ရန်ကုန်စီးပွားရေး တက္ကသိုလ် ကျောင်းသားတဦးလည်းဖြစ် ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ် ဖြစ်မြောက်ရေး ကော်မတီ အထွေထွေအတွင်းရေးမှူးလည်း ဖြစ်သူ ကိုရဲမင်းဦးကို နိုင်ငံတွင်း ဆူပူ လှုံ့ဆော်မှုများ ဖြစ်အောင် ဖန်တီးသည်ဟု ဆိုကာ ဖမ်းဆီးထားခဲ့ပြီး ယနေ့ ဧပြီလ ၈ ရက်နေ့တွင် ရုံးထုတ်ခဲ့သည်။
ဗဟန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ်ရဲစခန်းတို့က အသက် ၂၆ နှစ်အရွယ် ကိုရဲမင်းဦးကို ဆူပူလှုံ့ဆော်မှုများဖြစ်အောင် ဖန်တီးသဖြင့် နိုင်ငံ တော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅/ ခ အရ တရားစွဲထားခဲ့သည့်အပေါ် အာမခံလျှောက်ထားခဲ့သော်လည်း ပယ်ချခဲ့ ကြောင်း ရှေ့နေ ဦးကျော်ဟိုးက ဧရာဝတီသို့ ပြောဆိုသည်။
ကိုရဲမင်းဦးကို မတ်လ ၂၅ ရက် ညတွင် အထူးရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး ဗဟန်းမြို့နယ် တရားရုံးတွင် ဗဟန်းမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူ ဦးခင်မောင်ကြည်က တရားလိုပြု တရားစွဲထားခြင်း ဖြစ်ကြောင်း ရှေ့နေဦးကျော်ဟိုးက ဆိုသည်။ ကျောက်တံတားမြို့နယ် တရားရုံးသို့ ဧပြီလ ၄ ရက်နေ့ကလည်း ကိုရဲမင်းဦးကို ပထမဆုံး ရုံးထုတ်လာသည်။
ပုဒ်မတပ် တရားစွဲဆိုခြင်းနှင့်ပတ်သက်၍ နေပြည်တော် ရဲတပ်ဖွဲ့ဌာနချုပ်၊ ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်ရဲစခန်းနှင့် ကျောက်တံတားမြို့နယ်ရဲစခန်းတို့ကို မေးမြန်းသော်လည်း ဖြေကြားခြင်းလုံးဝမရှိပေ။
ယနေ့ တရားရုံးထွက်လာသော ကိုရဲမင်းဦးက ဧရာဝတီသို့ ပြောဆိုရာ ပြီးခဲ့သည့်နှစ် အောက်တိုဘာ လပိုင်းက နိုင်ငံအဝှမ်း OIC ဆန့်ကျင်ရေးလှုပ်ရှားမှုများနှင့် လတ်တလော ဖြစ်ပေါ်နေသော ဘာသာရေးအဓိကရုဏ်းများနှင့်သော်၎င်း၊ ၉၆၉ ဆရာတော် မန္တလေးမစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ၊ မကွေးဆရာတော် ဦးပါမောက္ခနှင့် ရွှေညဝါဆရာတော်များနှင့် ပတ်သက်ဆက်နွယ်မှုများကိုသော်၎င်း ရဲတပ်ဖွဲ့က စုံစမ်းမေးမြန်းသည်ဟု သိရသည်။
၎င်းကို OIC အရေးလှုပ်ရှားမှုနှင့် ၉၆၉ ဆရာတော်ကြီးများကို ကြိုးကိုင်သည်ဟု စွပ်စွဲဖမ်းဆီးခြင်းကို လုံးဝငြင်းဆိုကြောင်း၊ OIC ကိစ္စအပေါ် တကိုယ်တော်ဆန္ဒပြခဲ့ခြင်းမဟုတ်သလို ဘုန်းကြီးကျောင်းသားတဦးအနေဖြင့် ဆရာတော်ကြီးများကို ကြိုးကိုင်ချယ်လှယ်၍ မရနိုင်ကြောင်းလည်း ဆိုသည်။
ကျောင်းသားသမ္မဂ္ဂဖြစ်မြောက်ရေးကော်မတီမှ ကိုဒီငြိမ်းလင်းကမူ ၎င်းတို့အဖွဲ့အစည်းမှ လူတဦးကို ၂၄ နာရီအထက် ကျော်လွန် ဖမ်းဆီးသွားခဲ့သည့်အတွက် ဖမ်းဆီးသူများကို ရှေ့နေနှင့်တိုင်ပင်ကာ တရားစွဲဆိုသွားမည်ဟု ဆိုသည်။
“သူက ရခိုင်လူမျိုးလည်းဖြစ်တော့ OIC အရေးတုန်းက ရခိုင်လူငယ်အဖွဲ့နဲ့ ပူးပေါင်း လှုပ်ရှားခဲ့တာပါ။ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ တားမြစ်တာ မရှိပါဘူး။ ပုဂ္ဂိုလ်ရေးလည်းဖြစ်တယ်။ အဖွဲ့အစည်းကိုလည်း မထိခိုက်တာကြောင့်ပါ။ အခုလိုမျိုး ၉၆၉ သံံဃာတော်တွေကို ကြိုးကိုင်တယ်၊ OIC အရေး လှုံ့ဆော်တယ်ဆိုပြီးဖမ်းတော့ ကျနော်တို့အဖွဲ့အစည်းရဲ့ လူတယောက်ကို တရားဥပဒေမဲ့ ပေးလိုက်ရတယ်” ဟု ကိုဒီငြိမ်းလင်းက ပြောဆိုသော်လည်း လတ်တလော မိတီ္ထလာနှင့် အခြားမြို့များတွင် လူပေါင်း ၄၀ ကျော် သေဆုံးပြီး အစ္စလမ်ဘာသာဝင်များကို ရန်ရှာတိုက်ခိုက်မှုအပေါ် ၎င်း၏ အဖွဲ့အစည်းမှ မည်သို့သဘောထားရှိကြောင်း မပြောဆိုပါ။
ဧပြီ ၄ ရက် ကိုရဲမင်းဦး၏ ကျောက်တံတားတရားရုံးတွင် ရုံးချိန်း၌ ဝတ္တရားနှောက်ယှက်သည်ဟုဆိုကာ ကျောင်းသား သမဂ္ဂဖြစ်မြောက်ရေးကော်မတီ မှ ကိုရဲမြတ်ဟိန်း၊ မနိုနို၊ ကိုရဲမင်းအောင်နှင့် ကိုချစ်ကိုလင်းတို့ကိုလည်း ကျောက်တံတားမြို့နယ် ရဲစခန်းက ရဲဝတ္တရားနှောက်ယှက်မှုဖြင့် တရားစွဲသဖြင့် လက်ရှိတွင် အဆိုပါလေးဦးလုံး ခံဝန်လက်မှတ် ထိုးထား ရကြောင်း သိရသည်။
ပုဒ်မ ၅၀၅/ ခ တွင် နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ၊ ထိခိုက်သည့်ပြစ်မှုကို တဦးတယောက်က ကျူးလွန်ချင်လာအောင် အများပြည်သူကိုလည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကို သော်လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း၊ တခုခုဖြစ်စေရန် အကြံရှိလျှင်၊ သို့တည်းမဟုတ် ထို့သို့ဖြစ်စေတန်ရာ သည့် အကြောင်းရှိလျှင် ထိုသူကကို နှစ်နှစ်အထိ ထောင်ဒဏ် တမျိုးမျိုးကိုဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ် စေ ချမှတ်ရမည်ဟု သိရသည်။
“ကျနော်တို့ဘက်ကတော့ ကိုရဲမင်းဦးနဲ့ပတ်သက်ပြီး တရားမျှတမှုရှိတဲ့ စီရင်ချက်တခုဖြစ်အောင် ကြိုးစားဆောင်ရွက် ပေးမှာပါ”ဟု ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။