အင်ဒိုနီးရှားနိုင်ငံရှိ လူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းတခု၌ မြန်မာနှင့် မွတ်စလင်များ အချင်းများ တိုက်ခိုက်မှုကြောင့် မြန်မာ ၈ ဦးသေဆုံးမှုနှင့် ပတ်သက်၍ အင်ဒိုနီးရှားရှိ မြန်မာသံရုံးက အင်ဒိုနီးရှား အစိုးရ တာဝန်ရှိသူများထံ အချက် ၃ ချက်ကို တောင်းမည်ဖြစ်ကြောင်း သိရသည်။
“မှန်မှန်ကန်ကန် တရားမျှတစွာ စုံစမ်းဖော်ထုတ်ပေးရန်၊(ဓား သို့မဟုတ် သေကြေစေသော ကိရိယာများ Detention Centre အတွင်း ရောက်ရှိနေရခြင်း အကြောင်းရင်း၊ Detention Centre ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စောင့်ကြပ် ထိန်းသိမ်းမှု အခြေအနေ)၊ စုံစမ်း ဖော်ထုတ်ချက်အရ အပြစ်ရှိသူများ၊ ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် အပြစ်ပေး အရေးယူရန်၊ အင်ဒိုနီးရှားရောက် မြန်မာနိုင်ငံသားများ၏ လုံခြုံရေးကို အလေးထား ဆောင်ရွက်ပေးရန် တောင်းဆိုသွားမည်” ဟု နေပြည်တော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သူ၏ အင်တာနက် ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖော်ပြထားသည်။
အင်ဒိုနီးရှားနိုင်ငံ ဆုမတြားမြောက်ပိုင်း ခရိုင်ရှိ လူဝင်မှုကြီးကြပ်ရေး ထိမ်းသိမ်းရေး စခန်းတွင် အင်ဒိုနီးရှား ကမ်းခြေသို့ လှေဖြင့် ခိုးဝင်လာကြသော မွတ်စလင် ၁၀၀ ကျော်နှင့် တရားမဝင် ငါးဖမ်းသည့် မြန်မာ ၁၁ ဦးတို့ကို အတူတူ ချုပ်ထား ခဲ့ကြောင်း၊ စခန်းတွင်း၌ အချင်းချင်း တိုက်ခိုက်မှုကြောင့် မြန်မာ ၈ ဦးသေဆုံးပြီး မွတ်စလင် ၁၅ ဦး ဒဏ်ရာရရှိကြောင်း၊ နောက်ထပ် မြန်မာ ၃ ဦးမှာ ထိခိုက်မှုမရှိ လွတ်မြောက်ခဲ့ကြောင်း နယ်မြေခံ ရဲချုပ် Enfro Kiswanto ကို ကိုးကားပြီး အေပီ သတင်းတွင် ဖော်ပြထားသည်။
အင်ဒိုနီးရှားရှိ မြန်မာသံရုံး၏ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများ အဆိုပါကိစ္စ ကိုင်တွယ် ဖြေရှင်းပေးရန်အတွက် အစည်းအဝေး ထိုင်နေကြောင်း သံရုံးအမှုထမ်းတဦးက ဧရာဝတီကို ပြောသည်။
“အခု ကျနော်တို့ အဲဒီကိစ္စပဲ အစည်းအဝေး ထိုင်နေပါတယ်” ဟု အဆိုပါ အမှုထမ်းက ဆိုသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။
ရဲချုပ် Enfro Kiswanto က မျက်မြင်သက်သေများကို ကိုးကားပြောဆိုရာတွင် မွတ်စလင်များနှင့် ဗုဒ္ဓဘာသာဝင် ငါးဖမ်းသမားများသည် မြန်မာနိုင်ငံတွင် မကြာခင်က ဖြစ်ပွားခဲ့သည့် ဘာသာရေး၊ လူမှုရေး အဓိကရုဏ်း ကိစ္စများကို အခြေခံပြီး အချင်းချင်း စကားများကြရာက တုတ်၊ ဓားများ ဆွဲကိုင်ကာ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။
“ဓားတွေ ဘယ်လိုရှိနေကြတယ်ဆိုတဲ့ ကိစ္စ အပါအဝင် အဖြစ်အပျက်ကို စုံစမ်းတုန်းပါ။ သူတို့ကို လာရင်းနေရပ်ဆီ မြန်မြန် ပြန်ပို့ပါတော့မယ်” ဟု ရဲချုပ် Enfro Kiswanto က အေပီ သတင်းဌာနသို့ ပြောသည်။
ဒဏ်ရာရသူ၊ သေဆုံးသွားသူများကို ဘေလဝန်မြို့တောင်ဘက် ၁၄ မိုင် ဝေးသော ခရိုင်မြို့တော်ရှိ မေဒင် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားခဲ့သော ထိမ်းသိမ်းရေး စခန်းတွင် ခိုလှုံခွင့်လျှောက်ထားသူ စုစုပေါင်း ၂၈၀ ကျော်နှင့် တရားမဝင် ငါးဖမ်းမှု၊ အင်ဒိုနီးရှားနိုင်ငံ နယ်နမိတ်အတွင်း ခိုးဝင်မှုများဖြင့် ဖမ်းဆီထားသူ မြန်မာများကို ထိမ်းသိမ်းထားကြောင်း သိရသည်။
လွန်ခဲ့သည့်လက မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့၌ စတင်ဖြစ်ပေါ်ခဲ့သည့် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများသည် ပဲခူးတိုင်း အနောက်ခြမ်း မြို့နယ်တချို့သို့ပါ ကူးစက် ပြန့်ပွားသွားခဲ့ရာ ၄၃ ဦး သေဆုံးပြီး ရာနှင့်ချီသော အိုးအိမ်နှင့် ဘာသာရေး အဆောက်အအုံများ ပျက်ဆီး ဆုံးရှုံးခဲ့ကာ လူပေါင်း ၁ သောင်းကျော် ဒုက္ခသည်ဘ၀ ရောက်ခဲ့ကြရသည်။
၂၀၁၂ ခုနှစ်ကလည်း မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ပြည်နယ်တွင် လူအုပ်စုချင်း ပဋိပက္ခဖြစ်ပွားကာ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးပြီး လူ ၁ သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။