သတင်း

ရပ်ကျေးအုပ်ချုပ်ရေးမှူး ပြဿနာများ လိပ်ခဲတည်းလည်း ရှိနေဆဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် ယမန်နှစ် ဒီဇင်ဘာနှင့် ၂၀၁၃ နှစ် ဇန်နဝါရီလများက ရပ်ကျေး အုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ခန့်ထားရာ၌ ပေါ်ပေါက်ခဲ့သည့် ပြဿနာ အများအပြားမှာ ယနေ့ အချိန်အထိ ပြေလည်မှု မရှိသေးကြောင်း သိရသည်။

ရပ်ကွက် အုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ရာ၌ အများစုမှာ လက်ရှိ အုပ်ချုပ်ရေးမှူးများသာ ပြန်လည် အရွေးခံရပြီး အရွေး ခံရသော အဓိက အကြောင်းရင်းမှာ ၎င်း အုပ်ချုပ်ရေးမှူးများသည် မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် အကျိုးစီးပွား လမ်းကြောင်း များ ရှိနေသောကြောင့် ဖြစ်ကြောင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရေး နှင့်ပတ်သက်၍ မကျေနပ်သူများက ဧရာဝတီသို့ ပြောသည်။

“စိတ်ကောင်း စာတတ်တဲ့ ပုဂ္ဂိုလ်မျိုးပဲ လိုချင်ပါတယ်။ စာတတ်ပြီးတော့ ရပ်ကွက်ကို လုပ်ချင်တာ လုပ်မယ့် လူမျိုးတော့ မလိုချင်ဘူး” ဟု မြို့ခံ တဦးက ပြောသည်။

ရပ်ကွက် အုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ခန့်ထားသည့် ကိစ္စများနှင့် ပတ်သက်၍ လှိုင်သာယာ မြို့နယ်တွင် မကျေနပ်မှု အများအပြား ရှိနေကြောင်း၊ ဧပြီလ ၇ ရက်နေ့က ရှမ်းချောင်း ရပ်ကွက်မှ ပြည်သူများက  လှိုင်သာယာ မြို့နယ် အုပ်ချုပ်ရေးမှူးကို မကျေနပ် သောကြောင့် တရားဝင် ဆန္ဒထုတ်ဖော် ခဲ့ကြောင်း၊ ဆက်လက်၍လည်း ၇ ရပ်ကွက်၊ ၁၈ ရပ်ကွက် နှင့် ၁၉ ရပ်ကွက် တို့တွင် ဆန္ဒ ထုတ်ဖော်မှု များ ပြုလုပ်မည် ဖြစ်ကြောင်း လှိုင်သာယာတွင် နေထိုင်သူ ကိုဗန်မူးအောင်က ဧရာဝတီသို့ ပြောသည်။

လှိုင်သာယာ မြို့နယ် ၆ ရပ်ကွက်တွင် ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်မှု နှင့် ပတ်သက်၍ မကျေနပ်သည့် တိုင်ကြားမှုများကြောင့် ပြန်လည် ရွေးချယ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ၏ ဝင်ရောက် စွက်ဖက်မှုကြောင့် ယခင် ရပ်ကျေး အုပ်ချုပ်ရေးမှူးဟောင်းပင် ပြန်လည် အရွေးခံ ခဲ့ရကြောင်း ၎င်း ရပ်ကွက်သား ကိုဗန်မူးအောင်က ပြောသည်။

“အရွေးခံရတဲ့ အုပ်ချုပ်ရေးမှူးက ဒီရပ်ကွက်မှာ နေတာ ၇ နှစ်နဲ့ ၄ လပဲ ရှိသေးတယ်။ ပြည်သူက မေးခွန်းထုတ်တော့ မြို့နယ် အုပ်ချုပ်ရေးမှူးက ဝင်စွက်ဖက်တယ်။သူက လက်မထောင်ပြီးတော့ ကျုပ် တာဝန်ယူတယ်။ လူသက်သေ အရပ်သက်သေနဲ့ပါ လက်ခံတယ် ဆိုပြီးတော့ အတင်းဝင် ရွေးခိုင်းတယ်။ သူက ဥပဒေ အားနည်းတယ် ဆိုတဲ့ အကြောင်းပါ ပြောတယ်။ ပြည်ထဲရေးက ထုတ်တဲ့ ဥပဒေကိုပါ သူက ဝေဖန်လိုက်သေးတယ်။ ဆိုတော့ သူ့လူပဲ နိုင်သွားတာပေါ့။ ရပ်မိရပ်ဖထဲက သူ့စကား နားမထောင်တဲ့ သူတစ်ယောက်ကို လည်း စာထုတ်ပြီး နုတ်ပယ်ပစ်လိုက်တယ်” ဟု သူက ဆိုသည်။

မြောက်ဒဂုံမြို့နယ်၊ ၃၃ ရပ်ကွက် ရပ်ကွက် အုပ်ချုပ်ရေးမှူး ပြဿနာကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် တိုင်ကြားခဲ့ရာ ၂၀၁၃ ခုနှစ် ဧပြီလတွင် ခေါ်ယူ စစ်ဆေးခဲ့ကြောင်း၊ တိုင်ကြားသူ/အတိုင်ခံရသူ အတူစစ်ဆေးခြင်း မရှိသဖြင့် ကျေလည်မှု မရှိကြောင်း၊ ပြဿနာရှင်းစဉ် ကာလအတွင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ခန့်အပ်စာ ထုတ်ပေးခဲ့ကြောင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို မြို့နယ် အုပ်ချုပ်ရေးမှူး ကိုယ်တိုင် အနီးကပ် ကြီးကြပ် ပေးခဲ့သော်လည်း ကျေနပ်မှု မရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ယှဉ်ပြိုင် အရွေးခံခဲ့သူ ဦးမြင့်ဇော်က ပြောသည်။

“ဒဂုံ မြောက်ပိုင်းမှာ ဖြစ်တဲ့ ပြဿနာကို ဒဂုံ မြောက်ပိုင်းက အုပ်ချုပ်ရေးပိုင်းက စစ်လို့ အမှန်တရား ဘယ်တော့မှ ပေါ်မှာ မဟုတ်ဘူး။ အခု ထွေ/အုပ်က ကျနော်တို့ကို စစ်တယ်။ မှတ်စု ထုတ်ထားတယ်။ သူ့လူ လွတ်အောင် မှတ်စု ထုတ်ထားတာ မျိုး ဆိုရင် ဘယ်လို လုပ်မလဲ” ဟု ၎င်းက ဆိုသည်။

မြောက်ဒဂုံ မြို့နယ် ၄၈ ရပ်ကွက်တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ် ခန့်ထားမှုနှင့် ပတ်သက်၍ မကျေနပ်ချက်များကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် နိုင်ငံတော် သမ္မတ အပါအဝင် သက်ဆိုင်ရာသို့ ယင်း ရပ်ကွက်နေ ပြည်သူ ၅၁ ဦးက လက်မှတ်ထိုး တင်ပြတိုင်ကြား ခဲ့ရာ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် မြို့နယ် ဒုဦးစီးမှူးက ခေါ်ယူ စစ်ဆေးခဲ့ကြောင်း ၎င်း ရပ်ကွက်တွင် နေထိုင်သူ ဦးညွန့်မောင်က ပြောသည်။

“ခေါ်စစ်ပေမဲ့ ဘာမှ အကြောင်း မထူးဘူး။ ကျနော်တို့ မှားရင်လည်း မှားတယ်။ မှန်ရင်လည်း မှန်တယ်ပေါ့။ တခုခုတော့ ပြတ်ပြတ်သားသား သိချင်တယ်။ အခုက ဘာမှ အကြောင်း မပြန်ဘူး။ အဲဒါကြောင့် နောက်လမှာ တရားဝင် ဆန္ဒထုတ်ဖော် မယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို လမ်းလျှောက် ဆန္ဒပြမယ်” ဟု ၎င်းက ဆိုသည်။

ယင်း ၄၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ဆယ်အိမ်စုမှူးများအား လိုရာဆွဲ ဖိအားပေး ရွေးချယ်ခြင်း၊ ရပ်ကွက်သား အားလုံး မဲပေးခွင့် မရခြင်း၊ ကျူးကျော် နေထိုင်သူများကို အသုံးချ၍ မဲအနိုင်ရရန် ပြုလုပ်ခဲ့ခြင်းများ ရှိခဲ့ကြောင်း ၎င်း ရပ်ကွက်နေထိုင်သူ ဦးသန်းအောင်က ပြောသည်။

ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းနှင့် ပတ်သက်သည့် တိုင်ကြားမှုများမှာ နိုင်ငံတော်သမ္မတနှင့် တိုင်းဝန်ကြီးချုပ်တို့အား လိပ်မူ၍ တိုင်ကြား ထားသောကြောင့် တိုင်ကြားချက်များ အားလုံးကို အဖွဲ့များ ဖွဲ့စည်း၍ စစ်ဆေးလျက် ရှိကြောင်း၊ အများစုမှာ စစ်ဆေးဆဲ ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက ဧရာဝတီသို့ ပြောသည်။

“နေရာတခုမှာ ဖြစ်ရင် အဖွဲ့နဲ့စစ်တယ်။ လိုအပ်ရင် ခရိုင်ကပါ စစ်တယ်။ တချို့ဟာတွေ ကျတော့ စိစစ်တဲ့ အခါမှာ အထောက် အထား မပြည့်စုံတာတွေ၊ အကြောင်းအရာ မခိုင်လုံတာတွေ ရှိတယ်။ ပုဂ္ဂိုလ်ရေး အရ လုပ်တာတွေလည်း ပါတယ်။ လူကြီးတွေကို ခေါင်းတပ်တိုင်တဲ့ အတွက် တိုင်တဲ့ဟာ မှန်သမျှ အကုန် စိစစ်နေပါတယ်” ဟု ၎င်းက ပြောသည်။

ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်ထားခြင်းနှင့် ပတ်သက်၍ တိုင်ကြားမှုများကို စစ်ဆေးလျက်ရှိဟု ဆိုသော်လည်း သက်ဆိုင်ရာမှ တိကျသော သတင်းထုတ်ပြန်ပေးမှု မရှိခြင်း၊ သွားရောက် မေးမြန်းစုံစမ်းမှသာလျှင် ဖြေကြားချက် တချို့သာ ရှိခြင်း စသည်တို့ကြောင့် မတင်မကျ ဖြစ်နေဆဲ နေရကြောင်း ရပ်ကျေး အုပ်ချုပ်ရေးမှူးကိစ္စ တိုင်တန်းထားသူများက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading