သမ္မတဦးသိန်းစိန်အမိန့်ဖြင့် ဖွဲ့စည်းထားသော ရခိုင်ပြည်နယ်စုံစမ်းရေးကော်မရှင်က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွား ခဲ့သော အကြမ်းဖက်ဖြစ်စဉ်များနှင့်ပတ်သက်သော စုံစမ်းစစ်ဆေးအစီရင်ခံစာကို လတ်တလောဖြစ်ပေါ် နေသော လူမျိုးရေးနှင့် ဘာသာရေးပုံစံ ပဋိပက္ခများကြောင့် မထုတ်ပြန်နိုင်သေးကြောင်း သိရှိရသည်။
ရခိုင်စုံစမ်းရေးကော်မရှင်က ၂၀၁၂ခုနှစ် နှစ်လယ်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော လူမျိုးစုနှစ်ခုအကြား အကြမ်းဖက် သတ်ဖြတ် မီးရှို့မှုများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးထားသည့် အစီရင်ခံစာကို မတ်လ ၃၁ ရက်နေ့ ထုတ်ပြန် ရန် စီစဉ်ထားသော်လည်း မန္တလေးတိုင်းဒေသကြီး၊ မိတီ္ထလာမြို့ရှိ ရွှေဆိုင်အရောင်းအဝယ်ကို အကြောင်း ပြုဖြစ် ပေါ် လာသော လူမျိုးရေးနှင့် ဘာသာရေးပုံစံ ပဋိပက္ခများကြောင့် အစီရင်ခံစာကို မထုတ်ပြန်တော့ ထုတ်ပြန်မည့်အချိန်ကို ရွှေ့ဆိုင်းလိုက်ကြောင်း ကော်မရှင်မှ တာဝန်ရှိသူအချို့က ဧရာဝတီသို့ ပြောသည်။
”အစီရင်ခံစာ က အချိန်မရွေးထွက်လာလို့ရတယ်။ဒါပေမဲ့ ဒါကိုအသုံးချပြီးတခုခုလုပ်မှာလည်း စိုးရိမ်တယ်။ ဒါကြောင့် အချိန်မှာ အရမ်းကိုဂရုစိုက်နေရတယ်”ဟု ရခိုင်စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ် ပဋိပက္ခ အစီရင်ခံစာကို သမ္မတ ဦးသိန်းစိန်ထံသို့ တင်ပြပြီးသည်နှင့်တပြိုင်နက်တည်း အများပြည်သူသို့ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ ဧပြီလတွင် မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ကာလ ရုံးပိတ်ရက်များရှိနေသည့်အတွက် ဧပြီလ ၂၃ ရက် နေ့တွင် အစီရင်ခံစာထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း ကော်မရှင်၏ တရားဝင်ထုတ်ပြန်ချက်အရ သိရှိရသည်။
”သေချာအောင် အချိန်ယူတာလည်း ပါပါတယ်။ကော်မရှင်ဝင်တွေတွေ့ဆုံပြီး တော့လည်း ဖြည့်စွက်တာတွေ၊ဖြုတ်ပစ်တာတွေလုပ်ပြီးပါပြီ။ ကွန်ပျူတာ စာစီတာလည်း အချိန်ယူရပါတယ်။အဲဒါကြောင့် အချိန်ထပ် ရွှေ့လိုက်တာပါ”ဟု ကော်မရှင်အဖွဲ့ဝင်လည်းဖြစ် အမျိုးသားဒီမိုကရေစီအင်အားစု ပါတီဥက္ကဋ္ဌ လည်းဖြစ်သူ ဦးခင်မောင်ဆွေက ဧရာဝတီသို့ ပြောသည်။
ရခိုင်ကော်မရှင်အဖွဲ့ဝင်တဦးဖြစ်သူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကမူ ရခိုင်ပဋိပက္ခ အစီရင်ခံစာ ထုတ်ပြန်မှု ရွှေ့ဆိုင်းသည်ကို မသိရှိသေးကြောင်း၊ ကော်မရှင်သည် ပုံမှန်အစည်းအဝေး ခေါ်ယူခြင်း မရှိဘဲ အစီရင်ခံစာအတွက် ပြုလုပ်သည့် နောက်ဆုံးအစည်းဝေးကို ရက်ကပ်၍ ဖိတ်ကြားသောကြောင့်မတက်ရောက်နိုင်ခဲ့ကြောင်း ပြောသည်။
”စုံစမ်းတာက ကျနော်တို့က မေးတယ်မြန်းတယ် ဒီလောက်ပဲရှိတာ။ အသေးစိတ်ရေးတာက သူတို့ပဲ လုပ်သွားတာပဲ။ ရေးတဲ့ အပေါ်မှာတော့ သဘောထားလေးတွေတော့ပြောကြဆိုကြတာရှိတာပေါ့။ကြားဖြတ် အစီရင်ခံစာတုန်းက အစည်းအဝေး တခါခေါ်တယ်။ကျနော်ကလွှတ်တော်ရှိလို့ မသွားနိုင်ဘူး။ဒီတခေါက်လည်း ကပ်ဖိတ်တော့မသွားနိုင်ပြန်ဘူး။ သွားရင်လည်း သူတို့ဖတ်ပြတဲ့ ဟာကိုပဲနားထောင်ရမယ်ထင်တယ်”ဟု ဒေါက်တာအေးမောင်က ရှင်းပြသည်
ရခိုင်ရခိုင်ပဋိပက္ခစုံစမ်းရေးကော်မရှင်ကို ၂၀၁၂ ခုနှစ် သြဂုတ်လ တွင်စတင်ဖွဲ့စည်းခဲ့သော်လည်း ၈ လနီးပါးကြာမြင့်လာ သည်အထိ အစီရင်ခံစာ မထုတ်ပြန်နိုင်ရခြင်းမှာ ပွင့်လင်းမြင်သာမှု မရှိခြင်းကို ပြသနေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လက်ပံတောင်းတောင် စုံစမ်းရေး ကော်မရှင်သည် အချိန်တိုအတွင်း အစီရင်ခံစာ လျှင်မြန်စွာ ထုတ်ပြန်ခဲ့ သည့်အပြင် ယခုအခါ အစီရင်ခံစာ အကောင်အထည်ဖော်သည့် ကော်မတီဖွဲ့စည်းဆောင်ရွက်သည့်အဆင့်ကို ရောက်ရှိနေ သောကြောင့် ရခိုင်အစီရင်ခံစာအပေါ် အလွန်စိတ်ပျက်မိကြောင်း စစ်တွေမြို့ခံ ရခိုင်တိုင်းရင်းသားတဦးဖြစ်သူ ဦးသန်းထွန်း က ဧရာဝတီသို့ ပြောသည်။
”မိတ္ထီလာနဲ့ ပဲခူးတိုင်းမှာ ဖြစ်တဲ့ ကိစ္စတွေက ရခိုင်ပြည်နယ် အစီရင်ခံစာနဲ့ ဆိုင်တယ်လို့ မထင်ဘူး။အခုလို အချိန်ဆွဲနေတော့ ကော်မရှင်က က ကော်မရှင် အလုပ်ကို ပီပီပြင်ပြင် လုပ်တယ်လို့မမြင်တော့ဘူး။ ဘင်္ဂလီ ပြဿနာက အနောက်ဘက် နယ်စပ်နဲ့ ဆိုင်တဲ့ ပြဿနာ။ အစီရင်ခံစာကို မတ် ၃၁ ကို ရွှေ့လိုက်ကတည်းက ကော်မရှင်ကို
ရခိုင်တွေက သိပ်စိတ်မဝင်စားတော့ဘူး။ အခုတစ်ကြိမ် ထပ်ရွှေ့တော့ဘယ်လိုစဉ်းစားမိလဲဆိုတော့ ပြဿနာဖြစ်တိုင်း ရခိုင်တွေ ပါတယ်လို့ ကော်မရှင်ထင်နေတာလားလို့တောင် မေးရတော့မယ်”ဟု ဦးသန်းထွန်းက ရှင်းပြသည်။
ရခိုင်စုံစမ်းရေးကော်မရှင်ကမူ အစီရင်ခံစာတွင် ရခိုင်ပြည်နယ်၏ နယ်နမိတ်ကို ကျော်လွန် ဆက်စပ်နေသော ကိစ္စရပ်များပါရှိလာသဖြင့် အစီရင်ခံစာ မတင်ပြမီ အစိုးရအဖွဲ့သို့ တင်ပြဆွေးနွေးထားခြင်းဖြင့် လက်တွေ့ကျသော အစီရင်ခံစာ တစောင် ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း၊ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား၊ ရခိုင်ပြည်နယ်တွင် နေထိုင်လျက်ရှိကြသော ပြည်သူလူထု တရပ်လုံး၏ အကျိုးစီးပွားများ ရေရှည်တည်တံ့ တိုးတက်စေရန် ရည်ရွယ်၍ ပြုစုထားကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
သမ္မတဦးသိန်းစိန်က ရခိုင်ပြည်နယ် စုံစမ်းရေးကော်မရှင်ကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့တွင်အဖွဲ့ဝင် ၂၇ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။