မြန်မာ အိမ်အကူ အမျိုးသမီးငယ် ၃ ဦးကို ညှဉ်းပန်းနှိပ်စက်ပြီး လခမပေးဘဲ ခိုင်းစေသည့် ထိုင်းမိသားစုအား လူမှောင်ခိုမှု တိုက်ဖျက်ရေးဌာနမှ ထိုင်းရဲများက ဧပြီလ ၅ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဘန့်ဘွန်ရပ်၊ ဧကချိုင် လမ်းကြီး၊ လမ်းသွယ် ၆၉/၂ တွင် နေထိုင်သော အသက် ၅၀ ခန့်ရှိ နိုင်ဒေပါနုနှင့် ၎င်း၏ မိသားစုအား စစ်အရာရှိ အယောင်ဆောင်မှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ မုဒိမ်းမှု၊ အဓမ္မအလုပ်ခိုင်းစေမှု စသည့် အမှုများဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း မြန်မာ မိန်းကလေးများ လွတ်မြောက်ရေးအတွက် အကူအညီပေးပြီး စကားပြန်လည်း လုပ်ပေးသူ ဒေါ်မာလီက ဧရာဝတီသို့ ပြောသည်။
“ဒီလူက လမ်းထဲမှာ သူ့ကိုယ်သူ စစ်အရာရှိကြီးဆိုပြီး ခပ်တည်တည် နေနေတယ်။ တကယ်တော့ သူက ဘာအရာရှိမှ မဟုတ်ဘူးလေ။ ဗိုလ်တုပဲ။ စာရွက်စာတမ်း အတုတွေရယ်၊ တပ်မတော်က အထူးအရာရှိဝတ်စုံနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကိုလည်း ခပ်တည်တည် သူ့အိမ်မှာ ထားထားတယ်” ဟု ဒေါ်မာလီက ပြောသည်။
၎င်းက ဆက်လက်၍ “ဒီလူက ကျမတို့ မြန်မာ မိန်းကလေးတွေကို လုပ်ခမပေးဘဲ အလုပ်ခိုင်းတဲ့ အပြင် မုဒိမ်းလည်းကျင့်တယ်။ မုဒိမ်းကျင့်ရာမှာ ကိုယ်တင် ကျင့်တာမဟုတ်ဘူး။ သူ့သားကိုလည်း ကျင့်ခိုင်းတယ်။ ပြီးတော့ သူ့အိမ်မှာ အလုပ်လာတဲ့ လာအိုလူမျိုးကို ထပ်ကျင့်ခိုင်းတယ်။ သူ့ဆီက လက်နက်လည်း ဖမ်းမိတယ်။ ကလေးမလေးတွေကို သော့ခတ်ပြီးချည်တဲ့ သံကြိုးတွေရော၊ လက်ထိပ်တွေ ဘာတွေရော သူ့အိမ်ထဲမှာ မိတယ်။ ဒီအမှုတွေနဲ့ ပတ်သက်သို့ စစ်ဗိုလ်တု နိုင်ဒေပါနုနဲ့ ဇနီးရယ်၊ သားနဲ့ သမီးရယ်၊ မုဒိန်းကျင့်တဲ့ လာအိုနိုင်ငံသား အလုပ်သမားတယောက် စုစုပေါင်း ၅ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်” ဟု ပြောသည်။
နိုင်ဒေပါနု၏ အိမ်တွင် အလုပ်လုပ်ကြသည့် မြန်မာ အမျိုးသမီးငယ်များမှာ တနင်္သာရီတိုင်း သရက်ချောင်း မြို့နယ်မှ ဖြစ်ကြပြီး တဦးက အသက် ၁၈ နှစ်နှင့် ကျန် နှစ်ဦးမှာ အသက် ၁၅ နှစ်စီ ရှိကြကြောင်း၊ အလုပ်လုပ်နေကြသည်မှာ ၃ လခန့် ရှိပြီဖြစ်ကြောင်း သိရသည်။
ထို ၃ လအတွက် လုပ်ခလစာလည်းမရ၊ ညှဉ်းပန်းနှိပ်စက်မှုလည်း ခံနေရသောကြောင့် ဧပြီလ ၂ ရက်နေ့က နိုင်ဒေပါနု၏ အိမ်မှ ထွက်ပြေးကြရာ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်ကို အိမ်ရှင်က ပြန်ဖမ်းမိသွားပြီး ကျန် နှစ်ယောက် လွတ်မြောက်ခဲ့ကြောင်း ဒေါ်မာလီက ပြောသည်။
“ထွက်ပြေးလာတဲ့အထဲက ကောင်မလေးက ကျမဆီကို အကြောင်းကြားလာတယ်။ အဒေါ်ရယ် ကျန်ခဲ့တဲ့ ကောင်မလေးတော့ သေလား ရှင်လား မသိဘူး၊ ကယ်ပါဦးဆိုပြီး အကြောင်းကြားလာတယ်။ ဒါကြောင့် ကျမလည်း သတင်းဌာနတွေရယ်နဲ့ အခြား အကြောင်းကြားသင့်တဲ့ နေရာတွေကို အကြောင်းကြားပြီး အထောက်အထား ခိုင်လုံတာနဲ့ ဒီ ပေါ်ခေါ်မော် (လူမှောင်ခိုမှု တိုက်ဖျက်ရေးဌာနမှ ထိုင်းရဲ) အဖွဲ့ရဲ့ အကူအညီနဲ့ အခုလို လိုက်ပါကူညီ ကယ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု ဒေါ်မာလီက ဆိုသည်။
ဧပြီလ ၂ ရက်နေ့တွင် အယောင်ဆောင် စစ်ဗိုလ် နိုင်ဒေပါနုက မိန်းကလေးတဦးအား ပြန်လည် ဖမ်းဆီး ခေါ်ဆောင်သွားပုံနှင့် ပတ်သက်၍ အဆိုပါလမ်းထဲတွင် နေထိုင်သူ ဒေါ်အေးအေးငယ်က ယခုကဲ့သို့ ပြောပြသည်။
“အဲဒီနေ့က ဒီလူဟာ ကလေးမလေးကို လည်ပင်းညှစ်ပြီး ဒရွတ်တိုက် ဆွဲခေါ်လာတာ။ ကလေးရဲ့ အဖြစ်ကို မြင်ရတာ သိပ်သနားစရာ ကောင်းတယ်။ ဒီလူက တော်တော် အာဏာရှိတယ်လို့ ပြောကြတယ်။ တော်ရုံပုလိပ်က မဖမ်းနိုင်ဘူးတဲ့။ ဒီလူ လုပ်ပုံက တော်တော် လူမဆန်တာပဲ။ ကလေးမလေး တယောက်ကို ကျွဲနွားဆက်ဆံသလို အနိုင်ကျင့်တာကို မြင်ရတော့ မခံနိုင်ဘူး။ စိတ်ထဲမှာ တော်တော်လေးလည်း ခံပြင်းတယ်။ အနားက ထိုင်းတွေလည်း တော်တော် ဒေါသထွက်ကြတယ်” ဟု ဒေါ်အေးအေးငယ်က ပြောသည်။
ယင်းစစ်ဗိုလ်အတုသည် ယခင်ကလည်း မြန်မာ အိမ်အကူ မိန်းကလေးများအား ညှဉ်းပန်း နှိပ်စက်ခဲ့ဖူးကြောင်း အဆိုပါလမ်းထဲရှိ အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမား ကိုမိုးက ဆိုသည်။
“အရင်ကလည်း ဒီလူဟာ အိမ်မှာ အလုပ်လာလုပ်တဲ့ ကရင်မလေးတွေကို ခုလိုပဲ မတရား ညှဉ်းပန်းတယ်။ မုဒိမ်းကျင့်တယ်။ လစာလည်း မမေးဘူး။ ကလေးမလေးတွေကို သေနတ်နဲ့ ခြိမ်းခြောက်တယ်။ ဒါကြောင့် သူ့အိမ်က မိန်းကလေးတွေ ထွက်ပြေးဖို့ ကျနော် ကူညီ ခိုးထုတ်ပေးဖူးတယ်” ဟု ကိုမိုးက ပြောသည်။
ယခုအခါ မြန်မာ အလုပ်သများအတွက် ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးနေပြီး တရားဝင် အလုပ်လုပ်ခွင့် ရနေပြီ ဖြစ်သဖြင့် ပွဲစားများနှင့် ဆက်သွယ်ကာ တရားမဝင် အလုပ်လုပ်ခြင်းကို ဆင်ခြင်သင့်ကြောင်း ထိုင်း-မြန်မာ မဟာမိတ် ဖောင်ဒေးရှင်းမှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက ဆိုသည်။
“ဒီလိုမျိုး အိမ်ရှင်တယောက်က အနိုင်ကျင့်ခွင့်ရအောင် အလုပ်သွင်းပေးတဲ့ တရားမဝင် မြန်မာပြည်သား ပွဲစားတွေပေါ့ဗျာ။ အလုပ်သွင်းပေးနေကြတဲ့ သူတွေပေါ့ဗျာ။ လူလိုလို့ အလုပ်သမား ရှာခိုင်းတယ်ဆိုရင် အဲဒီလူတွေက ဘယ်လိုလူမျိုးတွေလဲ ဆိုတာကို နောက်ကြောင်း ဘာရှိတယ်ဆိုတာကိုလဲ ထည့်စဉ်းစားသင့်တာပေါ့ဗျာ။ အားလုံးက ပတ်စ်ပို့နဲ့ ဝါ့ခ်ပါမစ်နဲ့ တရားဝင်ဖြစ်နေတဲ့ အခုလို ကာလမှာတောင်မှ ဘာလို့ ဒီအဖြစ်မျိုး ကြုံတွေ့နေကြရသလဲ ဆိုတာကို ထောက်ပြချင်တယ်” ဟု ၎င်းက ပြောသည်။
ထိုင်းတွင် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး အလုပ်လုပ်နေသူ မြန်မာ အလုပ်သမား ၁ သန်းခန့် ရှိပြီး တရားမဝင် အလုပ်လုပ်ကိုင်နေသူများမှာ နောက်ထပ် ၁ သန်းခန့် ရှိနိုင်ကြောင်း ထိုင်းနှင့် မြန်မာ အာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရ သိရသည်။