ပုဂံဒေသရှိ မြေယာဈေးနှုန်းများသည် ပြီးခဲ့သည့် ၆ လအတွင်းမှ စတင်၍ များစွာမြင့်တက် လာကြောင်း သိရသည်။
ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးလာပြီး ရင်းနှီးမြှုပ်နှံလိုသူ များလာခြင်းကြောင့် ထိုသို့မြေယာဈေးများ မြင့်တက်လာခြင်း ဖြစ် သည်ဟု ဒေသခံများက ပြောသည်။
အစိုးရသစ်လက်ထက် နိုင်ငံခြားသား ခရီးသွားဧည့်သည် လာရောက်လည်ပတ်မှု များပြားလာခြင်းကြောင့် ဟိုတယ်လုပ်ငန်း လုပ် ကိုင်လိုသူ များပြားလာရာ ဘိုးဘွားပိုင်နှင့် အမည်ပေါက် ဂရန်မြေများသာမက တောင်သူများစိုက်ပျိုးနေသည့် ယာမြေများကို ဝယ်ယူ မှုများရှိလာကြောင်းလည်း ဒေသခံများက ဆိုသည်။
ပုဂံဒေသ အိမ်ခြံမြေပွဲစားတဦးဖြစ်သူ ကိုမျိုးက“နိုင်ငံခြားသားတွေ အခု အရမ်းလာကြတော့ လုပ်ငန်းရှင်တွေက ဟိုတယ်တို့ စား သောက် ဆိုင်လုပ်ဖို့ ဝယ်ကြတယ်၊ တချို့လည်း ရန်ကုန်က ခြံမြေတွေကို ရောင်းပြီးတော့ ဒီမှာလာ ရင်းနှီးမြှုပ်နှံတာမျိုးတွေ ရှိတယ်” ဟု ပြောသည်။
လက်ရှိ ပုဂံဒေသ မြေပေါက်ဈေးမှာ မြို့ဟောင်း လမ်းမတော်တဝိုက် ဘိုးဘွားပိုင်မြေမှာ တဧက ကျပ် သိန်း ၁သောင်း ခန့်၊ ဂရန်မြေ မှာ ပေ ၈၀၊ ပေ ၁၀၀ ပတ်လည် တကွက်လျှင် ကျပ် သိန်း၂ထောင် ခန့်၊ ယာမြေများမှာ တဧကလျှင် ကျပ် သိန်း ၃၅၀ ခန့် ဖြင့် အရောင်းအဝယ် ပြုလုပ်နေပြီး ဟိုတယ်လုပ်ကိုင်ခွင့် လုပ်ငန်းလိုင်စင်နှင့် အဆောက်အအုံ ပါဝင်သည့် ၅ ဧကခန့် မြေကွက်မှာ ကျပ် သိန်း ၅သောင်း ခန့် ပေါက်ဈေး ရှိသည်ဟု ကိုမျိုးက ဆိုသည်။
စစ်အစိုးရ လက်ထက်က ပုဂံမြို့နှင့် ၇ မိုင်ခန့် အကွာတွင် ဟိုတယ်ဇုန် သတ်မှတ်ခဲ့သော်လည်း လာရောက် ရင်းနှီးမြှုပ်နှံသူများ စိတ် ဝင်စားမှုနည်းပါးပြီး လုပ်ငန်းရှင်များမှာ ပုဂံမြို့အတွင်းရှိ ယဉ်ကျေးမှုဇုန်အတွင်းတွင်သာ တည်ဆောက်လိုကြသည်ဟု ၎င်းက ပြော သည်။
ယခုအခါ လူနေအဆောက်အအုံ ဆောက်လုပ်ခွင့်ရှိသည့် ဘိုးဘွားပိုင်နှင့်ဂရန်မြေများမှာ ရောင်းချသူ ရှားပါးလာသည့်အတွက် စီးပွား ရေး လုပ်ငန်းရှင်များမှာ တောင်သူများ၏ စိုက်ပျိုးမြေများကို စိတ်ဝင်စားလာကြောင်း၊ ယာမြေဈေးနှုန်းမှာလည်း လွန်ခဲ့သည့် ၆ လ ခန့် တဧက ကျပ် သိန်း ၂၀ ခန့်သာ ပေါက်ဈေးရှိသော်လည်း ယခုအခါ တဧက သိန်း ၃၅၀ ခန့် ဈေးပေါက်ကြောင်း သိရသည်။
“ရေမိုးမကောင်းတော့ သီးနှံအထွက်က တဖြည်းဖြည်းလျော့လာတယ်၊ နောက်ပိုင်းလည်း ယာကွက်တွေ ဈေးကောင်းတော့ နှစ်ဧက လောက်ရောင်း၊ ကားလေးဘာလေးဝယ်၊ ဒီအနားတဝိုက် ကမ္ဘာ့လှည်ခရီးသည် လိုက်စားတာက ပိုကိုက်တယ်”ဟု ကိုမျိုးက ဆက် လက် ရှင်းပြသည်။
ပုဂံဒေသအတွင်းရှိ ယာမြေကို တခြားသောလုပ်ငန်း ပြောင်းလဲအသုံးချမည်ဆိုလျှင် မြို့နယ်၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန၊ ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီး ဌာန စသည့် ဌာနဆိုင်ရာ ၁၁ ခု၏ ခွင့်ပြုချက် ယူရကြောင်း၊ သို့သော် လုပ်ငန်းရှင်များအနေဖြင့် နည်းမျိုးစုံအသုံးပြုပြီး လွတ် ကင်း စေရန် ဆောင်ရွက်ကြရကြောင်းလည်း ဆိုသည်။
ထိုသို့ ယာမြေကို အခြားနည်း ပြောင်းလဲအသုံးပြုခွင့် ဆောင်ရွက်ခြင်းသည် စစ်အစိုးရနှင့် အရပ်သားအစိုးရ အပြောင်းအလဲ ကာလ တွင် ပိုမိုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြေစာရင်းဦးဌာနမှ တာဝန်ရှိသူတဦးက“တချို့လည်း ယာမြေဝယ်ယူပြီး လုပ်ငန်းသစ်လုပ်ခွင့် ရနေကြတာ ရှိသလို၊ တချို့လည်း ဝယ်ပြီးမှ ဟိုတယ်တို့ စားသောက်ဆိုင်တို့ ဖွင့်မရတော့ ယာအဖြစ်နဲ့ပဲ ဆက်လုပ်နေကြတာရှိသလို ယာအဖြစ် ဆက်မလုပ်ဘဲ ပစ် ထားတာတွေလည်း ရှိတယ်”ဟု ဆိုသည်။
အစိုးရသစ်လက်ထက်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနက ပုဂံခေတ်လက်ရာ ရှေးဟောင်းပုထိုးစေတီများရှိသည့် အရပ်ကို အထိမ်း အမှတ်ဇုန်(Monument Zone)၊ ရှေးဟောင်း သုတေသနဇုန်(Archaeological Zone)၊ ကာကွယ်ဇုန်(Protect Zone) ဟု သတ်မှတ် ကာ အဆိုပါ ဇုန်များနှင့် လွတ်ကင်းသည့် နေရာများတွင်သာ အဆောက်အအုံ ဆောက်လုပ်ရန် ကန့်သတ်ထားသည်ဟု သိရသည်။
ပုဂံမြို့ခံတဦးဖြစ်သည့် ဦးမြင့်ဇော်က“ယာတွေ ဈေးကောင်းပေးဝယ်ပြီး ဒီတိုင်း ပစ်ထားတာမျိုးတွေ ကြတော့၊ ယာမြေဆုံးရှုံးသလို တောင် သူတွေရဲ့ဘဝတွေ ပျက်စီးသွားတယ်၊ ဒါမျိုးတွေ အရမ်းများလာပြီ”ဟု ပြောဆိုသည်။
ရှေးဟောင်း သမိုင်းဝင် ပုဂံဒေသ၌ စေတီပုထိုးများအကြားတွင် ထွန်ယက်စိုက်ပျိုးလုပ်ကိုင်မှုများသည် အလှအပတခု သဖွယ်ဖြစ် နေ ပြီး၊ ကမ္ဘာလှည့်ခရီးသွားများ ကြိုက်နှစ်သက်သည့် စွဲမက်ဖွယ် ရှုမျှော်ခင်းများဖြစ်သည်ဟုလည်း ဆိုသည်။
ယမန်နှစ်က ခရီးသွားရာသီတွင် ကမ္ဘာလှည့်ခရီးသွားနှင့် ပြည်တွင်းခရီးသွားများ ပုဂံဒေသသို့ အများအပြားလာရောက်သည့် အတွက် တည်းခိုရန် ဟိုတယ်အခန်းများ ပြတ်လပ်မှုပင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ပုဂံဒေသသို့ လာရောက်သည့် ကမ္ဘာလှည့်ခရီးသွား အရေအတွက်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ၃ သောင်းခန့် ရှိသည်ဟု သိရသည်။