Ethnic Issues

လက်ပံတောင်း ပဋိပက္ခက တိုင်းရင်းသား ဒေသတွေအတွက် သင်ခန်းစာလား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာပြည် အလယ်ပိုင်းတွင် ဖြစ်ပွားနေသည့် လက်ပံတောင်းတောင် ပဋိပက္ခနှင့် အလားတူစွာ တိုင်းရင်းသား ဒေသများတွင်လည်း  သယံဇာတ ထုတ်ယူသုံးစွဲမှုနှင့် ပတ်သက်၍ ပြဿနာများ ကြုံတွေ့ရမည်လော ဆိုသည့်အချက်မှာ စိုးရိမ်ပူပင်စရာ ဖြစ်လာကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက တညီတညွတ်တည်း ပြောဆိုကြသည်။

ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် စီးပွားရေး ရင်းနှီးမြှုပ်နံှမှုများကို အကောင်အထည် ဖော်မည်ဆိုလျှင် ဒေသခံများ၏ လူနေမှုဘဝများနှင့် သဘာ၀ ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုများကို ထည့်သွင်း မစဉ်းစားပါက ကချင်ပြည်နယ်ရှိ မြစ်ဆုံ စီမံကိန်းနှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကဲ့သို့ ပဋိပက္ခများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်ကြောင်း ကချင် တိုင်းရင်းသားခေါင်းဆောင် ဒေါက်တာ တူးဂျာက ပြောသည်။

သူက “လက်ပံတောင်းတောင် ကိစ္စမျိုးဟာ တိုင်းရင်းသား ဒေသတွေအတွက်လည်း စိတ်ပူစရာပဲ။ စီမံကိန်းတွေကို လူမသိ၊ သူမသိ တဖက်သတ် လုပ်ပြီးတော့မှ ပြည်သူလူထု အကျိုးစီးပွားနဲ့ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်တာတွေ ဖြစ်လာတော့ ဒီလိုကန့်ကွက်တာ၊ ဆန္ဒပြတာတွေ ဖြစ်လာတာပေါ့” ဟု ပြောသည်။

တရုတ်စီးပွားရေး လုပ်ငန်းရှင်များနှင့် အစိုးရတို့ ပူးပေါင်းလုပ်ဆောင်သည့် ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းသည် ကချင်ဒေသခံများနှင့် ဧရာဝတီမြစ်ကြောင်းတလျှောက် နေထိုင်သူများ၏ လူနေမှုဘဝနှင့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများ ဖြစ်ပွားစေနိုင်သဖြင့် ကန့်ကွက်သံများ ဆူဆူညံညံ ဖြစ်ခဲ့သည်။

လူထုက လက်မှတ်ရေးထိုး ကန့်ကွက်ကြသည်အထိ ရေချိန်မြင့်တက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်က သူ၏ သမ္မတသက်တမ်းအတွင်း ယင်းစီမံကိန်းအား ရပ်ဆိုင်းထားမည်ဟု ထုတ်ပြန်ကြေညာခဲ့ရသည်အထိ ထိရောက် အောင်မြင်ခဲ့သည်။

ထို့အပြင် မြစ်ဆုံစီမံကိန်းကဲ့သို့ ဝေဖန်ကန့်ကွက်မှု အားမကောင်းသေးဘဲ မြုံနေသော ပဋိပက္ခအသွင် ဖြစ်နေသည့် တခြားစီမံကိန်းများလည်း ရှိနေဆဲဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောက ပြောသည်။

တိုင်းနှင့်ပြည်နယ်များတွင် လူထုက မကျေနပ်သော်လည်း ဆန္ဒပြပေါက်ကွဲမှုအထိ ကျယ်ပြန့်ခြင်း မရှိသေးသော စီမံကိန်းများ ရှိနေသည့်အတွက် စောင့်ကြည့်ရန် လိုအပ်ကြောင်းနှင့် သယံဇာတမှရရှိသော အကျိုးအမြတ်ကို ခွဲဝေရာတွင်လည်း မျှတမှုမရှိသည်ကို တွေ့နေရကြောင်း ဦးဦးလှစောက ပြောသည်။

“လက်ပံတောင်းတောင် ကိစ္စမှာ စစ်ကိုင်းတိုင်းက ခံစားခွင့်မရှိဘူး။ ဒါက လက်ခံနိုင်စရာမရှိဘူး။ စစ်ကိုင်းတိုင်းက ထွက်တဲ့ သယံဇာတကို ဒေသခံတွေရဲ့ ခံစားခွင့်က ဘာတွေရှိမလဲ။ တိုင်းဒေသကြီးတွေရဲ့ လုပ်ပိုင်ခွင့်နဲ့ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်ဆိုတာနဲ့ တိုက်ရိုက် ပတ်သက်နေတယ်။ ဒီအချက်ကို ဖွဲ့စည်းပုံမှာ သေသေချာချာ ပြဋ္ဌာန်းဖို့ လိုနေတယ်” ဟု ၎င်းက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁)၊ နိုင်ငံတော် အခြေခံမူများတွင် မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ် ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတ ပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်မှာ နိုင်ငံတော် ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။

ရခိုင်ပြည်နယ်ရှိ “ရွှေ ”သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းအပေါ် ဒေသခံများက မကျေနပ်မှုများ၊ ကန့်ကွက်မှုများ ရှိနေသော်လည်း ပြည်မတွင် ဖြစ်နေသည့် လက်ပံတောင်းတောင်ကဲ့သို့ လူထုတိုက်ပွဲအသွင် ဖြစ်လာရန် မလွယ်ကြောင်း ဦးဦးလှစော ဆက်ပြောသည်။

ရခိုင်ကမ်းလွန် ပင်လယ်ပြင်တွင် တရုတ်ကုမ္ပဏီများနှင့် အစိုးရက ထုတ်ယူလျက်ရှိသည့် သဘာဝဓာတ်ငွေ့ စီမံကိန်းအပြင် အိန္ဒိယအစိုးရနှင့် သဘောတူ အကောင်အထည် ဖော်လျက်ရှိသည့် ကုလားတန်မြစ်ကြောင်း စီမံကိန်းလည်း ရှိနေသည်။ ယင်းစီမံကိန်းသည် အမေရိကန်ဒေါ်လာ ၂၁၄ သန်း အကုန်အကျခံကာ ၂၀၁၄ ခုနှစ်တွင် အပြီးသတ်မည့် နိုင်ငံတော် စီမံကိန်းကြီးတခု ဖြစ်သည်။ သို့သော် ယင်းစီမံကိန်း လမ်းကြောင်းတလျှောက်တွင် နေထိုင်သည့် တိုင်းရင်းသား ဒေသခံများအတွက် မည်သည့် သတင်းအချက်အလက်နှင့် အသိပညာပေးမှုမျှ မရရှိသေးပေ။

ဒေသခံများ၏ အဓိက စိုးရိမ်ပူပန်မှုမှာ မိမိတို့ပိုင် မြေယာများ သိမ်းဆည်းခံရမည့်အရေး၊ မြစ်ကြောင်းတလျှောက် မိရိုးဖလာ ငါးဖမ်းလုပ်ငန်းများ ဆက်လက် လုပ်ကိုင်ခွင့် မရရှိတော့မည့်အရေးတို့ ဖြစ်သည်။

ချင်းပြည်နယ်တွင် မြစ်ဖျားခံမည့် ကုလားတန်မြစ်ကြောင်း စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံလူထု၏ လူမှုရေးဆိုင်ရာ ကောင်းကျိုး၊ ဆိုးကျိုး သက်ရောက်မှုများကို ပွင့်လင်းမြင်သာစွာ ရှင်းလင်းပြရန် လိုအပ်ကြောင်း ချင်းအမျိုးသားပါတီမှ အထွေထွေအတွင်းရေးမှူး ဆလိုင်း ကျဲအိုဘိခ်ထောင်က ပြောသည်။

“အခုဆို ဒီစီမံကိန်းက တဝက်နီးပါး ပြီးသွားပြီ။ ဒါပေမယ့် ပြည်သူလူထုကို ချပြတဲ့အနေအထား မရောက်လာဘူး။ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ EIA/SIA ကောက်ပြီးမှ ဆက်လက်လုပ်တဲ့ အထိတောင် မစောင့်နိုင်တော့ဘူးလား။ ကျနော်တို့ တိုင်းပြည်က အရေးပေါ် စားစရာမရှိတဲ့လူတွေ ဖြစ်နေပြီလား” ဟု အဆိုပါ ပါတီအတွင်းရေးမှူးက ဆိုသည်။

သူက ဆက်လက်၍ “မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ် ၂ ခုမှာ ဒီစီမံကိန်းက ရှိနေတယ်။ နိုင်ငံတော်အတွက် ဒီ အဆင်းရဲဆုံး ပြည်နယ်တွေက အနစ်နာခံရမယ်ဆိုတာ တရားမျှတရဲ့လား” ဟု မေးခွန်းထုတ်သည်။

ထို့အပြင် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) စစ်တမ်းအရ မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး ပြည်နယ်ဖြစ်သည့် ချင်းပြည်နယ်တွင် လတ်တလော ရင်ဆိုင်နေရသော သဘာ၀ သယံဇာတဆိုင်ရာ ကိစ္စရပ်တခုမှာ ချင်းပြည်နယ် မြောက်ဖျားပိုင်းရှိ မြွေတောင်၊ ဖားတောင် နီကယ်သတ္တုစီမံကိန်းပင် ဖြစ်သည်။

ယင်းစီမံကိန်းနှင့် ပတ်သက်၍ ချင်းတောင်ဒေသ သဘာဝသယံဇာတ စောင့်ကြည့်ရေးအဖွဲ့ကလည်း မတ်လ ၂၆ ရက်စွဲဖြင့် ကြေညာချက်တစောင် ထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ချက်တွင် “မြွေတောင်သည် ချင်းပြည်နယ် နယ်နိမိတ်အတွင်း တည်ရှိနေသဖြင့် ချင်းလူထုတရပ်လုံးနှင့် ဆိုင်သော ကိစ္စဖြစ်ကြောင်း၊ မြွေတောင် သတ္တုတူးဖော်ရေး စီမံကိန်းကိစ္စများအတွက် မူလတာဝန်ရှိသူများမှာ ဒေသခံ ချင်းပြည်သူလူထုနှင့် နိုင်ငံတော် အစိုးရဖြစ်ကြောင်း၊ ယင်းစီမံကိန်းကို ဒေသခံပြည်သူများနှင့် အစိုးရမှ ပူးပေါင်း တူးဖော်နိုင်သည်အထိ ဆိုင်းငံ့စေလိုကြောင်း” ဖော်ပြထားသည်။

ဆလိုင်း ကျဲအိုဘိခ်ထောင်က လက်ပံတောင်းတောင် ကိစ္စကို ကျနော်တို့ တိုင်းရင်းသားတွေ အများကြီး ကိုယ်ချင်းစာတယ်။ ဒါဟာ ဗမာအရေးဖြစ်တယ်၊ တိုင်းရင်းသားအရေး မဟုတ်ဘူးလို့ မယူဆဘူး။ ဒါပေမယ့် တိုင်းရင်းသား ဒေသတိုင်းမှာလည်း ကိုယ့်ပြဿနာနဲ့ကိုယ် လုံးပမ်းနေရတော့ တယောက်ကိုတယောက် ကူညီ မဖြေရှင်းပေးနိုင်ဘူး ဖြစ်နေတယ်” ဟု ပြောသည်။

လက်ပံတောင်းတောင် စီမံကိန်း ပဋိပက္ခကို စုံစမ်းဖြေရှင်းရန် စုံစမ်းရေး ကော်မရှင်ဖွဲ့ခြင်း၊ အစီရင်ခံစာ ထုတ်ပြန်ခြင်းများသည် တိုင်းပြည်အတွက် ကောင်းမွန်သော စံပြလုပ်ရပ် ဖြစ်သည့်အတွက် ကြိုဆိုကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက ပြောသည်။

၎င်းက “ကော်မရှင် အစီရင်ခံစာကို ယေဘုယျအားဖြင့်တော့ လက်ခံပါတယ်။ ကြိုဆိုပါတယ်။ အရင်တုန်းကဆိုရင် ဒီလိုကိစ္စမျိုးတွေမှာ ပွင့်လင်းမှုမရှိ၊ မြင်သာမှုလည်းမရှိ ဖြစ်ချင်သလို ဖြစ်နေတာကနေ အခုလို ကော်မရှင်ဖွဲ့ စုံစမ်းတယ်ဆိုတာ ဒါပထမဆုံးပဲ” ဟု ဆိုသည်။

လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းခြင်း၊ အစီရင်ခံစာ ထွက်ရှိခြင်း စသည့်အဆင့်သို့ မရောက်မီ ဒေသခံလူထု အကြမ်းဖက် နှိမ်နင်းခံရခြင်း၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်းများကို ကျော်ဖြတ်ခဲ့သည်။

ကရင်ပြည်သူ့ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန့်စေးဟွာက “လက်ပံတောင်းတောင်လို စီမံကိန်းတွေ ဖြစ်လာမှာကို ပြည်နယ်နဲ့တိုင်း အားလုံးက စိုးရိမ်တယ်။ နယ်ကမြို့လေးတွေရဲ့ ၁၀ မိုင်အကွာမှာ ပြည်ပကုမ္ပဏီတွေ စီးပွားရေးလုပ်လို့ ရပြီဆိုတဲ့ ဥပဒေမူကြမ်းလည်း ပြီးသွားပြီဆိုတော့ ဒီလို ရင်းနှီးမြှုပ်နှံမှုမျိုးတွေ လာမယ်ဆိုရင် ကျမတို့တွေ ဒီလို အခက်အခဲမျိုးတွေ အများကြီး ကြုံတွေ့ရနိုင်တယ်” ဟု ပြောသည်။

လက်ရှိတွင် ကရင်ပြည်နယ်၌ ဘိလပ်မြေ စက်ရုံကဲ့သို့သော စီးပွားရေး စီမံကိန်းများ စတင် လုပ်ကိုင်လာနေပြီဖြစ်ရာ ပြည်နယ်နှင့် တိုင်းများတွင် သယံဇာတခွဲဝေမှုနှင့် ပတ်သက်၍ ဒေသဆိုင်ရာ အစိုးရများက ကြိုတင်ပြင်ဆင်ထားရန် တာဝန်ရှိကြောင်းလည်း ဒေါ်နန့်စေးဟွာက ဆိုသည်။

စီးပွားရေး ရင်းနှီးမြုပ်နှံမှုများကို ပြုလုပ်ပြီးစီးမှ ကန့်ကွက်လျှင် နှစ်ဦးနှစ်ဖက် နစ်နာစေနိုင်ပြီး စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများနှင့် ဒေသခံများအပေါ် အကျိုးသက်ရောက်မှု မည်သို့ရှိမည် ဆိုသည်ကို  ကြိုတင် အသိပေးမှုများ၊ ချပြမှုများကို ပြုလုပ်စေလိုကြောင်း သူက ဆက်ပြောသည်။

“ရင်းနှီးမြှုပ်နံှပြီးမှ ကန့်ကွက်ခံရရင် စီးပွားရေး လုပ်တဲ့လူတွေလည်း နစ်နာပါတယ်။ ဒီတော့ မလုပ်ခင်မှာ ဒေသခံတွေအတွက် အများကြီး စဉ်းစားပေးဖို့ လိုအပ်တယ်။ လုပ်ငန်းလုပ်မယ့် ကုမ္ပဏီတွေကရော ဘယ်လောက် တာဝန်ယူမှုရှိမလဲ။ ဒီတော့ မဖြစ်ခင်တားတာက ပိုကောင်းပါလိမ့်မယ်” ဟု ဒေါ်နန့်စေးဟွာက ဆိုသည်။

ကရင်ပြည်နယ်သည် နှစ်ပေါင်း ၆၀ ကျော် ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကြောင့် စီးပွားရေး စီမံကိန်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များများစားစား မရှိခဲ့သည့် တိုင်းရင်းသားဒေသတခု ဖြစ်သည်။

မကြာသေးမီက အစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့ကြား ပဏာမ အပစ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးပြီးနောက်ပိုင်း ပေါ်ထွန်းလာနိုင်သည့် စီးပွားရေးလုပ်ငန်းများလည်း ရှိနေသည်ကို တွေ့ရသည်။

ယင်းအနာဂတ် စီးပွားရေးစီမံကိန်းများကို အကောင်အထည် ဖော်မည်ဆိုပါက ကရင်လူထုနှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်ရေး မူဝါဒကို လက်ကိုင်ထားကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ဖဒိုမန်းငြိမ်းမောင်က ပြောသည်။

ဒေါ်နန့်စေးဟွာက အာဏာပိုင်များအနေဖြင့် တိုင်းရင်းသား ပြည်နယ်များရှိ ဒေသခံများ၏ သဘောထားကို တောင်းခံရန် လိုအပ်သကဲ့သို့ ဒေသခံများဘက်ကလည်း မိမိတို့ လိုလားချက်များကို ထုတ်ဖော် ပြောဆိုရဲသည့် သတ္တိရှိရန် လိုအပ်ကြောင်း ပြောသည်။

“ကရင်ပြည်နယ်မှာဆိုရင် လူထုတွေက အပေါ်က အုပ်ချုပ်သူတွေကို မပြောနဲ့၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကိုတောင် ပြန်မပြောရဲဘူး။ ဒေသခံတွေက နောက်ကွယ်မှာသာ ပူညံပူညံပြောမယ်၊ အစည်းအဝေး ခေါ်လိုက်မယ်ဆိုရင် ဟုတ်ကဲ့ … ဟုတ်ကဲ့ ဆိုပြီး ပြီးသွားမယ်။ ပြည်သူက တင်မြှောက်လိုက်တဲ့ အစိုးရဆိုတာ ပြည်သူက သိဖို့လိုတယ်။ အခုက ကိုယ်တင်မြှောက်လိုက်တဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးကိုတောင် ကြောက်နေကြရတယ်” ဟု သူက ဆက်ပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အတွင်းရေးမှူး စိုင်းညွန့်လွင်က “တိုင်းရင်းသားဒေသတွေ ကတော့ သပိတ်မှောက်တာ၊ ဆန္ဒပြတာမျိုး ဇွဲနဲ့ပေပြီး လုပ်ခဲ့တာမရှိခဲ့ဘူး။ ဒါပေမယ့် လက်ပံတောင်းတောင် ကိစ္စ ပေါ်လာတော့ အဲဒီလိုရှိလာမယ်၊ မရှိလာဘူးဆိုတာ ပြောလို့မရတော့ဘူး” ဟု ပြောသည်။

တိုင်းရင်းသားဒေသ ပြည်နယ်နှင့် တိုင်းများရှိ စီးပွားရေးဇုန်များ၊ နိုင်ငံတော်စီမံကိန်းများနှင့် ပတ်သက်၍ တားမြစ်လိုခြင်းမျိုး မဟုတ်ဘဲ၊ ဒေသခံများ၏ အကျိုးစီးပွားနှင့် ပါဝင်ဆုံးဖြတ်ပိုင်ခွင့်များအတွက် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ် အစိုးရ၊ တိုင်းအစိုးရများက ထည့်သွင်း စဉ်းစားစေလိုခြင်းသာ ဖြစ်ကြောင်း တိုင်းရင်းသားများက တညီတညွတ်တည်း ပြောကြသည်။

မြန်မာနိုင်ငံရှိ မည်သည့် ပြည်နယ်၊ မည်သည့် တိုင်းတွင်မဆို စီးပွားရေးစီမံကိန်းများ ပြုလုပ်မည်ဆိုပါက ဒေသခံများက တောင်းဆိုသည်ဖြစ်စေ၊ မတောင်းဆိုသည်ဖြစ်စေ လူထုစစ်တမ်းကောက်ယူခြင်း၊ ရရှိလာနိုင်သည့် ကောင်းကျိုး ဆိုးကျိုးများကို လူထုသို့ ချပြခြင်းနှင့် ပြည်နယ်နှင့် တိုင်းအလိုက် အကျိုးခံစားခွင့်များကို ထည့်သွင်းစဉ်းစားရန် သင်ခန်းစာ ယူသင့်ကြောင်း အထက်ပါ တိုင်းရင်းသား ခေါင်းဆောင်များက အကြံပြုပြောကြားကြသည်။

မြန်မာနိုင်ငံတွင် ပြည်သူလူထု ကန့်ကွက်သည့်ကြားမှ အကောင်အထည် ဖော်နေဆဲဖြစ်သည့် စီးပွားရေးလုပ်ငန်း များစွာရှိနေသေးသည်။

ကရင်နှင့် ဗမာလူမျိုးများ အများဆုံး နေထိုင်သည့် ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြစ်ပေါ်တွင် တည်ဆောက်နေသော ကျောက်နဂါး ရေကာတာစီမံကိန်း၊ ရှမ်းပြည်နယ် မြောက်ဖျားပိုင်းရှိ သံလွင်မြစ်ရေကာတာ၊ ရခိုင်ပြည်နယ်ရှိ နေပူတောင် ကျောက်ထုတ်လုပ်ရေးစီမံကိန်း စသည်တို့အပါအဝင် လူထုအပေါ် သက်ရောက်မှုရှိသည့် လုပ်ငန်းများစွာ ရှိနေသည်။

တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် သဘာ၀ သယံဇာတများကို ထုတ်ယူသုံးစွဲရမည်ဆိုသည့် အချက်ကို လက်ခံသော်လည်း၊ မည်သို့ ထုတ်ယူသုံးစွဲမည်၊ မည်သည့်အချိန်တွင် ထုတ်ယူသုံးစွဲမည်၊ မည်သူနှင့် အကျိုးတူပူးပေါင်းမည် ဆိုသည့် အချက်များကိုမူ အမှန်တကယ် တတ်ကျွမ်းနားလည်ပြီး ၊ ဘက်မလိုက်သော ပညာရှင်များ၏ အကြံဉာဏ်ကိုယူကာ လုပ်ဆောင်သင့်သည်ဟုလည်း တိုင်းရင်းသားခေါင်းဆောင်များက ဆိုသည်။

တိုင်းရင်းသားများ၏ စိုးရိမ်မှုနှင့် အကြံပြုချက်များကို အာဏာပိုင်များနှင့် စီးပွားရေး ရင်းနှီးမြှုပ်နှံမည့် သူများက မည်ကဲ့သို့ အရေးတယူ လက်ခံကျင့်သုံးမည် ဆိုသည်ကိုမူ စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း လေ့လာသူများက ပြောဆိုကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading