မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဧပြီလ ၂၄ ရက်နေ့မှစတင်ပြီး ငွေကျပ် ၁၅၀၀ တန် မိုဘိုင်းလ် ဖုန်းကတ်များ ကိုရောင်းချပေးမည်ဖြစ်သော်လည်း စတင်ရောင်းချချိန်တွင် ပြည်နယ်နှင့် တိုင်းအားလုံးသို့ ဖုန်းကတ် အရေအတွက် အကန့်အသတ်ဖြင့်သာ ရောင်းချပေးမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
လတ်တလောအနေအထားတွင် တနိုင်ငံလုံးလွှမ်းခြုံနိုင်သော ဆက်သွယ်ရေးကွန်ရက်၊စက်ပစ္စည်းနှင့် ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ အပြည့်အ၀ တပ်ဆင် နိုင်ခြင်း မရှိသေး သည့်အတွက် ဖုန်းကတ်အရေအတွက်ကို အကန့်အသတ်ဖြင့်သာ ချထား ပေးနိုင် ခြင်းဖြစ်ပြီး တလလျှင် CDMA 800 MHZ နှင့် WCDMA 3 G စနစ်သုံး ဖုန်းကတ် အရေအတွက် ၃၅၀၀၀၀ ကတ်သာ ချထားပေးမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရှိရသည်။
“တနိုင်ငံလုံးကို တလ ဖုန်းကတ် ၃ သိန်းခွဲ ထုတ်ရောင်းမယ်။ပြည်နယ်နဲ့တိုင်းတခုချင်းစီ အလိုက် သူ့ အချိုးအစား တခု ရလိမ့်မယ်။ ဥပမာ- ရန်ကုန်တိုင်းတခုလုံးအတွက် တလကို ဖုန်းကတ် ၅ သောင်းလောက် ရရင်လည်း ရမှာပေါ့ဗျာ။
လစဉ်လတိုင်းအထိ အရေအတွက် ကတော့ အကန့်အသတ်ရှိမယ်”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းလ် အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဧရာဝတီသို့ ပြောသည်။
ဖုန်းကတ်များကို ရောင်းချရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များက တိုက်ရိုက် ကွပ်ကဲ စီစဉ်ရောင်းချမည်ဖြစ်ကြောင်း အင်ဂျင်နီယာချုပ်ဦးေဋ္ဌးဝင်းက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက ဖုန်းကတ်များကို တိုင်းဒေသကြီးအစိုးရက စီမံကွပ်ကဲရောင်းချမည်မှာ မှန်ကန်သော်လည်း မည်သို့မည်ပုံ ရောင်းချရမည်ကို ညွှန်ကြားချက်တစုံတရာမရရှိသေးကြောင်း ဧရာဝတီသို့ ရှင်းပြသည်။
အစိုးရက မိုဘိုင်းလ်ဖုန်းကတ်များကို ငွေကျပ် ၁၅၀၀ ဖြင့် ရောင်းချမည်ဟု ကြေညာလိုက်သည့်အပေါ် ပြည်သူများက ကြိုဆိုလိုက်ကြသော်လည်း ဖုန်းကတ်အရေအတွက်အကန့်အသတ်ရှိသည့်အတွက် ဖုန်းကတ် ဝယ်ယူမရမည်ကို စိုးရိမ်လျက်ရှိကြသည်။
”ဖုန်းကတ်ဈေးက ၁၅၀၀ ပေမယ့် အရေအတွက် အကန့်အသတ်ရှိတော့ ဘယ်လိုလုပ်မလဲ။ ကိုယ်ဝယ်တဲ့အချိန်မှာ ရပါ့မလား။ မှောင်ခိုဈေးကွက် ကတော့ ဖြစ်လာဦးမယ်လို့ထင်တယ်။ ရန်ကုန်လူဦးရေ ခြောက်သန်းရှိတယ်။ အဲဒီခြောက်သန်းလုံးအတွက် ဘယ်လိုလုံလုံလောက်လောက်ရနိုင်မလဲ။ မှောင်ခိုဈေးကွက်နဲ့ ဖုန်းကတ်ဈေးကြီးပေးဝယ်ရတာတွေတော့ လောလောဆယ် ဖြစ်နေဦးမယ်ထင်တယ်” ဟု ရန်ကုန်မြို့ခံတဦးက ဆိုသည်။
ငွေကျပ် ၁၅၀၀ ဖြင့် ရောင်းချမည့် ဖုန်းကတ် များကြောင့် ဖုန်းဟန်းဆက်ဈေးကွက် သိသိသာသာ လှုပ်ရှား မည်ဖြစ်ပြီး ဈေးနှုန်းများ မြင့်တက်ဖွယ်ရှိသည်ဟု ရန်ကုန်မြို့အပါအဝင် နိုင်ငံတဝန်း ဟန်းဆက် အရောင်းဆိုင်များဖွင့်လှစ်ထားသော လူကြီးမင်း မိုဘိုင်းဖုန်းဆိုင်မှမန်နေဂျာ ဦးကိုကိုအောင်က ပြောသည်။
”ဟန်းဆက်က ဈေးကွက် မာလာလိမ့်မယ်။ဆိုင်တော်တော် များများက ကတ်ထွက်လာရင် ရောင်းဖို့ ဆိုပြီး တော့ GSM တွေ ဝယ်ထားကြတာ။အခုက CDMA 800 ဖုန်းကတ်တွေ ရောင်းမှာဆိုတော့ အဲဒီ ဟန်းဆက် ကို ပြန်လိုက်ဝယ်တဲ့ သဘော ဖြစ်တာပေါ့။ဈေးနှုန်းတွေကတော့တသိန်းအောက ်လည်း ရှိမယ်။ တသိန်းအထက်လည်း ရှိမယ်”ဟု ဦးကိုကိုအောင်က ဆိုသည်။
အစိုးရက ရောင်းချမည့် ဖုန်းကတ်များသည် ဖုန်းခေါ်ဆိုခ တမိနစ်လျှင် ငွေကျပ် ၅၀ သတ်မှတ်ထားပြီး ဖုန်းအဝင်အတွက် ငွေကြေးကုန်ကျမည်မဟုတ်ကြောင်း၊ နယ်ဒေသများတွင် ချထားပေးမည့် WCDMA 3G များတွင် အင်တာနက်လိုင်းပါး တပါတည်း ပါဝင်မည်ဖြစ်ကြောင်း အင်ဂျင်နီယာချုပ်ဦးဌေးဝင်း၏အဆိုအရ သိရှိရသည်။
အစိုးရက မိုဘိုင်းလ်ဖုန်းစီမံချက်အသစ်ကို ထပ်မံရေးဆွဲလိုက်ပြီး ၂၀၁၃-၂၀၁၄ ခုနှစ်တွင် မိုဘိုင်းလ်ဖုန်း လိုင်း ၈ သန်း၊ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ၁၈ သန်းတိုးချဲ့မည်ဖြစ်ပြီး အစိုးရသက်တမ်းကုန်ဆုံးသည့်အချိန်အထိ မိုဘိုင်းလ်ဖုန်း လိုင်း ၂၆ သန်းချထားပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းထံမှ သိရှိရသည်။