ရန်ကုန်မြို့ရှိ ဘာသာပေါင်းစုံ လူငယ်များ၏ ငြိမ်းချမ်းရေးလှုပ်ရှားမှု တစ်ရပ်ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ လှည်းတန်း၊ မြေနီကုန်း၊ မင်္ဂလာဈေးနှင့် အခြားလူစည်ကားရာ နေရာများတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းရေး လှုပ်ရှားမှုကို Pray for Myanmar Youth Network အဖွဲ့က ဦးဆောင်ပြီး ကျွနု်ပ်ကြောင့် လူမျိုးရေး ဘာသာရေး အဓိကရုဏ်းမဖြစ်စေရ စာတမ်းပါ တီရှပ်နှင့် စတစ်ကာများနှင့် ဘာသာလူမျိုး မခွဲခြား မြန်မာနိုင်ငံသား လက်ကမ်းပိုစတာများကို အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
“လက်ရှိ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို မကြိုက်ကြဘူး။ ဘာကြောင့်လဲ ဆိုတော့သက်တမ်း တစ်လျှောက်လုံးမှာ ဒါမျိုး မကြုံဖူးဘူး။ တစ်ယောက်နဲ့ တစ်ယောက် မယုံသင်္ကာဖြစ်မှုတွေ ပျောက်ကွယ်အောင် ကျွန်တော်တို့ လူငယ်တွေကနေစပြီး လူကြီးတွေအထိ မယုံသင်္ကာဖြစ်မှုတွေ ပျောက်သွားအောင် ဒီလို လှုပ်ရှားမှုကို လုပ်ဖြစ်တာပါ” ဟု Pray For Myanmar Youth Network အဖွဲ့၏ တာဝန်ခံ တစ်ဦးဖြစ်သူ ကိုသက်ဆွေဝင်းက ဧရာဝတီကို ပြောသည်။
လှုပ်ရှားမှုကို လူငယ် ၄၀ ကျော်ပါဝင်ခဲ့ပြီး ရွှေ့လျားလှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ အနေနဲ့ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေကို မဖြစ်စေချင်ဘူး။ လက်မခံနိုင်ပါဘူး။ ကျွန်တော်တို့တောင် ဒါတွေကို လက်မခံနိုင်ပါဘူး ဆိုရင် လူကြီးပိုင်းတွေရော သွေးထိုး လှုံ့ဆော်နေတဲ့ သူတွေရော ဒါကို တန့်သွားမယ်လို့ ထင်ပါတယ်”ဟု လှုပ်ရှားမှုတွင် ပါဝင်သူ ကိုမင်းပိုင်စိုးက ပြောသည်။
မိတ္ထီလာမြို့တွင် မတ်လ ၂၁ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု များသည် ပဲခူးတိုင်း အနောက်ခြမ်းဒေသသို့ ဆက်လက် ကူးဆက်ခဲ့ပြီး ဘာသာရေး အစွန်းရောက်များ ပါဝင်နေသည်ဟု သုံးသပ်မှုများရှိခဲ့သည်။ အကြမ်းဖက်မှုများကို ဘာသာရေး လူမျိုးရေး ပဋိပက္ခများအဖြစ် ဆက်လက်ဖန်တီးမှု မရှိစေရန် မြို့များအလိုက် အကြမ်းဖက်မှု နှိမ်နင်းရေး အဖွဲ့အစည်းများ ဖွဲ့စည်းခဲ့ရကြောင်း သိရသည်။ မိတ္ထီလာမှ အစပြုခဲ့သော အကြမ်းဖက်မှုများအတွက် ဘာသာပေါင်းစုံ လူငယ်များပြုလုပ်သည့် ငြိမ်းချမ်းရေးလှုပ်ရှားမှုသည် အောင်မြင်ခဲ့ကြောင်း လှုပ်ရှားမှုတွင် ပါဝင်သည့် လူငယ်များကဆိုသည်။
“ပဋိပက္ခကို ဘယ်သူမှ မလိုချင်ဘူး။ လူတိုင်းရင်ထဲမှာ ငြိမ်းချမ်းရေးကို လိုလားတဲ့သူတွေချည်းပဲ။ ကျွန်မတို့ရဲ့ လှုပ်ရှားမှုကို အားလုံးက လိုလိုလားလား လက်ခံတာတွေ့ရတယ်။ ဝမ်းမြောက် ဝမ်းသာ ကြိုဆိုကြတယ်” ဟု လှုပ်ရှားမှုတွင် ပါဝင်သူ လူငယ်တစ်ဦးက ဆိုသည်။
သမ္မတ ဦးသိန်းစိန်ကလည်း မွန်မြတ်သော ကိုးကွယ်ယုံကြည်မှု ခုတုံးလုပ်ပြီး အလွဲသုံးသော အယူသီး အစွန်းရောက်လုပ်ရပ်တွေ၊ မတူညီသော ဘာသာတရားများအကြား မုန်းတီးအောင် လုပ်ဆောင်မှုများကို ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း၊ မတူညီမှုများကို ညှိုနှိုင်းပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် အကျပ်အတည်းများကို ဖြေရှင်းနိုင်ပြီး ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ကို ပံ့ပိုးနိုင်မည်ဖြစ်ကြောင်း၊ယဉ်ကျေးသော လူ့အဖွဲ့အစည်းရှိသော နိုင်ငံတနိုင်ငံဖြစ်စေရန် ကြိုးပမ်းနေခြင်းကို သက်သေထူရမည်ဖြစ်ကြောင်း အကြမ်းဖက်မှုများ စတင်ဖြစ်ပွားပြီး ၈ ရက်အကြာတွင် လွှင့်ထုတ်ခဲ့သော မိန့်ခွန်းတွင် ပြောဆိုသွားခဲ့သည်။