ဧပြီ ၂ ရက်နေ့နံနက် ၃ နာရီခန့်က ဖြစ်ပွားခဲ့သည့် ဗိုလ်တထောင်မြို့နယ် အမှတ် ၁၀ ရပ်ကွက်ရှိ ဆော်ဒီကီးယားရေကျော်ဗလီ မီးလောင်မှုသည် ရှို့မီး၊ ပေါ့ဆမီးမဟုတ်ဘဲ သာမန်ဖြစ်ပွားနိုင်သည့် မီးအားမြှင့်စက် အပူလွန်ကဲရာမှ လောင်သော မီးဖြစ်ကြောင်း လူသက်သေ ပစ္စည်းသက်သေများ ရှိထားပြီဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောလိုက်သည်။
အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ ယမန်နေ့ ညနေက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
မီးလောင်မှု ဖြစ်ပွားခဲ့သည့် ဗလီ၏ တာဝန်ခံဆရာ ဦးဇေယျာဖြိုးက အဆိုပါ မီးလောင်မှုသည် ရှို့မီး ဖြစ်သည်ဟု ပြောခဲ့ခြင်း ကြောင့် ပြည်သူတချို့ကလည်း ထိုစကားအား လက်ခံ ယုံကြည်နေကြခြင်းကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ၎င်းသည် မဟုတ်မှန်ကြောင်း၊ မိမိတို့တွင် သက်သေ အထောက်အထားများ ရှိကြောင်း ပြောခဲ့သည်။
“မီးလောင်မှုဖြစ်တဲ့အချိန်မှာ ဗလီအောက်ထပ်မှာ အိပ်နေတဲ့ ၁၄ နှစ်အရွယ် ဝေယံသူ၊ ဇော်ဇော်ထက်နဲ့ မျိုးအောင်တို့က ဗလီတာဝန်ခံကို နှိုးတယ်၊ နှိုးလို့မရတော့ သူတို့ဘာသာသူတို့ မီးငြှိမ်းဖို့ကြိုးစားရင်း အခုလို အကြီးအကျယ် မီးလောင်မှု ဖြစ်သွားခဲ့တာလို့ ပြောတယ်။ သူတို့ဖြေထားတဲ့ အသံဖိုင်တွေလည်း ကျနော်တို့ဆီမှာ ရှိတယ်” ဟု သတင်းစာ ရှင်းလင်းပွဲတွင် ဒုတိယ ရဲမှူးကြီး မြင့်အေးက ပြောသွားသည်။
ဗလီတွင် ထားရှိသည့် မီးအားမြှင့်စက်မှာ အပူချိန်လွန်ကဲသောကြောင့် အသံများမြည်လာပြီး မီးတောက် ထတောက်ခြင်းကို ကလေးများက ရေစိုစောင်ဖြင့် ငြှိမ်းသတ်ရာ အနီးရှိ ဒီဇယ်ပုံးအား တိုက်မိ၍ ဒီဇယ်ဆီများ ဖိတ်ကြသွားခြင်းကြောင့် ယခုကဲ့သို့ မီးလောင်မှု ဖြစ်ခဲ့ရကြောင်း၊ မီးလောင်သဖြင့် ထွက်ရှိသည့့် မီးခိုးငွေ့များကြောင့် ဗလီအပေါ်ထပ်တွက် အိပ်နေကြသော ကလေး ၁၃ ဦးမှာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထိုမီးလောင်မှုအား ဗလီတာဝန်ခံက သူ၏ ပေါ့ဆမှုကြောင့် ဖြစ်သည်ဟု ထင်သွားသောကြောင့် ၎င်းအပြစ် လွတ်ကင်းစေရန် ယခုကဲ့သို့ တခြားသူများအား အပြစ်ပုံချပြီး ရှို့မီးဟု ခေါင်းစဉ်တပ်ခြင်းသာ ဖြစ်သည်ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဆိုသည်။
ထိုသို့ မိမိအပြစ်လွတ်ကင်းရန် ရှို့မီးဟု လိမ်လည်ပြောဆိုခြင်းကို အစိုးရအဖွဲ့က သက်သေ အထောက်အထားများ၊ သက်သေ ကလေးများ၏ အသံများဖြင့် စစ်ဆေးမှသာ ဦးဇေယျာဖြိုးက အမှန်အတိုင်း ဝန်ခံခဲ့ကြောင်း၊ ဦးခင်မောင်အေးကမူ ယခုထိ ထွက်ပြေး တိမ်းရှောင်နေသေးကြောင်း သိရသည်။
“ဗလီဆရာကို သက်သေ အထောက်အထား အပြည့်အစုံအပြင် ကလေးတွေ ဖြေထားတဲ့ အသံတွေနဲ့ စစ်ဆေးတော့မှ ဦးဇေယျာဖြိုးက ဝန်ခံတယ်။ ဦးခင်မောင်အေးကတော့ အခုအထိ ကျနော်တို့ကို အတွေ့မခံဘဲ ထွက်ပြေးနေတုန်းပါပဲ” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး မြင့်အေးက ဆိုသည်။
အခင်းဖြစ်ပွားစဉ်က ကျန်ရှိခဲ့သည့် မီးလောင်ကျွမ်းထားသော ဒီဇယ်ဆီပုံးနှင့် ကလေးများ ရေစိုဝတ်ဖြင့် ငြှိမ်းသတ်ထားသည့် ဒီဇယ်ဆီများ ပေကျံနေသော ရေစိုစောင်ကိုလည်း သက်သေများအဖြစ် သိမ်းထားကြောင်း ၎င်းက ဆက်ပြောသည်။
ထို့အပြင် မီးလောင်မှု ဖြစ်ပွားချိန်သည် ပုဒ်မ ၁၈၈ ထုတ်ထားချိန် ဖြစ်သောကြောင့် မည်သူမှ အပြင်ထွက်သည့် အချိန် မဟုတ်သောကြောင့် တခြားမြို့နယ်၊ ရပ်ကွက်မှ လာ၍ မီးရှို့ခြင်း မဖြစ်နိုင်သကဲ့သို့၊ ရပ်ကွက်အတွင်း နေထိုင်သူ များသည်လည်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သော တခြားသူများ အတွေ့ခံပြီး မီးလာရှို့မည် မဟုတ်ကြောင်း၊ လုံခြုံရေးအရ အလှည့်ကျ ကင်းစောင့်သူများ ကြောင့်လည်း အပြင်လူက မီးလာရောက် ရှို့နိုင်မည်မဟုတ်ကြောင်း မိမိတို့အနေဖြင့် စဉ်းစား သိနိုင်သည်ဟု ဒုတိယ ရဲမှူးကြီး မြင့်အေးက ရှင်းပြသည်။
ရန်ကုန်မြို့တော်သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ဖြစ်သောကြောင့် မိမိတို့ အနေဖြင့် ရန်ကုန်မြို့၌ မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကဲ့သို့ အဖြစ်ခံသွားမည် မဟုတ်ကြောင်း၊ ထိုကဲ့သို့ မဖြစ်လာရန်လည်း မိမိတို့က တားဆီး၍ အဆင်ပြေသွားစေရန် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောသည်။
“ပြစ်မှုကျူးလွန်သူတွေ အနေနဲ့ သူတို့အမှားဖြစ်ပြီး သူတို့အပေါ် အပြစ်ပုံချမှာကို ကြောက်တဲ့အတွက် မဆိုင်တဲ့ ဘေးက လူတွေကိုပါ ဆွဲထည့်တတ်ကြတယ်။ ကိုယ့်အပြစ်ကို တခြားသူအပေါ် ပုံချတတ်ကြတယ်။ ဒါဟာ သဘာဝပဲ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့က နားလည်သင့်တယ်။ အရမ်းကြီး စိတ်ထင်တိုင်း မစွပ်စွဲသင့်ဘူး” ဟု ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဆိုသည်။
မီးလောင်မှု ဖြစ်ပွားခဲ့သည့် ဗလီကျောင်း၏ အပေါ်ထပ်တွင် ကလေး ၁၃ ဦး အိပ်ကြပြီး ဗလီကျောင်းအောက်ထပ်တွင် ကလေး ၅၈ ဦးက အိပ်နေကြကြောင်း၊ မီးလောင်မှုကြောင့် ဗလီအပေါ်ထပ်ရှိ ကလေးများက မီးခိုးမွှန်၍ သေဆုံးခဲ့သော်လည်း ဗလီအောက်ထပ်ရှိ ကလေးများမှာမူ မည်သည့်အနာတရမှ ဖြစ်ပွားခြင်းမရှိကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့မှ အတွင်းရေးမှူး ဦးတိုးအောင်က ဦးဆောင်ပြီး ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေး ဦးစီးဌာန၊ ရဲကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံး၊ ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့ စသည့် ဌာနများမှ တာဝန်ရှိသူများ ပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းကာ ယခုလ ၅ ရက်နေ့ နောက်ဆုံးထား၍ စိစစ် သုံးသပ်ချက်များပေးရမည် ဖြစ်သည်။