သတင်း

မူဆယ်တွင် ရွှေဆိုင် ဓားပြတိုက်ခံရ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဧပြီ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်က မူဆယ်မြို့ စည်ပင်သာယာ အမှတ် ၁ ဈေး အပေါ်ထပ်ရှိ ရွှင်လင်းရောင် ရွှေဆိုင်ကို ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ ဓားပြတိုက်မှု ဖြစ်ပွားခဲ့သည့်အတွက် တခြားရွှေဆိုင်များလည်း ထိတ်လန့်စိုးရိမ်မှု ဖြစ်ကာ ဆိုင်ပိတ်ပြီး အရောင်းအဝယ် ရပ်ဆိုင်း ထားလိုက်ရကြောင်း သိရသည်။

ဓားပြများက သေနတ်ဖြင့်ချိန်ပြီး ရွှေများကို လုယူသွားခြင်းဖြစ်ကြောင်းနှင့် သက်ဆိုင်ရာသို့ တိုင်ကြားထားကြောင်း ရွှင်လင်းရောင် ရွှေဆိုင်ပိုင်ရှင် စိုင်းယီလွန်းက ဧရာဝတီသို့ ပြောသည်။

“ဓားပြ သုံးယောက်ပါ။ မျက်နှာကတော့ အုပ်ထားတယ်။ မမြင်ရဘူး။ နှစ်ယောက်ကတော့ သေနတ်ပါတယ်။ သေနတ်နဲ့တော့ ချိန်ပဲချိန်တယ်။ ပြီးတော့အိတ်ထဲကို ရွှေထည့်ပြီး ပြေးသွားပါတယ်။ ခန့်မှန်းခြေတော့ ကျပ် သိန်းတထောင်ကျော်လောက် ပါသွားတယ်” ဟုစိုင်းယီလွန်းက ဆိုသည်။

အဆိုပါ ရွှေဆိုင်ဓားပြတိုက် ခံရမှုကြောင့် မြို့မဈေးအတွင်း ရွှေရောင်းသူများ စိုးရိမ်ကြောက်လန့်နေကြကြောင်း၊ ဓားပြမှု၊ လူယက်မှုတိုင်းတွင် တရားခံ ကိုဖမ်းဆီးနိုင်ခြင်း မရှိခဲ့ကြောင်း မူဆယ်ဒေသခံများက ပြောကြသည်။

မူဆယ်မြို့တွင် မကြာခဏ ဓားပြတိုက်ခံရလေ့ ရှိသည့်အတွက် ရွှေဆိုင်များနှင့် ငွေကြေးလဲလှယ်သည့် လုပ်ငန်း လုပ်ကိုင်သူများသည် ပစ္စည်းများကို အများအပြား မသယ်ဆောင်ရဲအောင် ဖြစ်နေကြသည်ဟု သိရသည်။

“ဒီလို ခဏခဏ ဓားပြတိုက် လုယက်မှုတွေ ရှိနေတယ်ဆိုတာကလည်း ရဲတွေက တရားခံကို ဖမ်းမမိတာကြောင့်နဲ့ အဲဒီလို လုယူပြီးသွားပြီ ဆိုရင် နယ်စပ်ကိုကျော်ပြီး သွားလို့ရတယ်။ ဒီလို ဖြစ်နေတော့ မူဆယ်ဒေသခံတွေက ဘာဆက် ဖြစ်လာမှာလဲ ဆိုတာ စိုးရိမ်နေကြပါတယ်” ဟု မူဆယ်မြို့ တောင်ရပ်ကွက်နေ စိုင်းအောင်မြင့်က ဧရာဝတီသို့ ပြောသည်။

မူဆယ်မြို့သည် စီးပွားရေးဖြစ်ထွန်းကာ လူမျိုးပေါင်းစုံ၊ လူတန်းစားပေါင်းစုံ လာရောက် နေထိုင် အလုပ်လုပ်ကိုင်ကြသည့် ဒေသဖြစ်ပြီး နယ်စပ်ဒေသ ဖြစ်သော်လည်း သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များ၏ တာဝန်ယူမှုမှာ အလွန် အားနည်းနေကြောင်း၊ ရဲတပ်ဖွဲ့ အနေဖြင့် လုံခြုံရေးကို ကြပ်မတ်စွာ ဆောင်ရွက်သင့်ကြောင်း၊ ဓားပြမှု ဖြစ်ပွားပြီးမှ လိုက်လံစစ်ဆေး ဖေါ်ထုတ်မည့် အစား ယခုကဲ့သို့သော နေရာမျိုးတွင် လုံခြုံရေးအတွက် စနစ်တကျ ကြိုတင်စီစဉ်ထားသင့်ကြောင်း စိုင်းအောင်မြင့်က ဆိုသည်။

ယခုနှစ်အတွင်း ဓားပြမှု ပိုမိုများပြားလာကြောင်းနှင့် ဆိုင်ကယ်ကယ်ရီ သမားများ၊ တရုတ်ငွေ လှဲလှယ်သူများ၊ ကားသမားများနှင့် ရွှေဆိုင်များကို ပစ်မှတ်ထားကာ လုယက်တတ်ကြပြီး လူသတ်မှု ကျူးလွန်သည် အထိ ရဲတင်းစွာ ပြုလုပ်လျက်ရှိကြောင်း၊ ယမန်နှစ်မှ စတင်၍ မူဆယ်တွင် ဓားပြမှုများ သိသာစွာ များပြားလာကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် နေထိုင်သည့် ဒေသခံများထံမှ သိရသည်။

“ဒီလို ဓားပြမှုဖြစ်တိုင်း ရဲတွေဘယ်တော့မှ တရားခံမဖမ်းနိုင်တဲ့ အတွက် ဆက်တိုက်ပြန်ဖြစ်နေတယ်လို့ ယူဆတယ်။ အမှုဖွင့်ထားတာပဲ ရှိတယ်။ တရားခံ ဖမ်းမမိတော့ ဘာထူးမှာလဲ။ မနေ့ကဆိုရင် ရွှေဆိုင်တွေက ကြောက်လို့ ပိတ်ထားရတယ်” ဟု အခင်းဖြစ်ပွားခဲ့သည့် စည်ပင်သာယာအမှတ် (၁) ဈေး အပေါ်ထပ်တွင်ရွှေဆိုင်ဖွင့်လှစ်ထားသည့် အမျိုးသမီး တဦးက ဧရာဝတီသို့ပြောသည်။

ဓားပြမှုများ ဆက်တိုက်ဖြစ်ပွားနေသည့်အတွက် စိုးရိမ်စိတ်ဖြင့် ဆိုင်ဖွင့်နေရကြောင်း၊ သတိဖြင့်နေနေရကြောင်း၊ မိမိလုံခြုံရေးကို မိမိကိုယ်တိုင်တာဝန်ယူနေရကြောင်း၊ ၎င်း အမျိုးသမီးက ပြောသည်။

ယမန်နှစ် ဇန်နဝါရီလက မူဆယ်မြို့ စံပယ်ရွှေဆိုင် ပိုင်ရှင် သားအမိနှစ်ဦး ဓားပြတိုက် ခံရပြီး တဦးသေဆုံး၍ ပစ္စည်း ကာလတန်ဖိုးငွေ ကျပ်သိန်း ၂၀၀၀ ခန့် ဆုံးရှုံးခဲ့ရသည်။ ယခုနှစ် ဇန်နဝါရီလတွင်လည်း ကားသမားနှင့် တရုတ်ငွေလဲသည့် အမျိုးသမီး နှစ်ဦး ဓားပြတိုက် လုယက်ခံရမှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

သက်ဆိုင်ရာ ရဲစခန်းသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ “ပုဒ်မ ၃၉၂ နဲ့ အမှုဖွင့် ထားပါတယ်။ လုံခြုံရေးကိုတော့ အပြည့်အ၀ ယူထားပါတယ်။ အရင် ဓားပြတိုက်မှု ကတော့ တရားခံမတွေ့သေးပါဘူး။ စုံစမ်းဆဲပါ” ဟု ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading