သတင်း

ဒုက္ခသည်များ သန်းခေါင်စာရင်းဝင် ဖြစ်ရန် နေရပ်ပြန်ရမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ထိုင်း-မြန်မာ နယ်စပ်ရှိ မြန်မာနိုင်ငံသား ဒုက္ခသည်များ သန်းခေါင်စာရင်းဝင် ဖြစ်လိုပါက ပြည်တွင်းသို့ပြန်လည် ဝင်ရောက်ရန် လို အပ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဋ္ဌာနမှ အဆင့်မြင့်အရာရှိ တဦးက ဧရာဝတီသို့ ပြောပြသည်။

“မြန်မာနယ်နိမိတ်ထဲမှာပဲ ကောက်မှာပါ။ သူများနိုင်ငံနယ်နိမိတ်ထဲကဟာကို မကောက်ဘူး။ ဒါပေမယ့် အိမ်တွေမှာလိုက်ပြီး စာရင်း ကောက်တဲ့အခါတော့ ပြည်ပမှာ အလုပ်သွားလုပ်နေတဲ့ မိသားစုဝင်တွေရှိသလား ဆိုတာတွေမေးပြီး ထည့်ကောက်သွားမှာပါ”ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဋ္ဌာန သန်းခေါင်စာရင်း ဌာနမှူး  ဒေါက်တာ ဒေါ်ခိုင်ခိုင်စိုးက ပြောသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး စီမံချက်သည် မြန်မာနိုင်ငံနယ် နိမိတ်အတွင်း၌သာ အကြုံးဝင်မည်ဖြစ်ကြောင်း လည်း သူကဆိုသည်။

အစိုးရစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်များအကြား ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်များကြောင့် ထိုင်းနယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်လာပြီး ဒုက္ခသည်စခန်းများတွင် နေထိုင်၍ မွေးဖွားလာသည့် တိုင်းရင်းသားများနှင့်ပတ်သက်၍ မည်သို့ စစ်တမ်း ကောက်ယူမည်ကို မေးမြန်းခဲ့ရာ အထက်ပါအတိုင်း ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

ပြည်တွင်းစစ်ကြောင့် မြန်မာနိုင်ငံ နယ်နိမိတ်ကျော်လွန် ထွက်သွားသူများအတွက် သန်းခေါင်စာရင်းကောက်ယူမှု မပြုလုပ် သော် လည်း၊ ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်များ(IDP)ကို လိုက်လံ ကောက်ယူသွားမည်ဖြစ်ကြောင်းလည်း ဒေါက်တာ ဒေါ်ခိုင်ခိုင်စိုး က ဆက်လက် ပြောဆိုသည်။

ထိုင်းနိုင်ငံ တာ့ခ် ခရိုင်အတွင်းရှိ မယ်လဒုက္ခသည်စခန်းမှ အတွင်းရေးမှူး စောအယ်ကလယ် ကလည်း“ဒီမှာ မွေးလာတဲ့ သားသမီး တွေဟာ နိုင်ငံမဲ့တွေပါ။ ဘယ်နိုင်ငံသားမှ မဟုတ်တဲ့အတွက် သူတို့အနာဂတ်မှာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနဲ့ပတ်သက်ပြီး နိုင်ငံသားတယောက် ရသင့်တဲ့ ဝန်ဆောင်မှုတွေကို ဘယ်သူကပေးမလဲ။ ဒါက စိုးရိမ်စရာပါ”ဟု ပြောသည်။

ထိုင်းနိုင်ငံရှိ မယ်ဟောင်ဆောင် ခရိုင်၊ တာခ့် ခရိုင်၊ ကန်ချန ဘူရီ ခရိုင် စသည်တို့တွင် ကရင်ဒုက္ခသည် စခန်းပေါင်း ၇ ခု နှင့် ကရင်နီ ဒုက္ခသည်စခန်း၂ ခု၊ စုစုပေါင်း ၉ ခုရှိပြီး ဒုက္ခသည် ဦးရေ စုစုပေါင်း ၁၂၈၇၈၃ ဦး ရှိကြောင်း ထိုင်း-မြန်မာ နယ်စပ် အကူအညီပေးရေး အဖွဲ့(TBC)၏ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ထုတ်ပြန်ချက်အရ သိရသည်။

ယင်း ဒုက္ခသည်များသည် ၁၉၈၃ ခုနှစ်က စတင်ကာ နယ်စပ်သို့ တိမ်းရှောင်လာခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အား ထိုင်း-မြန်မာ နယ်စပ် တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့(TBBC)က အခြေခံ ရိက္ခာများဖြစ်သည့် ဆန်၊ ပဲ၊ ငါးပိ၊ ဆား အစရှိသည်တို့ကို ထောက်ပံ့ပေးခဲ့ပြီး NGO လူမှုအဖွဲ့အစည်းများက ရေနှင့် သန့်ရှင်းရေး ပစ္စည်းများ ထောက်ပံ့ပေးလျှက်ရှိ သည်။ TBBC သည် TBC အမည်ဖြင့် ပြန်လည် ဖွဲ့စည်းထားသည်။

ထို့အပြင် ပြည်တွင်းရှိ တောတောင်များအတွင်း IDP စခန်း ၇ ခုရှိပြီး လူဦးရေ စုစုပေါင်း ၁၇၀၇၉ ဦး ရှိကြောင်း TBC ၏ ထုတ်ပြန်ချက် အရ သိရသည်။

ယင်းတို့အနက် အကြီးဆုံးနှင့် လူဦးရေအများဆုံးဖြစ်သည့် မယ်လဒုက္ခသည်စခန်းတွင် လစဉ် ကလေးငယ် အသစ်မွေးဖွားမှုဦးရေ စုစုပေါင်း ၇၀ မှ ၈၀ ကြားတွင်ရှိကြောင်း စောအယ်ကလယ်က ဧရာဝတီသို့ ပြောသည်။

ကရင်ဒုက္ခ သည်စခန်းများ ကော်မတီ(KRC)မှ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဂျော့က“နယ်စပ်က ဒုက္ခသည်စခန်းမှာရောက်နေတဲ့ ကိုယ့်နိုင်ငံသားတွေနဲ့ မှတ်ပုံတင်တောင်မရှိဘဲ ထွက်ပြေးလာကြတဲ့ ကိုယ့်နိုင်ငံသားတွေအတွက် သမ္မတဦးသိန်းစိန်အစိုးရ က ဘယ် လို ထည့်စဉ်းစားပေးမလဲဆိုတာ ကျနော်တို့လည်း သိချင်နေပါတယ်”ဟု ပြောသည်။

ဒုက္ခသည်စခန်းများတွင် လာရောက်ခိုလှုံနေသူများ၏ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် အခက်အခဲများစွာ ရှိနေဆဲဖြစ်ကြောင်း ဒုက္ခသည်များနှင့် ၎င်းတို့အား အကူအညီပေးရေးအဖွဲ့များမှ သိရသည်။

“အဓိကအခက်အခဲတွေကတော့ သူတို့ဒေသတွေမှာ မရှင်းလင်းရသေးတဲ့ မြေမြှုပ်မိုင်းတွေရှိတယ်။ ပြီးတော့ အပစ်အခတ် ရပ်စဲ ရေး ကို စိတ်မချသေးဘူး။ တိုက်ပွဲတွေ ထပ်ဖြစ်လာမှာကို စိုးတယ်။ ပြီးတော့ သူတို့ပြန်သွားရင်ကြုံရမယ့် စားဝတ်နေရေး ပြဿနာ လည်းရှိနေတယ်။ အားလုံးမတည်ငြိမ်သေးဘဲ ပြန်လို့မရသေးဘူးလေ”ဟု ထိုင်းနယ်စပ်အခြေစိုက် ဒုက္ခသည် အကူအညီ ပေးရေး အဖွဲ့တခုမှ တာဝန်ရှိသူတဦးက ပြောသည်။

ထိုင်းအစိုးရသည် ပြည်တွင်းစစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ဒုက္ခသည်များကို လက်ခံထားခြင်းမှာ တာဝန်ကြောင့် မဟုတ်ဘဲ၊ လူသားချင်း စာနာထောက်ထားမှုကြောင့်သာ ဖြစ်ပြီး ဒုက္ခသည် စခန်းတွင်း မွေးဖွားလာသူများသည် တရားမဝင် ဝင်ရောက် လာသူများ၏ သားသမီးများဖြစ်ခြင်းကြောင့် ထိုင်းနိုင်ငံသားအဖြစ် လက်ခံမည်မဟုတ်ကြောင်း မူလကတည်းက အသိ ပေး ထားသည်ဟု မယ်လစခန်း အတွင်းရေးမှူး စောအယ်ကလယ် က ပြောသည်။

ဒုက္ခသည်စခန်းများတွင် နေထိုင်သူများအနက် တချို့က ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ကာ မူလနေရပ်တွင်နေထိုင်လိုပြီး တချို့က တတိယနိုင်ငံများသို့ သွားရောက်ခိုလှုံလိုကာ တချို့မှာ လက်ရှိအခြေအနေ အတိုင်းပင်နေထိုင်လိုကြကြောင်း ၎င်း က ဆိုသည်။

မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို လာမည့် ၂၀၁၄ ခုနှစ်တွင် ကောက်ယူသွားမည်ဖြစ်ပြီး ၁၉၈၃ နောက်ပိုင်း ပထမဆုံး ပြုလုပ်မည့် စီမံချက်တခုဖြစ်သည်။

အခန်း(၇)ခန်းနှင့် အပိုဒ် ၂၇ ခုပါဝင်သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေကြမ်းကို ပြည် ထောင်စု လွှတ်တော်က ၂၀၁၂ ခုနှစ် အတွင်း ပြဋ္ဌာန်းခဲ့သည်။ ၁၉၇၂ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ သန်းခေါင်စာရင်း ဥပဒေကို ယင်း ဥပဒေသစ်ဖြင့် ရုပ်သိမ်းလိုက်သည်။

မြန်မာနိုင်ငံ၏ ၂၀၁၀-၂၀၁၁ ခုနှစ် လူဦးရေကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ၅၃.၄ သန်းဟု ခန့်မှန်းတွက်ချက်ထားပြီး မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ၅၉.၈ သန်းဟု ခန့်မှန်း တွက်ချက်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading