ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ လူကုန်ကူးခံရမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု စတာတွေကို စစ်အစိုးရ လက်ထက်တလျှောက် သက်ဆိုင်ရာ မြန်မာသံရုံးက ဘာအကူအညီ အကာအကွယ်မှ မပေးခဲ့ပါဘူး။ ဒါပေမယ့် သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း ပြည်ပရောက် မြန်မာအလုပ်သမားတွေ အရေး အာရုံထားလာတာ တွေ့ရပါတယ်။
ထိုင်းမှာဆိုရင် သံရုံးနဲ့ မြန်မာ အလုပ်သမားအရေး လှုပ်ရှားသူးတွေ၊ NGO တွေ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ပြဿနာ အခက်အခဲတွေကို လက်တွဲဖြေရှင်းလာကြပါတယ်။ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းမှာ တရားဝင် နေထိုင်လုပ်ကိုင်နိုင်ရေးအတွက် ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးဖို့ ထိုင်းမှာ ရုံးလာဖွင့်တာကနေ လူကုန်ကူးခံရမှု၊ မတရားညှဉ်းပန်း နှိပ်စက်ခံရမှု၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုတွေအထိ အကူအညီ ပေးလာတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့ မတ်လဆန်းက ထိုင်းနိုင်ငံတောင်ပိုင်း တရန်း (Trang) မြို့နယ်၊ ကန်တန် (Kantang) လှေဆိပ်မှာ ရေလုပ်သား အဖြစ် ရောင်းစားခံထားရတဲ့ မြန်မာ နိုင်ငံသား ၂၉ ဦးကို ထိုင်းအာဏာပိုင်၊ မြန်မာ အာဏာပိုင်နဲ့ မြန်မာ့အရေး လှုပ်ရှားနေသူ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ကယ်တင်ခဲ့ပါတယ်။
ထိုင်း အထူးစုံစမ်း စစ်ဆေး ရေးဌာန (DSI)၊ မြန်မာနိုင်ငံသားများအဖွဲ့ (Myanmar Association Thailand – MAT)၊ မြန်မာ အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ထွန်း၊ ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (FED) တို့ ပူးပေါင်းပြီး သွားရောက် ကယ်တင်ခဲ့တာပါ။
ရောင်းစားခံထားရတဲ့သူတွေ ကိုယ်တိုင် တိုင်ကြားချက်နဲ့ပဲ မြန်မာနိုင်ငံသား ၂၉ ဦးကို ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်၊ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တွေမှာ သွားရောက် ကယ်တင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ရေလုပ်သားအဖြစ် ရောင်းစားခံပြီး မတ်လ ၁၀ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာသူ အသက် ၃၀ အရွယ်ရှိ ကိုသန်းထိုက်ဝင်းက ပင်လယ်ထဲမှာ ရင်ဆိုင် ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ဧရာဝတီကို ပြောပြပါတယ်။
“ကျနော် ဘယ်လောက်အထိ စိတ်ဆင်းရဲရသလဲဆိုရင် ပိုက်မျှောတဲ့ ပုံးတွေနဲ့ လည်ပင်း စွပ်ပြီးတော့ ရေထဲခုန်ချဖို့အထိ စဉ်းစားတယ်။ ဒါပေမယ့် လက်တွေ့တော့ မဖြစ်ပါဘူး။ ခုန်ချလို့ နိုင်ငံခြားသင်္ဘောနဲ့ တွေ့ရင် ကယ်၊ မတွေ့လို့ မကယ်တော့လည်း အစားအစာနဲ့ ရေငတ်ပြီး သေရင် သေမယ်၊ ငါးမန်း စားရင်လည်း စားမယ်ပေါ့၊ တွေးမိတယ်။ ဒီလိုနဲ့ပဲ ၅ လနဲ့ ၂၄ ရက် အောင့်အည်းပြီးတော့ လုပ်ခဲ့ရတယ်” လို့ သူက ဆိုပါတယ်။
တခါတလေ ၂၄ နာရီလုံးလုံး အလုပ်လုပ်ရတဲ့အခါ ရှိသလို့ ၃ ရက် ဆက်တိုက် မအိပ်ရတဲ့ နေ့တွေလည်း ကြုံခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
“ကျနော်တို့ နားချိန်ဟာ ၂ နာရီလောက်ပဲ ရှိတယ်။ တခါတလေ ဆိုလို့ရှိရင် တုံး (သစ်တုံး) ပါလို့ ပိုက်ကွဲတာတို့ ဘာတို့ရှိရင် ကျနော်တို့ ၃ ရက်လောက်ကို မအိမ်ရဘူး၊ ပိုက်ချုပ်ရတာ။ ငါးတင်လိုက်၊ ပိုက်ချုပ်လိုက်၊ အဲဒီလိုပဲ မနားရတဲ့ ရက်တွေလည်း ရှိတယ်” လို့ ဆိုတယ်။
ငါဖမ်းတဲ့အခါ လှေပေါ်မှာ မြန်မာနိုင်ငံသား ၇ ယောက်နဲ့ ထိုင်းလူမျိုး ၃ ယောက်ပါပြီး မလေးရှားနဲ့ အင်ဒိုနီးရှား ရေပိုက်နက်အထိ တရားမဝင် သွားရောက် ဖမ်းဆီးရတဲ့အတွက်ကြောင့် ရေတပ်သင်္ဘောတွေက လိုက်ဖမ်းတာ၊ မုန်တိုင်းဒဏ် ခံရတာ စတာတွေကိုလည်း ကြုံတွေ့ခဲ့ရတယ်လို့ သူက ပြောပြပါသေးတယ်။
“အဲဒါကြောင့် ပင်လယ်ထဲ ငါးဖမ်းတဲ့ အလုပ်ကို အရမ်းကြောက်တယ်။ သူတို့က တရားဝင် ငါးဖမ်းတာမှ မဟုတ်တာ။ သူများရေပိုင်နက်ထဲမှာ သက်သက် ခိုးဖမ်းတာကိုး။ စစ်သင်္ဘောလာတိုင်း ပြေးရတဲ့ အခါတွေလည်းရှိတယ်၊ ဘာအသက် အာမံခံချက်မှ မရှိဘူး” လို့ ဆိုပါတယ်။
ကိုသန်းထိုက်ဝင်းဟာ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာ အမှတ် (၆) ရပ်ကွက် အဖ ဦးသိန်းလွင်၊ ဒေါ်ဝင်းတို့ရဲ့ သားဖြစ်ပြီး ကရင်ပြည်နယ် မြဝတီမြို့ တဖက်ကမ်း မဲဆောက်မြို့ကနေတဆင့် ဘန်ကောက်မြို့ရှိ ကြက်သား ဆီသွတ်ဗူး လုပ်ငန်းခွင်တခုမှာ အလုပ်ရမယ်ဆိုလို့ ပွဲစားတွေနဲ့ လိုက်လာရာမှာ ယခုကဲ့သို့ ရောင်းစားခံရတာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။
ရောင်းစားခံရပြီး ပြန်လည် လွတ်မြောက်လာသူတွေထဲမှာတော့ အသက် ၁၆ နှစ်ကနေ ၁၈ နှစ် အရွယ် ၃ ယောက်ပါပြီး ကျန်တဲ့သူတွေ ကတော့ အသက် ၂၀ နဲ့ ၃၀ အရွယ်တွေ ဖြစ်ပါတယ်။ လွတ်မြောက်လာသူတွေဟာ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့က ဖြစ်ကြပြီး ပွဲစားတွေနဲ့ အဆက်အသွယ် လုပ်ရာက ရောင်းစားခံရတာလို့ သိရပါတယ်။
ကိုသန်းထိုက်ဝင်းက “မြန်မာလူမျိုးတွေလည်း ပင်လယ်ထဲမှာ အများကြီးပဲ။ အဓမ္မ အနိုင်ကျင့်ပြီးတော့ ခိုင်းထားတာတွေ။ ဘယ်နှစ်နှစ်ပဲ ကြာကြာ ပိုက်ဆံလည်းမရ၊ ကမ်းပြန်ကပ်လာလို့ ရှိရင် မုန့်ဖိုးလေး ၁၀၀၀ ပေးလိုက်၊ ၅၀၀ လေးပေးလိုက်။ နောက်ဆုံးတော့ သူတို့ ရောင်းတဲ့ ဆိုင်မှာပဲ အကုန် ပြန်ဝယ်ခိုင်းပြီးတော့ လေး၊ ငါးရက်ကြာ လှေပြန်ထွက်ရတယ်” လို့ ပြောပါတယ်။
ထိုင်းရဲစခန်းမှာ ယာယီ ရောက်ရှိနေတဲ့ ကိုသန်းထိုက်ဝင်းက “ကျနော်တို့ ဆိုရင် လှေပေါ်မှာ တောက်လျှောက် မျက်ရည်နဲ့ မျက်ခွက် ငိုနေရတယ်။ အခုဆိုရင် ရဲစခန်းမှာ နေတာတောင်မှ လှေလိုက်တာနဲ့ စာရင် ပိုတောင် လွတ်လပ် နေသေးတယ်လို့ ထင်တယ်” လို့ ဆိုပါတယ်။
ပင်လယ်ထဲမှာ ငါးဖမ်းလှေတွေဟာ လနဲ့ချီပြီး ငါးဖမ်းကြတာ ရှိသလို နှစ်နဲ့ ချီပြီးတော့ ငါးဖမ်းထွက်တဲ့ လှေတွေလည်း ရှိပါတယ်။
၂၀၀၆ ခုနှစ်လောက်က ထိုင်းနိုင်ငံသား တယောက်ပိုင်တဲ့ ငါးဖမ်းလှေတစီး အင်ဒိုနီးရှား ရေပိုင်နက် အနီးအနားမှာ ငါးဖမ်းထွက်နေစဉ် လှေပေါ်မှာ ပါလာတဲ့ လူ ၁၀၀ လောက် ၃ လအကြာ အစာရေစာ ငတ်မွတ်ပြီး မြန်မာနိုင်ငံသားတွေ အပါအဝင် ၃၉ ယောက် သေဆုံးခဲ့တယ်လို့ သိရှိရပါတယ်။
ရေလုပ်သားတွေဟာ အင်ဒိုနီးရှား ရဲတွေကို ကြောက်ပြီး လှေကို ကမ်းမကပ်ဘဲ ထိုင်းနိုင်ငံဘက် ပြန်လာနေစဉ် လမ်းခုလတ်မှာ အခုလို အစားအစာနဲ့ သောက်ရေ ပြတ်လပ်တဲ့ အဖြစ်မျိုး ကြုံတွေ့ခဲ့ကြတာ ဖြစ်တယ်လို့ သတင်းတွေက ရေးပါတယ်။
အဲဒီအချိန်က အသက်ဆုံးရှုံးသွားတဲ့ ရေလုပ်သား ၃၇ ယောက်ကို ပင်လယ်ထဲ ပစ်ချခဲ့ပြီး ကျန်တဲ့ ၂ ယောက်ကို ကျွန်းတခုမှာ မြေမြှုပ်ခဲ့ပါတယ်။ အသက် မသေဘဲ ရှင်ကျန်ခဲ့တဲ့ ရေလုပ်သားတွေကလည်း ဆိပ်ကမ်းကို ပြန်ရောက်တဲ့အခါ အစာရေစာငတ်တဲ့ နောက်ဆက်တွဲ ဝေဒနာတွေ ခံစာခဲ့ရပါသေးတယ်။
အခု ရောင်းစားခံထားရာကနေ ကယ်တင်လိုက်တဲ့ မြန်မာ ၂၉ ဦးအနက် ၁၅ ဦးကို ကန်တန်မြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ၁၄ ဦးကိုတော့ ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံကို ပြန်ပို့မယ်လို့ သိရပါတယ်။ ပြန်ပို့မယ့် ၁၄ ဦးကို လောလောဆယ်မှာ ဟတ်ရိုင် ထိုင်းလူဝင်မှုကြီးကြပ်ရေးမှာ ထိန်းသိမ်းထားပါတယ်။
မြန်မာနိုင်ငံသားများ အဖွဲ့ (MAT) ဒါရိုက်တာ ဦးကျော်သောင်းက ကျန် မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေ လက်ထဲကနေ အမြန်ဆုံး ထုတ်ယူပြီး မြန်မာနိုင်ငံထဲကို ပြန်ပို့နိုင်အောင် ကြိုးစားနေတယ်လို့ ပြောပါတယ်။
“လပေါင်းများစွာ ရက်စက်ကြမ်းကြုတ်တဲ့ လူကုန်ကူးသူတွေရဲ့ လက်ထဲမှာ မစားရ မသောက်ရဘဲနဲ့ နေလာတဲ့ဟာကို ကျနော်တို့ စုံစမ်းကယ်ထုတ်ထားတာ၊ သူတို့ရဲ့နေရပ်ဒေသကို မြန်မြန်ဆန်ဆန် ပြန်ပို့ပေါ့၊ အခုကျနော် တိုင်ကြားစာ ရေးနေတယ်” လို့ ဦးကျော်သောင်းက ပြောပါတယ်။
လူကုန်ကူး ခံရသူတွေကို အကာအကွယ်ပေးနိုင်မယ့် ကယ်ဆယ်ရေး စခန်းတွေမှာ ထိုင်းအာဏာပိုင်တွေက ထားပေးရမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
“ရဲစခန်းထဲမှာ ကိုမိုးဆိုတဲ့ ငွေပွဲစား တယောက်က မင်းတို့ ဘတ် ငွေ ၃၀၀၀ မပေးရင် နယ်စပ်မပို့ဘူးတဲ့၊ ဟတ်ရိုင် ရဲစခန်းမှာ ရောက်နေတဲ့ ၁၄ ယောက်။ ခရိုင်ရဲစခန်းမှာ ရောက်နေတဲ့ လူတွေကတော့ သူဌေးကို မသိပါ၊ လှေနံပါတ် မသိပါလို့ ပြောရမယ်။ သောက်ရေကို ရေချိုးခန်းထဲကနေ သောက်နေရတယ်၊ အခင်းမပါပဲ အိပ်နေရတယ်” လို့ ဦးကျော်သောင်းက ပြောပါတယ်။
ဒါကြောင့် ရောင်းစားခံရပြီး ပြန်လွတ်လာတဲ့ မြန်မာနိုင်ငံသားတွေကို အကာအကွယ်ပေးနိုင်ဖို့ ထိုင်းနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့၊ ထိုင်း အထူးစုံစမ်း စစ်ဆေး ရေးဌာန (DSI) အဖွဲ့တွေဆီကို တိုင်ကြားစာ ပေးပို့မှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဦးကျော်သောင်းက ဆက်ပြီးတော့“ထိုင်းမှာ လူကုန်ကူးမှုကို အမှုရင်ဆိုင်လိုက်တဲ့ အလုပ်သမား တယောက်ဟာ ၅ လလောက် ကြာမှ ပြန်ပို့တယ်။ တလ နှစ်လနဲ့ ဘယ်တော့မှ မပို့ဘူး။ အလုပ်သမားတွေက ခြေကုန်လက်ပန်း၊ စိတ်ဓာတ်တွေ ကျပြီးတော့ နောက်ဆုံး အမှုမလုပ်တော့ဘူး ဆိုပြီးတော့ အမှုပိတ်ပစ်လိုက်ရတယ်။ ကာယကံရှင် အမှုရှင်က အမှုပိတ်လိုက်တော့ အဲဒီအမှု ဖျက်ပယ်သွားတော့ သူတို့ကို လူကုန်ကူးထားတဲ့ ထိုင်းလုပ်ငန်းရှင်တို့၊ လူကုန်းကူးတဲ့ ခေါင်းဆောင်တွေ ပြစ်ဒဏ်မကျတော့ဘူး။ အဲဒီ အကွက် ဆွဲထားတယ်” လို့ ပြောပါတယ်။
MAT အဖွဲ့ အနေနဲ့ ၂၀၁၂ ခု နှစ်ဆန်းပိုင်းကနေ စပြီး လတ်တလောအထိ လူကုန်ကူးခံရသူ ၂၉၂ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး လူကုန်ကူးမှုနှင့် ပတ်သက်သူလို့ ယူဆရတဲ့ ၈ ယောက် ဖမ်းဆီးဖို့ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
ထိုင်းမှာ မြန်မာ အလုပ်သမား ၂ သန်းကနေ ၃ သန်းကြားမှာ ရှိပြီး တရားမဝင် အလုပ်သမားများစွာ ရှိပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာပြည်သား အချင်းချင်း ထိုင်း လုပ်ရှင်တွေဆီမှာ ရောင်းစားမှုမျိုးတွေ ရှိတယ်လို့ ကြားသိရပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံသားတွေကလည်း ပွဲစားတွေနဲ့ ဆက်သွယ်၊ နည်းလမ်းပေါင်းစုံသုံးပြီး ထိုင်းနိုင်ငံထဲကို အဖမ်းအဆီး အစစ်အဆေးတွေ ကြားကနေ နေ့စဉ် လာရောက် လုပ်ကိုင်နေဆဲပါပဲ။
ကိုသန်းထိုက်ဝင်းကတော့ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်ရောက်ရင်တော့ လက်လုပ်လက်စား အလုပ်ကိုပဲ ပြန်လုပ်မယ်လို့ ဆိုပါတယ်။ သူက “ကျနော် ဆားနဲ့ပဲ စားရ စားရပါစေဗျာ၊ ဘယ်မှ မထွက်တော့ဘူး” လို့ ပြောပါတယ်။ ။