ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ် အတွင်းရှိ အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းကြောင့် ရွှေ့ပြောင်းပေးရမည့် ကျေးရွာ ၂၂ ရွာ၏ နစ်နာမှုများအတွက် လျော်ကြေးငွေများ ပေးအပ်နေကြောင်း သိရသည်။
အဆိုပါ ကျေးရွာဒေသခံများကို ကုန်မြင့်ပိုင်းသို့ နေရာမြေ အစားထိုးပေးခြင်း အပါအဝင် အဆောက် အဦးများ ပြန်လည် ဆောက်လုပ်ပေးခြင်းနှင့် ငွေကြေးများ ပေးအပ်ခြင်းတို့ကို ပြုလုပ်ပေးနေကြောင်း ရှမ်းပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးစိုင်းထွန်းရင်က ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၂ ရက်မှ စတင်၍ ၂၅ ရက်နေ့ အထိ ရွာ ၄ ရွာကို ကျပ်ငွေ သိန်း ၁ သောင်းကျော် (သိန်း ၁၇၇၆၈၉) လျော်ကြေး ပေးအပ်ခဲ့ကြောင်း၊ ကျန်ရှိနေသေးသည့် ကျေးရွာများကို ယခုလ ၈ ရက်နှင့် ၉ ရက်နေ့များတွင် ကျေးရွာ ၆ ရွာကို ဆက်လက် ပေးအပ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဆက်လက် ပေးသွားမယ်၊ အတတ်နိုင်ဆုံး ဒီ ၄ လပိုင်း (ဧပြီလ) ထဲမှာ ကျနော်တို့ ပြတ်အောင် လုပ်သွားမှာပါ” ဟု ဦးစိုင်းထွန်းရင်က ဆက်ပြောသည်။
ငွေပေးအပ်ခဲ့သည့် ကျေးရွာများမှာ ရွာကြီး၊ သင်္ဘောကုန်း၊ ဟင်္သာကုန်း၊ ဂွေးကုန်းရွာတို့ဖြစ်ပြီး လျော်ကြေးငွေများကို တန်ဖိုးအလိုက် ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။
ဦးစိုင်းထွန်းရင်က “သိန်း ၅၀ တန်တဲ့ အိမ်ကို သိန်း ၅၀ ပေးတယ်။ တချို့အိမ်ဆိုရင် သိန်း ၁၈၀ တန်တာ ရှိတယ်။ သိန်း ၁၀၀ တန်ရင် ၁၀၀ ပေးတယ်။ ပေးတဲ့ဟာရယ် နောက် သူ့ခြံ ဘယ်လောက်ရှိလဲ၊ နှစ်ရှည်သီးနှံပင် ဘယ်လောက်ရှိလဲ၊ လယ်ယာကိုင်းကျွန်း ဘယ်လောက်ရှိလဲဆိုတာ နှုန်းထားအတိုင်း တွက်ဆပြီးတော့ ပေးလိုက်တယ်။ ရှင်းရှင်းပြောရရင် နစ်နာမှုမရှိအောင် ပေးတယ်” ဟု ရှင်းပြသည်။
ဝါးဖြင့် တည်ဆောက်ထားသည့် တချို့နေအိမ်များကိုလည်း အနည်းဆုံး ကျပ်ငွေ ၆ သိန်း သုံးသောင်းခန့် ပေးအပ်ပြီး စာသင်ကျောင်းနှင့် ဘာသာရေး အဆောက်အဦးတို့ကို အသစ် ပြန်လည် တည်ဆောက်ပေးကြောင်း သိရသည်။
လျော်ကြေးငွေ ရရှိထားသည့် ဒေသခံများကလည်း မိမိတို့ တောင်းဆိုထားသည့် ပမာဏ ရရှိသဖြင့် ကျေနပ်သည်ဟု ပြောဆိုကြောင်း ဒေသခံများနှင့် တွေ့ဆုံခဲ့သည့် ကိုဂျွန်ချစ်ငြိမ်းက ပြောသည်။
ကျေးရွာ ဒေသခံများအနေနှင့် နေရာမြေ နေရာ စားထိုး ပြန်ပေးရေး အပါအဝင် လမ်းနှင့် မီးရရှိရေး စသည့် အချက်များကို တောင်းဆိုခဲ့ရာ အစိုးရက လိုက်လျော်ပေးသည့်အတွက် ကျေနပ်ကြကြောင်း ပြောဆိုကြသည်ဟု ၎င်းက ဆိုသည်။
အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းသည် ပျဉ်းမနားမြို့ အရှေ့ဘက် ၁၆ မိုင် အကွာတွင် တည်ရှိပြီး ရှမ်းပြည်နယ် ကယား ပြည်နယ်၊ မန္တလေးတိုင်း ၃ ခုဆုံတွင် တည်ရှိသည့် စီမံကိန်းတခုဖြစ်သည်။
ရေဆင်း ဧရိယာအနေဖြင့် ၉၃ စတုရန်း မိုင်ရှိပြီး ပျမ်းမျှ မိုးရေချိန် တနှစ်လျှင် ၆၀ လက်မ ရှိကာ ရေပိုလွဲ အမျိုးအစား ၁၆၅ ပေကျယ်ဝန်းပြီး လာမည့် ၂၀၁၄ ခုနှစ် ဧပြီလတွင် အပြီးသတ် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
ယခင် စစ်အစိုးရ လက်ထက်က တရုတ်နှင့် ထိုင်းနိုင်ငံရှိ ကုမ္ပဏီများ ပူးပေါင်း၍ သံလွင်မြစ်မကြီးနှင့် မြစ်လက်တက်များ ပေါ်တွင် ရေကာတာ ၇ ခု တည်ဆောက်ရန် လျာထားပြီး ကချင်၊ ရှမ်း၊ ကယား ပြည်နယ်နှင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် ဆောက်လုပ်နေဆဲ ရေကာတာ စီမံကိန်း ၂၁ ခုရှိကြောင်း သိရှိရသည်။