စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ဒေသရှိ ကျေးရွာတချို့က စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင် လီမီတက်နှင့် ဝမ်ပေါင်ကုန်မ္ပဏီတို့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေသည့် ကြေးနီတောင်စီမံကိန်းအတွက် ၎င်းတို့ မြေများကို ရောင်းချမည် မဟုတ်ကြောင်း “လယ်ယာမြေ ကာကွယ်ရေးလှုပ်ရှားမှု” ဆန္ဒဖော်ထုတ်မှုများ ဆက်တိုက် ပြုလုပ်နေကြကြောင်း သတင်းရရှိသည်။
စီမံကိန်း နယ်မြေအတွင်း ကျရောက်နေသော ကျေးရွာများ၊ လယ်ယာမြေများနှင့် ပတ်သက်ပြီး ဆည်တဲ၊ ဇီးတော၊ မိုးကြိုးပြင်၊ လယ်တီ၊ ကျောက်ဖြူတိုင်၊ အလယ်ရွာနှင့် ဖောင်းကတာ ကျေးရွာများက ၎င်းတို့ကျေးရွာများတွင် မတ်လ ၂၉ ရက်နေ့က စတင်ကာ “မြန်မာ့ စီးပွားရေး ဦးပိုင်လီမီတက်၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖြစ်သောကြောင့် ရွှေ့ပြောင်းခြင်း၊ ရောင်းချခြင်း၊ လွှဲပြောင်း ပေးအပ်ခြင်းများ၊ လုံးဝ ပြုလုပ်မည် မဟုတ်ပါ” စာတန်း ဆိုင်းဘုတ်များ စိုက်ထူ၍ ဆန္ဒဖော်ထုတ်ပွဲများ ဆက်တိုက် ပြုလုပ်နေကြောင်း သိရသည်။
ဆိုင်းဘုတ် စိုက်ထူပွဲများတွင် ရာနှင့်ချီသော လယ်ယာပိုင်ရှင်များက ၎င်းတို့ မြေများကို အဆိုပါ ကြေးနီစီမံကိန်းအတွက် ရောင်းချမည် မဟုတ်ကြောင်း စုပေါင်း လက်မှတ်ထိုးခြင်းများ၊ လယ်ယာမြေများ မရောင်းချနိုင်ကြောင်းပါ စာရွက်စာတမ်းများကို အိမ်နံရံများ၊ ခြံစည်းရိုးများတွင် ကပ်ခြင်း၊ ယင်းစာရွက်များကို ကိုင်ဆောင်ကာ ကြွေးကြော်မှုများ ပြုလုပ်သည်ဟု သိရှိရသည်။
ဆည်တဲရွာသူ မရီရီဝင်းက “အစိုးရက စီမံကိန်းကို ဆက်လုပ်ခွင့်တွေ ပေးထားတယ်။ လယ်ယာမြေတွေကိုလည်း လျော်ကြေးတွေ လိုက်ပေးနေတယ်။ သူတို့ပေးတဲ့ လျော်ကြေးငွေက နည်းနည်း၊ များများ ရှိတုန်း ခဏပဲ။ ကျမတို့ လယ်ယာမြေတွေက သားစဉ် မြေးဆက်တွေအထိ လုပ်စားလို့ရတယ်။ ကျမတို့ မြေတွေပေါ်မှာပဲ အသက်မွေးဝမ်းကျောင်းချင်တယ်။ လျော်ကြေးလည်း မလိုချင်ဘူး၊ ရွှေ့ပြောင်းလည်း မပေးနိုင်ဘူး။ ဒါကြောင့် ကျမတို့ ဆန္ဒကို အခုလို ဖော်ထုတ်တာ” ဟု ဧရာဝတီသို့ ပြောသည်။
စီမံကိန်းအတွက် သိမ်းထားသည့် မြေများထဲတွင် မရီရီဝင်း ပိုင်ဆိုင်သည့် ယာမြေဧက ၁၃ ဧက ပါဝင်ကြောင်း လတ်တလောတွင် ၎င်းပိုင် ယာမြေများပေါ်တွင် စီမံကိန်း အဆောက်အအုံ တည်ဆောက်ရန် အုတ်ခဲများ ပုံထားသဖြင့် ဖယ်ရှားပေးပါရန် မြို့နယ် အုပ်ချုပ်ရေးမှူးထံ စာပို့အကြောင်းကြားထားသည်ဟု ဆိုသည်။
၂၀၁၀ ခုနှစ်ထဲတွင် စီမံကိန်းအတွင်း ကျရောက်နေသည့် ယာမြေများကို ၃ နှစ်စာ သီးနှံလျော်ကြေးအဖြစ် ပြောဆိုပေးခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေးက အဆိုပါ ပေးချေသည့်ငွေသည် သီးနှံလျော်ကြေး မဟုတ်ဘဲ မြေလျော်ကြေးဖြစ်ကြောင်း ပြောင်းလဲ ပြောဆိုခဲ့ပြီးနောက် ဒေသခံများက ဆန္ဒပြတောင်းဆိုမှုများ ဖြစ်လာခဲ့သည်။
“ကျမမြေ ၁၁ ဧကလည်း သိမ်းခံထားရတယ်။ အခုပေးမယ့် မြေလျော်ကြေးကို ကျမ ယူမှာ မဟုတ်ဘူး။ ယူလိုက်ရင်လည်း ကျမတို့မှာ လုပ်စားကိုင်စားစရာ မြေမရှိတော့ဘူး။ မြေတွေရောင်းပြီး သူတို့ပေးတဲ့အလုပ်ကို လုပ်ရင် အလိုလိုနေရင်း ယာပိုင်ရှင်ဘဝကနေ ကျွန်ဘဝရောက်သွားမယ်။ ကျမတို့ သားသမီးတွေ နောင်ရေးအတွက် သမိုင်းတရားခံအဖြစ် မခံနိုင်ဘူး။ တတ်နိုင်တဲ့ဘက်က ကာကွယ်သွားမှာပဲ” ဟု တုံရွာသူ မနွယ်ကလည်း ဧရာဝတီသို့ ပြောသည်။
ကျေးရွာများအတွင်း “မြေယာကာကွယ်ရေး လှုပ်ရှားမှု” ဆိုင်းဘုတ်တင်ခြင်းများ၊ ဆန္ဒဖော်ထုတ် တောင်းဆိုခြင်းများကို ရပ်တန့်ရန် အာဏာပိုင်များမှ မူလက တားမြစ်မှုများ ရှိသော်လည်း နောက်ပိုင်း ရွာများတွင် ပြုလုပ်သောပွဲများကို တားမြစ်ခြင်းမရှိတော့ကြောင်း ဆန္ဒပြဒေသခံများက ပြောသည်။
ထို့အပြင် လက်ပံတောင်းတောင် ဒေသခံ ကျေးရွာများ စုပေါင်းကာ စီမံကိန်းလုံးဝ ရပ်ဆိုင်းရေး၊ ပုဒ်မ ၁၄၄ အမြန်ဆုံး ရုပ်သိမ်းပေးရေးနှင့် သံဃာတော်များကို မီးလောင်ပျက်စီးစေသော ဖြိုခွင်းမှုအပေါ် ဖော်ထုတ် အရေးယူပေးရေး ဆန္ဒပြခွင့် တောင်းဆိုထားရာ ခွင့်ပြုချက်ရရှိပြီ ဖြစ်သဖြင့် ဒေသခံ ၅၀၀ ကျော်က ယနေ့မှစ၍ ၂ ရက်ကြာ ဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
“စီမံကိန်းကိုတော့ ရပ်ဆိုင်းခိုင်းထားခြင်း မပြုဘဲနဲ့ ပုဒ်မ ၁၄၄ ထုတ်ထားတယ်။ ဒါတွေဟာ တလ ပိတ်ထားရင် လက်ပံတောင်း တောင်ကြီး တလစာပြိုမယ်။ ကျနော်တို့ ယာပိုင်ရှင်တွေကျတော့ ကိုယ့်ယာကို လုပ်ခွင့်မရဘူး” ဟု ဖောင်းကတာ မြောက်ရွာသား ဦးသိန်းက ဧရာဝတီသို့ ပြောသည်။
ယခုဖြစ်ပွားနေသော “မြေယာကာကွယ်ရေး လှုပ်ရှားမှု” ဆန္ဒထုတ်ဖော်မှုများသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ စစ်ဆေးချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ၁၅ ဦးပါ အဖွဲ့၏ ကျေးရွာရွှေ့ပြောင်းရေး ကိစ္စများ၊ မြေယာလျှော်ကြေးများ စတင် ပြုလုပ်လာပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ယင်းအဖွဲ့သည် မြေယာလျော်ကြေးများ ထုတ်ပေးလျက်ရှိရာ စတင်ဆောင်ရွက်စဉ်မှစ၍ ဧပြီ ၃ ရက်နေ့အထိ တောင်သူ ၅၇၀ ဦးအား တန်ဘိုးငွေကျပ် ၁၇၈၅၆ ဒသမ ၇၅ သိန်း ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း ကျန်ရှိနေသေးသည်များကိုလည်း ဆက်လက် ပေးအပ်သွားမည် ဖြစ်ကြောင်း ကြာသပတေးနေ့ထုတ် အစိုးရ သတင်းစာများမှ တဆင့် ထုတ်ပြန် ကြေညာထားသည်။
မူလသိမ်းဆည်းထားသော မြေပမာဏမှာ ၇၈၆၇.၇၈ ဧကဖြစ်ပြီး စီမံကိန်း ဧရိယာအတွက် ၆၉၆၅.၅၄ ဧက သတ်မှတ်ထားကာ ၉၀၂.၂၄ ဧကကို စီမံကိန်းမှ ပြန်လည် ထုတ်နုတ်ပေးသွားမည် ဖြစ်ကြောင်းလည်း ထည့်သွင်း ဖော်ပြထားသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီတွင် ဦးပိုင်လီမီတက်မှ စစ်ဗိုလ်ချုပ်များ၊ စစ်ဗိုလ်ချုပ်ဟောင်း ဝန်ကြီးများနှင့် ဝမ်ပေါင်ကုမ္ပဏီ တာဝန်ရှိသူများ ပါဝင်ပြီး ယင်းအဖွဲ့တွင် မြေယာသိမ်းမှု ပြဿနာများတွင် အဓိက ပါဝင်ခဲ့သည့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေးသည်လည်း အဖွဲ့၏ ဒုတိယ ဥက္ကဋ္ဌ တာဝန်ဖြင့် ပါဝင်နေသည်။
မြေသိမ်းမှုများသည် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့ရာ ဒေသခံ ရွာပေါင်း ၂၆ ရွာမှ မြေ ၇၈၆၇.၇၈ ဧက သိမ်းယူခံခဲ့ရပြီး ဝက်မှေး၊ ဆည်တဲ၊ ဇီးတောနှင့် ကန်တော ရွာများမှာ မြေယာများ သိမ်းယူခြင်း ခံရပြီး ရွာများကိုလည်း ရွှေ့ပြောင်းပေးရန် အမိန့်ထုတ်ခံထားရသည်။
ရွာခံအချို့ ပြောင်းရွှေ့သွားကြသော်လည်း မပြောင်းရွှေ့လိုသော ရွာခံများသည် ထိုရွာများ၌ပင် ဆက်လက် နေထိုင်နေကြသည်။ ကန်တောရွာတွင် တရွာလုံး ပြောင်းရွှေ့သွားကြသော်လည်း မပြောင်းရွှေ့လိုသော အိမ်တအိမ် ကျန်ရှိနေသေးပြီး ဝက်မှေးနှင့် ဆည်တဲရွာများတွင် အိမ်ခြေ ၆၀ ကျော်စီ ကျန်ရှိနေသေးသကဲ့သို့ ဇီးတောရွာတွင်လည်း အိမ်ခြေ ၄၀ ကျော် ကျန်ရှိနေသေးကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
စီမံကိန်း ဧရိယာအတွင်းရှိ ကျေးရွာများမှ အိမ်ထောင်စု ၂၃၃ စုသည် ကျေးရွာသစ်များသို့ ပြောင်းရွှေ့လာပြီး ရေ၊ မီး၊ လမ်းအစ ရှိသည်များအပြင် ကာရာအိုကေ စက်များကိုလည်း တပ်ဆင်ဖြည့်ဆည်း ဆောင်ရွက်ပေးထားကြောင်းနှင့် ဒေသခံ ၁၆၉၀ ဦးကိုလည်း စီမံကိန်း လုပ်ငန်းများတွင် အလုပ်ခန့်ထားကြောင်း စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီက တရားဝင် ထုတ်ပြန်ထားသည်။