မြန်မာနိုင်ငံတွင် တရားဝင် ကိုယ်ဝန်ဖျက်ချခွင့် မရှိသည့်အတွက် အမျိုးသမီးများ အသက် ဆုံးရှုံးမှုများ ရှိနေသောကြောင့် အစိုးရ ဆေးရုံ၊ ဆေးခန်းများတွင် တရားဝင် ကိုယ်ဝန်ဖျက်ချခွင့် ရရှိရန် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်သို့ တင်ပြ ခဲ့ကြောင်း ဗဟန်းမဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ပြောသည်။
“မလိုချင်တဲ့ ကိုယ်ဝန်ကို လုံခြုံစိတ်ချစွာ ဖျက်ချခွင့် အစိုးရက စီစဉ်ပေးရမယ်။ တရားဝင် ခွင့်ပြုချက်မရရင် ကလေး ဖျက်ချခွင့် မရှိတဲ့ အတွက် မဖြစ်သင့်တဲ့ အသက်ဆုံးရှုံးမှုတွေ ရှိနေတယ်။ တခြားနိုင်ငံတွေမှာဆိုရင် မလိုချင်တဲ့ အချိန်မှာ ကလေးမဖြစ်ခင် ကတည်းက ခွဲစိတ်မှုတွေ လုပ်လို့ရတယ်” ဟု အမျိုးသမီး လွှတ်တော်အမတ် ဒေါက်တာ ညိုညိုသင်းက ဧရာဝတီသို့သည်။
ဒေါက်တာ ညိုညိုသင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ကလေးမွေးဖွားမည့် မိခင်များ အခမဲ့ ဆေးကုသခွင့် ရရှိရန် တိုက်တွန်းကြောင်း အဆိုတင်သွင်းစဉ် ကလေးဖျက်ချခွင့်နှင့် ပတ်သက်၍ တရားဝင်ဖြစ်စေရန် တင်ပြခဲ့ရာ ဝန်ကြီးချုပ်က တနိုင်ငံလုံး အနေအထားနှင့် လုပ်နိုင်ပါက ပိုမိုကောင်းမွန်မည် ဖြစ်သောကြောင့် ရန်ကုန်းတိုင်း အစိုးရ အဖွဲ့မှတဆင့် ပြည်ထောင်စု အစိုးရ အဖွဲ့သို့ တင်ပြပေးမည်ဆိုသည့် ကတိကဝတ် ပြန်လည်ပြုခဲ့ကြောင်း သိရသည်။
သက်တမ်းနုစဉ် ကာလတွင် ကိုယ်ဝန်ဖျက်ချခြင်းကို အစိုးရအနေဖြင့် တရားဝင်ခွင့်ပြုသင့်ပြီး ကလေးထိခိုက်မှု မရှိစေရန် အတွက်လည်း ဥပဒေအရ အကာအကွယ် လိုအပ်ကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ဧရာဝတီသို့ ပြောသည်။
ကလေးဖျက်ချမှုနှင့် ပတ်သက်၍ လူ့အခွင့်အရေး ရှုထောင့်အရ လစေ့နေ့စေ့မှ ဖျက်ချခြင်းကို လက်မခံနိုင်သော်လည်း သက်တမ်း နုစဉ်ကာလတွင် အကြောင်းအမျိုးမျိုးကြောင့် ကလေးမယူလို၍ ဖျက်ချခြင်းကို လက်ခံကြောင်း၊ ကလေးဖျက်ချမှုနှင့် ပတ်သက်၍ အမျိုးသမီးများနှင့် ကလေးများကို ဥပဒေအရ ကာကွယ်ပေးရန် လိုအပ်ကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသော အဖွဲ့အစည်းတခု ဖြစ်သည့် Women’s Galaxy မှ မယဉ်မျိုးလှိုင်က ပြောသည်။
“ဖျက်ချခွင့်တော့ လိုချင်တယ်။ ဒါပေမယ့် ကိုယ်ဝန်ဟာ သုံးလမပြည့်ခင် ဖြစ်ရမယ်။ လစေ့မှ ဖျက်ချရင် ကိုယ်ဝန်သည် မှာလည်း အန္တရာယ်ရှိနိုင်တယ်။ တရားဝင် ဥပဒေရှိလာရင်လည်း ဖြစ်နိုင်ရင် ဆရာဝန်နဲ့ သွားတွေ့ စေချင်တယ်။ဆရာဝန်တွေကတော့ ကောင်းတဲ့ အကြံ ပေးနိုင်မှာပဲလေ” ဟု သူက ဆိုသည်။
မလိုချင်သော ကိုယ်ဝန်ကို ဖျက်ချရာတွင် လူသတ်သည်ဆိုသော အမြင်မျိုး မဖြစ်စေရန် လောကအကြောင်း၊ ဓမ္မအကြောင်းနှင့် အညီ ဥပဒေအရ သေသေချာချာ ကန့်သတ်ထားရန် လိုအပ်ကြောင်း၊ မွေးဖွားရန် နေ့လမစေ့မီ စောစောပိုင်းတွင် ကိုယ်ဝန် ဖျက်ချသင့်ပြီး နောက်ပိုင်းတွင် မိခင်ကိုပါ အန္တရာယ် ဖြစ်စေနိုင်ကြောင်း ဆရာဝန် စာရေးဆရာမ မသီတာ (စမ်းချောင်း) ကပြောသည်။
“တချို့ နိုင်ငံတွေမှာတော့ မွေးရာပါ ဉာဏ်ရည်မမီတာမျိုး၊ ကိုယ်လက်အင်္ဂါ မစုံတာမျိုးကို စောစောစီးစီး တရားဝင် ဖျက်ချခွင့် ပြုထားတယ်။ ကိုယ်ဝန် မလိုချင်တာက အကြောင်း အမျိုးမျိုး ရှိတော့ ခိုးဖျက်တဲ့ အခါမှာ ကလေးတင်မကဘူး။ လူကြီးတွေ မှာပါ အဖိတ်အစင် ရှိနေတယ်” ဟု သူက ဆိုသည်။
ကိုယ်ဝန်ဖျက်ချမှုသည် မြန်မာနိုင်ငံတွင် တရားဝင်မဟုတ်သောကြောင့် တိတ်တဆိတ်ဖျက်ချမှုများကို စာရင်းအတိအကျ ကောက်ယူ၍ မရကြောင်း၊ တစုံတရာ အန္တရာယ်ရှိမှာသာ ဆေးရုံသို့ ရောက်လာကြကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ မျိုးဆက်ပွားစီမံချက်ဆရာဝန် ဒေါက်တာမြင့်ဇော်က ပြောသည်။
မြန်မာနိုင်ငံတွင် ကလေးကို တရားမဝင် ဖျက်ချပါက ဖျက်ချပေးသောသူကို ဥပဒေအရ ထောင်ဒဏ် ၃ နှစ်မှ ၁၀ နှစ်အထိ ကျခံရနိုင်ကြောင်း သိရသည်။
“ခွဲစိတ်ကုသ ပေးရင်တောင်မှ ခွဲစိတ်တဲ့သူက ထောင်ဒဏ် ၃ နှစ် ကျနိုင်တယ်။ ခွဲစိတ်ကုသတဲ့ နေရာမှာ မိခင်က သေဆုံး သွားတယ်ဆိုရင် ထောင်ဒဏ် ၁၀ နှစ်အထိ ကျနိုင်တယ်။ အပြည်ပြည်ဆိုင်ရာ စံနှုန်းနဲ့ ကြည့်မယ်ဆိုရင် လွဲမှားတဲ့ အယူအဆကို ကျင့်သုံးသလို ဖြစ်နေတယ်” ဟု ရန်ကုန်မြို့မှ ရှေ့နေတဦးက ပြောသည်။