လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ မဖြစ်ပွားစေရေးအတွက်“ပဋိပက္ခဖန်တီးမှုများ ကြိုတင်ကာကွယ် တားဆီးရေး ကော်မ တီ” ကို ယမန်နေ့က မန္တလေးမြို့တွင် ဖွဲ့စည်းလိုက်သည်။
အဆိုပါကော်မတီ၏ ရည်ရွယ်ချက်မှာ မကြာသေးမီက ဖြစ်ပွားသည့် ပဋိပက္ခသည် ဘာသာရေး၊ လူမျိုးရေး မဟုတ်ကြောင်းကို အများ ပြည်သူများ နားလည်စေရန် သံဃာတော်များ၊ ဘာသာရေးနှင့် လူမှုရေးခေါင်းဆောင်များ ပူးပေါင်းကာ ပညာပေးစည်းရုံး လုပ် ဆောင်ရန်နှင့် ပဋိပက္ခဖြစ်ရန် လှုံ့ဆော်သူများကို ဖော်ထုတ်အရေးပေးရန် ဖြစ်ကြောင်း အဖွဲ့ဝင်တဦးဖြစ်သည့် ဒေါ်အမာနီက ဆို သည်။
ထိုကော်မတီတွင် နာယကအဖြစ် မန္တလေး မစိုးရိမ်ကျောင်းတိုက်မှ ဦးဝီရသူ ၊ အာရှ အလင်းရောင် ဆရာတော် ဦးစိန္တိတ၊ ရေတော် တိုက် ဆရာတော် ဦးဝိသုတ၊ ကံတက်ကုန်း ဆရာတော် ဦးတေဇောဘာသ၊ ယမုန်းကြီး ဆရာတော် ဦးသောဘိတ တို့က နာယက အဖြစ် ဆောင်ရွက်ကြမည်ဖြစ်ပြီး ကော်မတီဝင်များတွင် အစ္စလမ် ဘာသာဝင်များ ဖြစ်သည့် ဦးမောင်မောင်(ရွှေကရဝိတ်)၊ ဦးရွှေမောင်း၊ ဒေါ်ဝင်းမြမြ၊ ဦးစိန်ဝင်းတို့ အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အဖွဲ့ဝင်များ၊ လူမှုရေး အဖွဲ့များနှင့် ဘာသာရေး အဖွဲ့အစည်းများမှလည်း ပါဝင်ကြောင်း သိရသည်။
ယမန်နေ့က ကျင်းပသော ယင်းကော်မတီ ဖွဲ့စည်းသည့် အခမ်းအနားသို့ လူပေါင်း ၁၅၀ ခန့် တက်ရောက်ပြီး ဆရာတော် ဦးဝီရသူ က မိမိအနေဖြင့် မြန်မာလူမျိုးအများစုက လူနည်းစု အစ္စလမ် ဘာသာဝင်များအား ကြောက်ရွံ့အောင် ပြုလုပ်ခြင်းကို မလိုလား သကဲ့သို့ အစ္စလမ်ဘာသာဝင်များက မြန်မာလူမျိုးများအား စော်ကားမှုကိုလည်း လက်မခံကြောင်း၊ သတ်ဖြတ်မှုကို အားမပေးကြောင်း၊ အစ္စလမ်ဘာသာဝင်များ ကိုယ်စား ဒေါက်တာ သန်းညွန့် ကလည်း ဗုဒ္ဓဘာသာဝင်များနှင့် ညီညွတ်စွာယှဉ်တွဲနေထိုင်သွားမည်ဖြစ်ပြီး ရဟန်းသံဃာများအနေဖြင့်လည်း မိမိတို့အား ထောက်ပြပြောဆိုနိုင်ကြောင်း ဟောပြောသွားသည်ဟု အခမ်းအနား တက်ရောက်သည့် မန္တလေးမြို့ခံ သတင်းသမား တဦးက ဆိုသည်။
ဆရာတော် ဦးဝီရသူက“ ဦးပဉ္ဇင်း ရှိနေသရွေ့ မန္တလေး အဓိကရုဏ်း မဖြစ်စေရဘူး ဆိုတဲ့ ခံယူချက်နဲ့ နေခဲ့တာ၊ စိုးရိမ်စရာမရှိပါဘူး၊ ပြည်သူတွေကတော့ ကောလာဟလတွေကြောင့် စိုးရိမ်စရာဖြစ်တာပေါ့”ဟု မိန့်သည်။
အစ္စလမ် ဘာသာဝင်များ အနေဖြင့် ရဟန်းသံဃာများနှင့် အများမနှစ်သက်သည့် လူမှုရေးနှင့် ပတ်သက်သည့် အပြုအမူများကို ဆင်ခြင် စေခြင်ကြောင်း၊ သို့မှသာ အတူယှဉ်တွဲနေထိုင်နိုင်မည်ဖြစ်ကြောင်းလည်း ဦးဝီရသူက ဧရာဝတီသို့ မိန့်သည်။
ကောလာဟလများ ထွက်ပေါ်လာလျှင် မဟုတ်မမှန်ကြောင်းကို လျှင်မြန်စွာ သတင်းထုတ်ပြန်ရမည်ဖြစ်ပြီး ပြည်သူများ အနေဖြင့် ရန်စစော်ကားသူ မည်သည့်ဘာသာဝင်မဆို တိုင်ကြားနိုင်ရန် ဖုံးနံပါတ်များကိုလည်း မကြာမီထုတ်ပြန်မည်ဟု သိရသည်။
“ပဋိပက္ခဖန်တီးမှုများ ကြိုတင်ကာကွယ် တားဆီးရေး ကော်မတီ”၏ နာယက ဆရာတော်တပါးဖြစ်သည့် အာရှအလင်းရောင် ဆရာ တော် ဘန္ဒတ ဦးစိန္တိတက ယခုအဖွဲ့၏ ရည်ရွယ်ချက်မှာ ကောင်းမွန်ကြောင်း၊ နှစ်ဘက် ဘာသာရေးခေါင်းဆောင်များ ပါဝင်သည့် အတွက် အားရကြောင်း၊ သို့သော် အများပါဝင်လာစေရန် ဆက်လက်စည်းရုံး ဆောင်ရွက်ရမည်ဟု ထင်ကြောင်း မိန့်သည်။
အစ္စလမ်ဘာသာဝင် ရွှေကရဝိတ် ဦးမောင်မောင်က ဘာသာပေါင်းစုံ ညီညွတ်ရေး ချစ်ကြည်ရေး အတွက် အမြဲမပြတ် ဆက်ဆံရေး ထားရှိသည်မှာ ကောင်းသောလက္ခဏာတရပ် ဖြစ်သော်လည်း ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ တားဆီးရေးမှာ အစိုးရ၏ တာဝန် သာဖြစ်ကြောင်း ပြောဆိုသည်။
“အခုအခြေအနေက ငါးပိသည်က အိပ်ပြီး ဆားသည်က ခွေးမောင်းနေရသလို ဖြစ်နေတယ်၊ မန္တလေးဆိုတာ သံဃာတော်တွေရဲ့ စောင့်ရှောက်မှုနဲ့ ဒီအချိန်အထိ အန္တရာယ်ကင်းနေပါတယ်၊ ဖွဲ့ဖို့တော့ မလိုအပ်ဘူးလို့ ထင်တယ်”ဟု ၎င်းက ဆိုသည်။
ယခု အခြေအနေသည် ဋိပက္ခ အသွင် မဟုတ်သော်လည်း တချို့သောနေရာများတွင် ရန်စလှုံဆော်မှုများ တွေ့ရှိရပါကြောင်း၊ သို့သော် နှစ်ဘက်ထိန်းသိမ်းလျှင် ပြေလည်သွားမည်ဖြစ်ကြောင်း ဦးမောင်မောင် က ဆက်လက်ပြောသည်။
လက်ရှိ မန္တလေးမြို့အခြေအနေမှာ ယခုရက်ပိုင်းတွင် ကောလာဟလ သတင်းများ ထွက်ပေါ်နေသော်လည်း ငြိမ်သက်မှုရှိကြောင်း၊ ချမ်းအေးသာဇံမြို့နယ် အတွင်းတွင်မူ လုံခြုံရေး အခြေအနေကြောင့်ဟု ဆိုကာ ဈေးဆိုင်များကို ည ၁၁ နာရီပိတ်သိမ်းရန် ညွန်ကြား မှုများရှိသည်ဟု သိရသည်။
ပြီးခဲ့သည့် လအတွင်းက မိတ္ထီလာမြို့၌ ရွှေအရောင်းအဝယ်ပြုလုပ်ရာမှ စတင်ဖြစ်ပွားခဲ့သည့် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း များသည် အနီးအနားရှိ မန္တလေးမြို့ကို မကူးစက်သော်လည်း ပဲခူးတိုင်းအနောက်ခြမ်း ဒေသများသို့ ပျံ့နှံ့ခဲ့သည်။
ထိုအဓိကရုဏ်း အတွင်း လူပေါင်း ၄၂ ဦး သေဆုံးကာ လူနေအိမ် ၁၂၂၇ လုံး ပျက်စီးသွားပြီး တရားခံ ၆၈ ဦးကို ဖမ်းဆီးထား သည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။