သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ၂၀၀၈ ခုနှစ် က အင်းစိန်အကျဉ်းထောင်က လွတ်မြောက်စဉ် ဝတ်ဆင်သွားတဲ့ အပြာ ရောင် ထောင် ဝတ်စုံကို ပြန်လည် အပ်နှံဖို့ မနေ့တုန်းက အင်းစိန် ရဲစခန်းက ပထမဆုံးအကြိမ် တရားဝင် တောင်းခံလိုက်တယ်။
၅ နှစ်ကြာမှ အင်းစိန် ရဲစခန်းက ရဲမှူး ဆိုသူက ဖုံးဆက် တောင်းခံခြင်းဖြစ်ပြီး ဦးဝင်းတင် ကတော့ မအပ်နိုင်ကြောင်း၊ တရားစွဲမယ်ဆိုလည်း ရင်ဆိုင်သွားဖို့ အသင့်ရှိကြောင်း ပြန်လည်ပြောဆိုခဲ့တယ်လို့ သိရတယ်။
“ထောင်ဝတ်စုံကို အပ်ပါ၊ မအပ်နိုင်ဘူး၊ ဒါဆို ငွေ နှစ်ထောင် လျော်ပါ၊ မလျော်နိုင်ဘူး၊ နောက်ဆုံး သူတို့ စိုက်လျော်ပါမယ် လက်မှတ် ထိုးပေးပါ ဆိုတယ် ကျနော် ထိုးမပေးနိုင်ဘူး ငြင်းလိုက်တယ်”လို့ ဦးဝင်းတင်က ဆိုပါတယ်။
ထောင်က လွတ်စဉ်တုန်းက ဒီဝတ်စုံကို မချွတ်ရင် တရားစွဲမယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပေမယ့်လည်း ချွတ်ယူမယ်ဆိုရင် ဝတ်လစ္စလစ်နဲ့ ထောင်ကထွက်မယ်လို့ အဲဒီကတည်းက အပြတ်ပြောဆိုပြီး ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ဒါ့အပြင် နောက်ပိုင်းမှာ ဝတ်စုံပြန်မအပ်ရင် ဥပဒေအရ အရေးယူမယ်ဆိုတဲ့ ခြိမ်းခြောက်စကားတွေကို သံတမန် အသိုင်းအဝိုင်း ကနေ တဆင့်ကြားသိနေရပေမယ့် ဖမ်းဆီး တရားစွဲဆိုမှုကို ရင်ဆိုင်သွားဖို့ အဆင်သင့်ရှိနေတယ်လို့ ဦးဝင်းတင် က ဆက်ပြောပါတယ်။
ထောင်ဝတ်စုံကို ဝတ်ပြီး ထောင်ကထွက်ခဲ့ရတာဟာ ၂၀၀၅ ခုနှစ် အကျဉ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဝင်း ကိုယ်တိုင် မိမိ ကို လွှတ်ပေးလိုက်ပြီလို့ လူပေါင်း ၁၀၀ ကျော်ရှေ့မှာ ပြောဆိုခဲ့ပေမယ့်လည်း နောက်ပိုင်း ပြန်လည် အကျဉ်းချခဲ့တဲ့အတွက်
မယုံကြည် တာကြောင့် ထောင်ဝတ်စုံကို မချွတ်စတမ်းဝတ်ပြီး ထောင်က ထွက်ခဲ့ရတာပါလို့လည်း ပြောဆိုပါတယ်။
ဦးဝင်းတင်ဟာ ထောင်ကလွတ်ကတည်းက ထောင်ဝတ်စုံကို အဆင်အမြဲ ဝတ်ဆင်နေတာလည်း ဖြစ်ပါတယ်။
ထောင်ဝတ်စုံကိစ္စ အစပြန်ဖော်တာဟာ အစိုးရအနေနဲ့ ဥပဒေဘောင်အတွင်းက ရမယ်ရှာခြင်းဖြစ်တယ်လို့ ဦးဝင်းတင်က ဆိုပါတယ်။
အခု အဖြစ်အပျက်နဲ့ ပတ်သက်ပြီး အင်းစိန်ရဲစခန်းကို မေးမြန်းတဲ့အခါမှာတော့ မသိရှိကြောင်း ငြင်းဆိုသွားပါတယ်။
ဦးဝင်းတင်အနေနဲ့ ၂၀၀၅ ခုနှစ်တုန်းက လွတ်မြောက်ပြီးမှ ထောင်တွင်း ပြန်လည်အကျဉ်းချထားတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ထောင် အာဏာပိုင်တွေကို ပြန်လည် တရားစွဲဆိုမယ်လို့လည်း ပြောဆိုပါတယ်။
ဦးဝင်းတင်ဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ရာ ၁၉၈၉ ခုနှစ် ဇူလိုင်လအတွင်း စစ်အစိုးရက ထောင်ဒဏ် အနှစ် ၂၀ ချမှတ် ခံခဲ့ရပြီး ထောင်တွင်းမှာ ၁၉ နှစ်ကျော် နေခဲ့ရပါတယ်။ ၂၀၀၈ ခုနှစ် စက်တင်ဘာ ၂၃ ရက်က အင်းစိန်အကျဉ်းထောင် မှ ပြန်လည် လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။