဒီလိုရိုက်တာ မလွန်လွန်းဘူးလားလို့ မေးမိတော့ ဘယ်သူ့မှ ဂရုမစိုက်ဘူး။ တိုင်ချင်တဲ့နေရာမှာတိုင်လို့ ပြောတယ်။ ပညာရေးမှူးကလည်း ဒီလောက်က ကိစ္စမရှိပါဘူး။ ဒါက ပြသနာမဟုတ်ဘူးလို့ ပြောတယ်”ဟု ကျောင်းသူ မဖြူဖြူသွင်စိုးနိုင်၏ အကိုဖြစ်သူ ကိုဝေလျံနိုင်က ဧရာဝတီသို့ ပြောသည်။
ကျောင်းသူ ရိုက်နှက်ဆုံးမခံရမှုအပေါ် မဖြူဖြူသွင်စိုးနိုင်၏ မိဘများက မကျေနပ်သည့်အတွက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဇီးကုန်းမြို့နယ် ရဲစခန်းနှင့် မြို့နယ်ပညာရေးမှူးတို့ထံသို့ တိုင်စာပို့ တိုင်ကြားထားကြောင်း၊ ထို့ပြင် ဇီးကုန်းမြို့နယ် တရားရုံးတွင် ရိုက်နှက်ခဲ့သော ဆရာဦးစန်းမြင့်ထွန်းကို ပုဒ်မ ၃၂၃ သာမန် နာကျင်စေမှုဖြင့် အရေးယူပေးရန် မတ်လဆန်းပိုင်းတွင် ဦးတိုက်လျှောက်ထားခဲ့ပြီး တရားရုံးက လက်ခံထားကြောင်း သိရှိရသည်။
သာမန်နာကျင်စေမှု ပုဒ်မ ၃၂၃ အရ ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ခြောက်လ(သို့မဟုတ်) ငွေဒဏ် ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရှိရသည်။
သို့ရာတွင် ဇီးကုန်းမြို့နယ်တွင် အကြမ်းဖက်လူအုပ်စုများက ဘာသာရေး အဆောက်အအုံနှင့် နေအိမ်များဖျက်ဆီးမှု များရှိနေသည့်အတွက် ဒေသခံအာဏာပိုင်များက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားချိန်နှင့်တိုက်ဆိုင်နေသည့်အတွက် တရားရုံးက လက်ခံထားသော အမှုကို စစ်ဆေးနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
ကျောင်းသူရိုက်နှက်ခံရမှုနှင့်ပတ်သက်ပြီး ပါရဂူဘော်ဒါဆောင်မှ ဒေါက်တာကြည်ကြည်ဆန်းက မိမိတို့ဘက်မှ မှားယွင်းမှုမရှိကြောင်း၊အမှုအတွက် ရှေ့နေငှားရမ်းထားကြောင်း ပြောသည်။
ပါရဂူဘော်ဒါဆောင်ဘက်မှ အမှုလိုက်ပါဆောင်ရွက်နေသော ရှေ့နေ ဦးသန်းဝင်းက မိမိတို့အနေဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တရားနိုင်လျှင်လည်း ဥပဒေနဲ့ အညီအနိုင်ရမည်ဖြစ်ပြီး ရှုံးနိမ့်မည် ဆိုပါကလည်း ဥပဒေနှင့်အညီ ရှုံးနိမ့်ခြင်းသာ ဖြစ်လိုကြောင်း ဆိုသည်။
“ကျောမှာ ၁ ပေ လောက်ကွဲသွားတာတော့ မသိဘူး။ ဆေးစာမှာလည်း မပါဘူး။ ဆေးစာထဲမှာ ဖူးယောင်ပြီး ပေါက်ပြဲတယ် လို့ပဲ ဖော်ပြထားတာ။ ဓါတ်ပုံကလည်း တရားဝင်မဟုတ်ဘူး။ ဖလင်ကင်မရာနဲ့ ရိုက်ထားတယ်ဆိုရင် လက်ခံတယ်။
ဒစ်ဂျစ်တယ်ကင်မရာနဲ့ ဆိုရင်တော့ ကွန်ပျူတာ Effect တွေ ထည့်လို့ရလို့ ကျနော် လက်မခံဘူး”ဟု ရှေ့နေ ဦးသန်းဝင်းက ဆိုသည်။
ဇီးကုန်းမြို့နယ်ပညာရေးမှူး ဒေါ်နန်းမြင့်မြင့်အေးက ပုဂ္ဂလိကဘော်ဒါဆောင်တွင် ကျောင်းသားကျောင်းသူများကို ဆရာ၊ ဆရာမက ရိုက်နှက် ဆုံးမခြင်းသည် ကောင်းစေချင်သော ဆန္ဒဖြင့် ဆုံးမခြင်းဖြစ်ပြီး ကျောင်းသားကျောင်းသူများအား ရည်ရွယ် ချက်ရှိရှိ ထိခိုက် နာကျင်စေသောစိတ်ဖြင့် ပြုလုပ်သည်ဟု မိမိ မယူဆကြောင်း၊ ကျောင်းသူ၏ ကျောပြင် အရေပြား ပေါ်တွင် ၁ ပေ ခန့် ကွဲသွားသည်ဟု ဆိုခြင်းမှာလည်း မဟုတ်မှန်ဘဲ အရှိုးရာ ထင်ခြင်းသာဖြစ်ကြောင်း၊ ဓာတ်ပုံထဲတွင် သွေးအရောင်ကြောင့် ဒဏ်ရာထင်းပြီး ပြင်းထန်သည်ဟု ယူဆဖွယ်ရာရှိကြောင်း ပြောသည်။
အခြေခံပညာရေးစနစ်တွင် ကျောင်းသူကျောင်းသားများကို ရိုက်နှက်ဆုံးမခြင်းကြောင့် ကောင်းကျိုး၊ ဆိုးကျိုး များရှိနိုင်ကြောင်း၊ ကျောင်းဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသူကျောင်းသူကို ရိုက်နှက်ဆုံးမှုကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုး များ၏ အကျိုးဆက်အား ထိန်းကျောင်းကာကွယ်နိုင်မည့် နည်းလမ်း မရှိသေးသည့်အတွက် ရိုက်နှက်ဆုံးမမှုများကို ဆင်ခြင် သင့်ကြောင်း ၊ သတင်းအချက်အလက်နှင့် နည်းပညာ ထွန်းကားနေသော ယခုခေတ် ကလေးများ၏ စိတ်ခံစားချက်သည် ဆရာ၊ ဆရာမ ပြောသမျှ ၊ လုပ်သမျှ ငြိမ်ခံမည့် အနေအထားမရှိတော့ကြောင်း ကျောင်းဆရာ၊ ဆရာမအချို့က သုံးသပ်သည်။
ကျောင်းသားကျောင်းသူများကို ရိုက်နှက်ဆုံးမရာတွင် အရိုက်ခံရသော ကျောင်းသား၊ ကျောင်းသူက သဘောမတူပါက လက်ရောက်မှုမြောက်ပြီး သွေးထွက်၊ သံယို ဖြစ်သည်ဆိုပါက အမှုပိုကြီးနိုင်ကြောင်း ပြင်ဦးလွင်၊ စိုးစံဘော်ဒါဆောင်မှ တာဝန်ရှိသူ ဦးတင်လတ်က ဆိုသည်။
ပုဂ္ဂလိကကျောင်းနည်းဥပဒေ၊ ပုဒ်မ ၁၈ (ဃ)တွင် ကျောင်းသား၊ ကျောင်းသူများကို အတင်းအကျပ်ခိုင်းစေခြင်း၊ ပိတ်လှောင်ခြင်း၊ ပြင်းထန်စွာ အပြစ်ပေးခြင်းမပြုရန် (သို့မဟုတ်) မပြုစေရန် ကြပ်မတ်ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထား ကြောင်း သိရှိရသည်။