သတင်း

KIO နှင့် အစိုးရ ငြိမ်းကိုယ်စားလှယ်များ မြစ်ကြီးနားတွင် တွေ့မည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် အစိုးရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး အဖွဲ့တို့ ငြိမ်းချမ်းရေးအတွက် ပြည်တွင်းတွင် ပထမဆုံး အကြိမ်အဖြစ် မြစ်ကြီးနားမြို့၌ မကြာခင်ရက်ပိုင်းအတွင်း တွေ့ဆုံဆွေးနွေးမည်ဟု သတင်းရရှိသည်။

အစိုးရ ကိုယ်စားလှယ် အဖွဲ့က မြစ်ကြီးနားမြို့တွင် တွေ့ဆုံရန် အဆိုပြုခဲ့ပြီး လာမည့် တပတ်အတွင်း တွေ့ဆုံရန် KIO ခေါင်းဆောင်များကို ကမ်းလှမ်းခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီလ ၁၀ ရက်နေ့ မတိုင်ခင် တွေ့ဖို့ သဘောထား ရှိတယ်။ ဒါပေမယ့် ဒီတရက် နှစ်ရက် အတောအတွင်းမှာလည်း အခြေအနေက အမျိုးမျိုး ပြောင်းလဲသွားနိုင်တယ်။ ဒါကြောင့် ရက်ကတော့ ၁၀ ရက် အတောအတွင်းလို့ ပဏာမအနေနဲ့ နားလည်ထားတာ ရှိတယ်” ဟု KIO အဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်က ဧရာဝတီသို့ ပြောသည်။

တွေ့ဆုံဆွေးနွေးရာတွင် KIO ဘက်မှ သတ်မှတ်ထားသည့် စစ်ရေး၊ နိုင်ငံရေး ကိုယ်စားလှယ်အဖွဲ့ဝင်များ ပါဝင်မည်ဟု သိရသည်။

“အခြေအနေတွေ သုံးသပ်ရဦးမယ်။ နိုင်ငံတကာကနေပြီးတော့ လေ့လာသူအနေနဲ့ ဘယ်အဆင့်လောက်အထိ ပါဝင်နိုင်သလဲ ဆိုတဲ့အပေါ်မှာလည်း မူတည်တယ်” ဟု ဦးလနန်က ပြောသည်။

ပြည်တွင်း၌ တွေ့ဆုံဆွေးနွေးရေး အတွက် ကမ်းလှမ်းစာကို မကြာသေးခင် ရက်ပိုင်းက KIO အဖွဲ့ ကိုယ်စားလှယ်များထံ ပေးပို့ထားရာ အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒု က္ကဌ ဝန်ကြီး ဦးအောင်မင်းက တရားဝင် အကြောင်းပြန်ကြားမည့်စာကို ယနေ့ နံနက်ပိုင်းအထိ စောင့်ဆိုင်နေကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက ပြောသည်။

“KIO နဲ့ ယုံကြည်မှု ထိုက်သင့်သလောက် ရှိလာပြီလို့ နားလည်တယ်၊ မှတ်ယူတယ်။ ဒီအတွက် ဝန်ကြီး ဦးအောင်မင်းက ပြည်တွင်းမှာ ဖိတ်တာ။ မူအားဖြင့်တော့ သဘောတူတယ်လို့ ကျနော်တို့ နားလည်တယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ ညှိနှိုင်းနေဆဲပါပဲ” ဟု ၎င်းက ဆိုသည်။

နှစ်ဖက် ကိုယ်စားလှယ်များ ဆွေးနွေးမည့် အကြောင်းအရာများကို လတ်တလော မသိရှိရသော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့က တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့တွင် နောက်ဆုံး တွေ့ဆုံခဲ့စဉ် ဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ ဆက်လုပ်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။

နောက်ဆုံး တွေ့ဆုံခဲ့သည့် ရွှေလီမြို့ အစည်းအဝေးကို အစိုးရဘက်မှ ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်၍ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်တို့ တက်ရောက်ပြီး KIO ဘက်မှ ဗဟို ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်၊ ဗဟိုတရားရေးဌာန တာဝန်ခံ ဦးလဖိုင်လ၊ KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်တို့ တက်ရောက်သည်။

ဝန်ကြီး ဦးအောင်မင်းနှင့် KIO ခေါင်းဆောင်များက ယင်းအစည်းအဝေးမှ သတောတူညီများကို ပူးတွဲ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပူးတွဲ ကြေညာချက်တွင် နှစ်ဦးနှစ်ဖက် ဆက်သွယ်ရေး လမ်းကြောင်းများ ထားရှိရေး၊ စစ်ရေး တင်းမာမှုများ လျှော့ချနိုင်ရေးနှင့် နောက်တကြိမ် ဆွေးနွေးပွဲတွင် လေ့လာသူများနှင့် သက်သေများအဖြစ် ပါဝင်နိုင်သည့် အဖွဲ့အစည်းများအား ဖိတ်ခေါ်ရေးတို့ ပါရှိသည်။

KIO ကိုယ်စားလှယ်များ တည်းခိုမည့် နေရာများကို ကြိုတင်ပြင်ထားပြီး လာမည့် မတ်လ ၅ ရက်နေ့ နံနက်တွင် ကုလသမဂ္ဂ အဖွဲ့အစည်းမှ ကိုယ်စားလှယ်တချို့က လိုင်ဇာမြို့အထိ သွားရောက် ကြိုမည်ဖြစ်ကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆန်းအောင်က ပြောသည်။

ဆွေးနွေးပွဲကို မြစ်ကြီးနားမြို့ စီတာပူ ရက်ကွက်ရှိ မဂျွယ်ခန်းမတွင် ပြုလုပ်မည်ဖြစ်ကြောင်း၊ KIO ကိုယ်စားလှယ် ခေါင်းဆောင်များက ယခင် KIO ဆက်ဆံရေးရုံးတွင် တည်းခိုမည် ဖြစ်ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲသို့ KIO က အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) မှ တိုင်းရင်းသား ကိုယ်စားလှယ်တချို့ကို ဖိတ်ကြားထားပြီး အစိုးရ ကိုယ်စားလှယ်များနှင့် အတူ ယုဇနရပ်ကွက် အတွင်းရှိ ဟိုတယ်တခုတွင် တည်းခိုမည် ဖြစ်ကြောင်း သိရသည်။

“ငြိမ်းချမ်းရေး အပြည့်အ၀ ရပြီလို့ ပြောဖို့ စောပါသေးတယ်။ ဒါပေမယ့် မြစ်ကြီးနား မြို့ပေါ်မှာ လုပ်နိုင်တယ်ဆိုတာ ယုံကြည်မှု အတိုင်းအတာတခု ရသွားတယ်လို့ သုံးသပ်လို့ရပါတယ်” ဟု ဦးဆန်းအောင်က ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading