သတင်း

ထန်းတပင် လုယက်မှုတွင် ရဲ ၂ ဦးပါဝင်ပတ်သက်နေဟုဆို

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်း ထန်းတပင်မြို့နယ်တွင် လူငယ် ၃ ယောက်အား ဆိုင်ကယ်သူခိုးဟု စွပ်စွဲ၍ ထိုးကြိတ်ရိုက်နှက်ပြီး ရွှေဆွဲကြိုး ၂ ကုံး လုယူသွားမှုတွင် ရဲတပ်ဖွဲ့ဝင် ၂ ဦး ပါဝင်နေသည်ဟု သိရသည်။

ထိုလုယက်မှုသည် မတ်လ ၁၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လုယက် ရိုက်နှက်သူ ၄ ဦးတွင် ၂ ဦးမှာ ရဲတပ်ဖွဲ့ဝင်များ ဖြစ်၍ ၂ ဦးမှာ အရပ်သားများဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ထောက်ကြံ့ ရဲစခန်းရှိ အချုပ်တွင် ထိန်းသိမ်းထားသော်လည်း အရပ်သား ၂ ဦးမှာ ယခုအထိ ထွက်ပြေးလွတ်မြောက် နေဆဲဖြစ်ကြောင်း၊ လုယက်သူများကပင် စတင် တရားစွဲဆိုထားကြောင်း၊ အပြန်အလှန် တရားစွဲမှုများ ဖြစ်နေကြောင်း အရိုက်ခံခဲ့သည့် ကိုရန်ကျော်၏ ဖခင် ဦးလှဦးက ပြောသည်။

ဆိုင်ကယ်သူခိုးဟု အစွပ်စွဲခံရ၍ အရိုက်နှက်ခံရသူများမှာ ထန်းတပင်မြို့နယ် ထိန်နှစ်ပင်ရွာတွင်နေသည့် ကိုနေထက်လင်း၊ ကိုရန်ကျော်နှင့် ကိုသန်းမင်းထွန်းတို့ ဖြစ်ကြောင်း၊ ၎င်းတို့သည် သူငယ်ချင်း မင်္ဂလာပွဲမှ ပြန်လာပြီး တခြား သူငယ်ချင်းများကို လှိုင်သာယာသို့ သွားပို့ကာ ထန်းတပင်သို့ ပြန်အလာတွင် အဆိုပါ ဖြစ်ရပ် ဖြစ်ပွားခဲ့ကြောင်း ကိုနေထက်လင်း၏ ဦးလေးဖြစ်သူ ဦးလှမြင့်ဌေးက ရှင်းပြသည်။

ကိုနေထက်လင်း၊ ကိုရန်ကျော်နှင့် ကိုသန်းမင်းထွန်းတို့ ၃ ဦး အိမ်ပြန်လာစဉ် အဝိုင်းနား အရောက် အနောက်မှ သူခိုးဟု အော်သံ ကြားမိသော်လည်း ၎င်းတို့ကို ပြောခြင်း မဟုတ်ဟု ထင်ခဲ့ကြောင်း၊ ၎င်းတို့နှင့် မဆိုင်သောကြောင့် ဆိုင်ကယ်ကို မရပ်ဘဲ ဆက်လက် မောင်းနှင်ခဲ့သည်ဟု သိရကြောင်း ဦးလှမြင့်ဌေးက ဆိုသည်။

“ကျနော်တို့ အနောက်ကနေ ဆိုင်ကယ်တစီး ပါလာတယ်။ သူ့ကို ကျနော်တို့က မျက်မှန်းတန်း မိနေတယ်။ သူက ရဲဝန်ထမ်းလေ။ ပြုံးပြပြီး နှုတ်တောင် ဆက်လိုက်သေးတယ်။ နောက်တော့ စည်ပင် တံတားနားလည်း ရောက်ရော သူက မောင်းတံကိုချပြီး ကျနော်တို့ကို တားတယ်။ ပြီးတော့ လက်ထိပ်ခတ်လိုက်တယ်” ဟု ဆိုင်ကယ်မောင်းသူ ကိုရန်ကျော်က ဧရာဝတီသို့ ပြောသည်။

ထိုသို့ ဆိုင်ကယ်တားပြီး လက်ထိပ်ခတ်သည်ကို ကိုသန်းမင်းထွန်းက မည်သည့်အတွက်ကြောင့် လက်ထိပ်ခတ်ကြောင်း မေးမြန်းရာ တာဝန်အရ ဖြစ်သည်ဟု ပြောနေစဉ် အနောက်မှ ပါလာသော လူ ၃ ဦး စီးလာသည့် ဆိုင်ကယ်က ၎င်းတို့ ဆိုင်ကယ်အား ဝင်တိုက်ရာ ကိုရန်ကျော်တို့ ၃ ဦး လဲပြိုကြပြီး ဒဏ်ရာများ ရသွားကြောင်း သိရသည်။

“လဲကျသွားတဲ့အချိန်မှာ ရဲ အပါအဝင် ၄ ယောက်က ဆိုင်ကယ်ဦးထုတ်နဲ့ ကလေး ၃ ယောက်ကို ရိုက်တယ်။ လက်သီးနဲ့ ထိုးတယ်။ ကျနော်က လဲကျသွားရာက ထပြီးပြန်ထိုးတော့ အဲဒီလိုလုပ်ရမလားဆိုပြီး တက်တူးတွေထိုးထားတဲ့ လူက ၁ တောင်လောက်ရှည်တဲ့ တုတ်နဲ့ ကျနော့်ကို ရိုက်လို့ သတိလစ်သွားတယ်” ဟု ကိုရန်ကျော်က ဆိုသည်။

ကျန် ၂ ယောက်ကိုလည်း သတိလစ်လုနီးပါး ထိုးကြိတ် ရိုက်နှက်ကြကြောင်း၊ ရိုက်နှက်နေစဉ် အနီးအနားသို့ တရပ်ကွက်တည်း နေကြသော လူများ ရောက်ရှိလာကြောင်း၊ ရဲ ၂ ဦး ကျန်ခဲ့ကာ အရပ်သား ၂ ဦးမှာ ထွက်ပြေးသွားပြီး ကိုရန်ကျော်တို့ ဝတ်ဆင်ထားသော ရွှေဆွဲကြိုး ၂ ကုံးကိုပါ ယူသွားကြောင်း သိရသည်။

“ထိုးကြိတ်ပြီး ရိုက်နှက်နေရင်းနဲ့ ကျနော့်လည်ပင်းကို ဆွဲတယ်။ လည်ပင်းက တစ်လာတော့ ကျနော်က ဆွဲကြိုးပြတ်မယ်လို့ ပြောလိုက်တော့ ပြတ်ပြတ်ကွာ တာဝန်အရ လုပ်တာပဲဆိုပြီး ဆွဲဖြတ်ပြီး ယူသွားတယ်။ ပြီးတော့ အားလုံးကို လက်ထိပ် ခတ်တယ်၊ ထိုးကြိတ်ခံရတယ်၊ အကန်ခံရတယ်၊ အရိုက်ခံရတယ်” ဟု ကိုနေထက်လင်းက ဆိုသည်။

ထို့နောက် သတိလစ်နေကြသူများကို ဆေးရုံသို့ ခေါ်သွားရာ ဆေးရုံရောက်သည်အထိ သတိရတချက်၊ မရတချက် ဖြစ်နေကာ၊ သူနာပြုဆရာမများက “သူခိုးတွေကို ဖမ်းလာကြတယ်ဟေ့”ဟု အော်ဟစ်ပြောဆိုကြသကဲ့သို့ လက်ထိပ်ကိုလည်း မည်သူမျှ ဖြုတ်မပေးကြဘဲ ရပ်ကွက်လူကြီးများ ရောက်လာကြပြီး ဖြုတ်ခိုင်းမှသာလျှင် ဖြုတ်ပေးသည်ဟု ကိုရန်ကျော်၏ ဖခင်က ပြောသည်။

ထိုအမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူများဖြစ်သော ရဲဝန်ထမ်းများက ဝတ္တရား နှောင့်ယှက်မှု၊ ညစ်ညမ်းစွာ ဆဲဆိုမှုနှင့် တရားစွဲဆို ထားသကဲ့သို့ ရိုက်နှက်ခံရသည့် လူငယ်များ၏ မိဘများကလည်း တိုင်ချက်ဖွင့်ထားသည်ဟု သိရကာ ၎င်း ပြဿနာရပ်သည် လုယက်မှုမြောက်သည့် ကျူးလွန်မှုဖြစ်သည်ဟု အမှန်တရား ပြန်လည်ဖော်ဆောင်ရေး လူငယ်များအဖွဲ့မှ ဥက္ကဋ္ဌ ဦးကိုကိုနိုင်က ပြောသည်။

ပြစ်မှုကျူးလွန်သည်ဟု ယူဆရသည့် ရဲ ဝန်ထမ်းနှစ်ဦးအား အချုပ်ချထားကြောင်း ထန်းတပင်မြို့နယ် တပ်သစ် ရဲစခန်းမှ သိရသည်။

ထိုပြဿနာရပ်နှင့် ပတ်သက်သည်များကို ထန်းတပင်မြို့နယ် တပ်သစ်ရဲစခန်းမှ စခန်းမှူး ဦးတင်မြင့်အား ဧရာဝတီက မေးမြန်းရာ ၎င်းက ထိုပြဿနာရပ်အား ယခုအချိန်တွင် မည်သည်ကိုမျှ ဖြေကြားပေးနိုင်မည်မဟုတ်ကြောင်း ပြန်လည် ပြောဆိုခဲ့သည်။

“ဒီအမှုတွဲနဲ့ ပတ်သက်လို့ ကျနော့်ကို ဘာမှ လာမမေးနဲ့။ အားလုံးကို စစ်ဆေးတာတွေ မလုပ်ရသေးဘဲ ကျနော် ဘာကိုမှ မပြောချင်ဘူး။ အဖြေမှန် ထွက်လာပြီဆိုရင်တော့ ဘာကိုမှ မထိန်ချန်ထားဘဲ အားလုံးကို တရားဝင် ပြောပြသွားမှာပါ။ အခုအချိန်မှာ မပြောသေးတာက စစ်ဆေးဆဲ ဖြစ်တဲ့အတွက် တခုခုမှားသွားရင် မကောင်းတဲ့အတွက် မပြောတာပါ” ဟု ၎င်းက ဆိုသည်။

ဧရာဝတီ သတင်းထောက် ညိမ်းပြည့်စုံနှင့် မိုင်အဲမလီတို့ ပူးပေါင်းရေးသားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading