မွန်ပါတီ နှစ်ပါတီ ပူးပေါင်းရေးအတွက် ယခုလအတွင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ(AMDP) ၏ ဗဟိုကော်မတီ အဖွဲ့အား အသစ် တဖန်ပြန်လည်ဖွဲ့စည်းပြီးမှသာ ၎င်းတို့၏ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်သွားဖွယ်ရာရှိကြောင်း AMDP ဥက္ကဌ နိုင်ငွေ သိန်း က ဧရာဝတီသို့ ပြောသည်။
ပူးပေါင်းမည့် ပါတီမှာ မွန် ဒီမိုကရေစီပါတီ(MDP) နှင့် AMDP တို့ ဖြစ်သည်။
ပေါင်းစည်းရေး ပြုလုပ်နေစဉ်ကာလအတွင်း မြို့နယ်အသီးသီး၌ နှစ်ဘက်ပါတီများက ပါတီစည်းရုံးရေးများ ပြုလုပ်နေကြပြီး ပါတီရုံးများကိုလည်း အပြိုင်အဆိုင် ဖွင့်လှစ်နေကြကြောင်းနှင့် မဲဆန္ဒနယ်ခွဲဝေမှု အခက်ခဲများကြောင့် မွန် ဒီမိုကရေစီပါတီ(MDP) အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။
“ပေါင်းမဲ့နေရာမှာ ရွေးကောက်ပွဲဝင်ဖို့အတွက် နှစ်ပါတီပေါင်းပြီးတော့ ကော်မတီဖွဲ့ရမယ်၊ တနယ်ထဲမှာ နှစ်ယောက်ဝင်ပြိုင်လို့ မဖြစ် ဘူးလေ၊ ပေါင်းစည်းရေး တန့်သွားနိုင်တယ်”ဟု နိုင်ငွေသိန်းက ပြောဆိုသည်။
ပါတီနှစ်ခုသည် ၂၀၁၂ ခုနှစ် ဧပြီလက မော်လမြိုင်မြို့ သာသနာ ၂၅၀၀ ဘုရားကျောင်းတွင် မူဝါဒ ၄ ချက်ဖြင့် ၂၀၁၄ မတိုင်ခင် ပူးပေါင်းမည် ဆိုသည့် သဘောတူညီချက် လက်မှတ် ထိုးခဲ့ကြခြင်း ဖြစ်သည်။
မော်လမြိုင်မြို့ နန္ဒဝန် ကျောင်းတိုက်၌ မွန် နှစ်ပါတီ ပေါင်းစည်းရေး အကျိုးဆောင် ဆရာတော် ဦးခေမာနန္ဒ၏ စီစဉ်မှုဖြင့် နှစ်ဖက်ပါတီများ၏ တွေ့ဆုံညှိနှိုင်းပွဲများအား တလတကြိမ် ပြုလုပ်ခဲ့ကြသော်လည်း ခိုင်မာသော ဆုံးဖြတ်ချက်များ မရရှိခဲ့သေးကြောင်း၊ မဲဆန္ဒ နယ်ခွဲဝေမှုနှင့် ရွေးကောက်ပွဲ မည်ကဲ့သို့ ယှဉ်ပြိုင်ကြမည် ဆိုသည်ကိုလည်း ပြောဆိုဆွေးနွေးခြင်း မရှိကြကြောင်း သိရသည်။
“ပါတီစည်းရုံးရေး လုပ်တဲ့အခါမှာ မွန်ဒေသ ပါတီ(AMDP)က အင်အားသာနေတယ်၊ မွန်ပါတီ(MDP)က နည်းတယ်၊ ဒီတော့ လူတွေ ခွဲပေး နေရသလို ဖြစ်နေတော့ သူတို့ ညှိရတာ အခက်ခဲဖြစ်နေပုံရတယ်”ဟု ဆရာတော် ဦးခေမာနန္ဒ က ဆိုသည်။
MDP အား မွန် အမျိုးသား ဒီမိုကရေစီအဖွဲ့ ဆိုသောအမည်ဖြင့် ၁၉၈၈ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့ က စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ကိုယ်စားလှယ် ၁၉ နေရာတွင် ၅ နေရာ အနိုင်ရခဲ့ကြောင်းနှင့် ၁၉၉၁ ခုနှစ်၌ ပါတီ ခေါင်းဆောင်များ ဖမ်းဆီးခံခဲ့ရပြီး ၁၉၉၂ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ပါတီ ဖျက်သိမ်းခံခဲ့ရကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် တွင် MDP အဖြစ်သို့ ပြောင်းလဲခဲ့သည်။
MDP ဥက္ကဌ နိုင်ငွေသိမ်းက မွန်ပါတီနှစ်ခု ပေါင်းစည်းရေးသည် စောင့်ကြည့်နေဆဲကာလဖြစ်၍ ၎င်းတို့ပါတီအနေဖြင့် ရွေးကောက် ပွဲဝင်ရန် ၊ မဝင်ရန် ဆုံးဖြတ်နိုင်ခြင်း မရှိသေးကြောင်း၊ နှစ်ဖက်ပါတီ တွေ့ဆုံပွဲများကို ဆက်လုပ်သွားရန်ရှိကြောင်း ပြောဆိုသည်။
“ပါတီပေါင်းစည်းရေးက ရွေးကောက်ပွဲနဲ့ မဆိုင်ပါဘူး၊ စည်းရုံးရေးတွေမှာ ညီအစ်ကိုအသွင်နဲ့ လုပ်သွားဖို့ပါ၊ မပေါင်းချင်တဲ့လူတွေလည်း ရှိတယ်”ဟု MDP မှ ဗဟိုကော်မတီ အဖွဲ့ဝင် နိုင်ပန်းအောင် ကလည်း ပြောသည်။
ပါတီနှစ်ခု ပေါင်းစည်းပြီးပါက ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ဗဟိုကော်မတီများအနေဖြင့် ယှဉ်ပြိုင် သူများအား ဒီမိုကရေစီနည်းအရ မဲအရေတွက်ဖြင့် ရွေးချယ်ပေးရန်လည်း လိုအပ်ကြောင်း ၎င်းက ပြောဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် AMDP က ၃၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ရာ ပြည်သူ့လွှတ်တော် ၃ နေရာ၊ အမျိုးသားလွတ်တော် ၄ နေ ရာ နှင့် ပြည်နယ် လွှတ်တော် ၉ နေရာဖြင့် ၁၆ နေရာ အနိုင်ရခဲ့သည်။
“မြို့နယ် ပါတီရုံးတွေ ဖွင့်တာက သူ့ပါတီ ငါ့ပါတီ ဆိုတဲ့ ငါစွဲတွေ ကြီးလာတယ်၊ တကယ်ဆိုရင် MDPက နိုင်ငံရေးလုပ်ခဲ့တဲ့လူ ပိုများပါတယ်၊ ကျနော်တို့ဆီမှာက လူသစ်တွေ ပိုများတယ်၊ ဒီတော့ ဝိရောဓိ(ဆန့်ကျင်ဘက်သဘော)တွေ ရှိလာတယ်”ဟု AMDP ဥက္ကဌ နိုင်ငွေသိန်း က ဆိုသည်။
၂၀၁၂ ခုနှစ် စက်တင်ဘာ အတွင်း တွေ့ဆုံစဉ်က ညှိနှိုင်းရေး အဖွဲ့ဝင် ရဟန်းတော်များက နှစ်ဘက်ပါတီများအနေဖြင့် အညီအမျှဗဟိုကော်မတီ စာရင်းများ တင်ပြရန်၊ ဗဟိုအလုပ်အမှုဆောင် အသစ်ကို လျှို့ဝှက်မဲဖြင့် ပြန်လည်ရွေးချယ်ရန် နှင့် အလုပ်အမှုဆောင် အသစ်က ရှေ့လုပ်ငန်းစဉ်များအား ချမှတ်ပေးရန် တောင်းဆိုခဲ့ကြသော်လည်း AMDP ဘက်မှ ယင်းတောင်းဆိုချက်ကိုလက် မခံခဲ့ကြောင်း၊ ယင်းကာလတွင် ပါတီရုံးများ ဖွင့်လှစ်နေခြင်းကြောင့် ပေါင်းစည်းရေးတွင် ကြာမြင့်နိုင်ကြောင်း မွန်သတင်းဌာန တခုဖြစ်သော ကောင်းဝါ သတင်းဌာနတွင် ဖော်ပြ ထားသည်။