ဓာတုလက်နက် ဖျက်သိမ်းရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် မြန်မာအပါအဝင် ၈ နိုင်ငံအား စာချုပ်တွင် ပါဝင်လာရေးအတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ထပ်မံ တိုက်တွန်းလိုက်သည်။
မြန်မာ၊ အင်ဂိုလာ၊ မြောက်ကိုရီးယား၊ အီဂျစ်၊ အစ္စရေး၊ ဆိုမာလီယာ၊ တောင်ဆူဒန်နှင့် ဆီးရီးယား နိုင်ငံတို့သည် ဓာတု လက်နက်ထိန်းချုပ်ရေး သဘောတူစာချုပ် (Chemical Weapons Convention- CWC) တွင် ယခုအထိ ပါဝင်လာခြင်း မရှိသေးသည့်အတွက် မစ္စတာ ဘန်ကီမွန်းက အဆိုပါ ၈ နိုင်ငံတို့အား ပူးပေါင်းပါဝင် လာစေရေး အကြိမ်ကြိမ် တိုက်တွန်းနေခြင်း ဖြစ်သည်။
“ဒီ ကွန်ဗင်းရှင်း (သဘောတူစာချုပ်) မှာ အခု ၈ နိုင်ငံက ပူးပေါင်းပါဝင် လက်မှတ်ရေးထိုးဖို့ကို အားပေးနေပါတယ်။ ဒီ နိုင်ငံတွေရဲ့ နိုင်ငံရေး ခေါင်းဆောင်မှုကို ပြသရာလည်း ရောက်တဲ့အခြေအနေမှာ အားလုံးကို ကျနော် တိုက်တွန်းပါတယ်” ဟု မစ္စတာ ဘန်ကီမွန်းက နယ်သာလန်နိုင်ငံ သည်ဟိဂ် မြို့တွင် ကျင်းပသော စာချုပ်အဖွဲ့ဝင်များနှင့် တတိယအကြိမ် သုံးသပ်ဆွေးနွေးပွဲ ကွန်ဖရင့်တွင် ပြောဆိုသည်။
အဆိုပါ သဘောတူစာချုပ်အရ ၅ နှစ်အတွင်း ဓာတုလက်နက် အားလုံး ဖျက်သိမ်းရေးအတွက် မစ္စတာ ဘန်ကီမွန်းက တောင်းဆို တိုက်တွန်းထားသည်။
“လူအများ သေကြေပျက်စီးစေတဲ့ ဒီလို လက်နက်မျိုးတွေ ပိုင်ဆိုင်နေတာကို တရားမျှတတယ်လို့ ဘယ်လိုမှ မဆိုနိုင်ဘူး။ အကြောင်းပြချက် မလိုဘူး” ဟု မစ္စတာ ဘန်ကီမွန်းက ဆိုသည်။
သဘောတူစာချုပ်အရ ဓာတုလက်နက် လက်ဝယ်ရှိကြောင်း ကြေညာထားချက်၏ ၈၀ ရာခိုင်နှုန်းသည် အစုလိုက် အပုံလိုက် ဖျက်ဆီးပြီးဖြစ်ကြောင်း၊ သို့သော် ဖြစ်သင့်သည်မှာ လာမည့် ၅ နှစ်တာ ကာလအတွင်း သဘောတူစာချုပ်ကို ပြန်လည် သုံးသပ်ဖြည့်စွက်ပြီး ရာနှုန်းပြည့် ဖျက်ဆီးပစ်ရေးကို ပစ်မှတ်ထားသင့်သည်ဟု ၎င်း၏ဘဘောထားကို မစ္စတာ ဘန်ကီမွန်းက ထုတ်ဖော်ပြောဆိုသည်။
မစ္စတာ ဘန်ကီမွန်း၏ ပြောဆိုမှုသည် အရှေ့အလယ်ပိုင်းဒေသရှိ ဆီးရီးယား ပဋိပက္ခတွင် ဓာတုလက်နက် အသုံးပြုနေမှုနှင့်လည်း ဆက်စပ်နေသည်။
ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးရေး အဖွဲ့တဖွဲ့ ဆီးရီးယားနိုင်ငံတွင် စုံးစမ်းရေးလုပ်ငန်း လုပ်ဆောင်ရန် အသင့်ရှိနေကြောင်း၊ ဆီးရီးယား သမ္မတ ဘာရှား အာဆတ်ကို ဆန့်ကျင်သည့် အုံကြွမှုများ ဖြစ်ပေါ်ခဲ့သည့် ၂၀၁၁ ခုနှစ် မတ်လမှစပြီး လူပေါင်း ၇ သောင်းကျော် သေကြေခဲ့ရပြီး လူ ၃ သန်း ထက်မနည်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟုလည်း သူက မီးမောင်းထိုးပြသွားသည်။
“အခုအထိ ဓာတုလက်နက်တွေကို ဖျက်ဆီးပစ်ဖို့ ကျန်ရှိနေသေးတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ တကမ္ဘာလုံး လွှမ်းခြုံတဲ့ ကွန်ဗင်းရှင်း သဘောတူစာချုပ် မဖြစ်လာသေးသရွေ့ ဓာတုလက်နက်တွေ ကျန်ရှိနေမှာဖြစ်ပြီး ခြိမ်းခြောက်မှုတွေ ရှိနေမှာ ဖြစ်တယ်။ ဒီထက်အရေးကြီးတာ ဘာမှ မရှိဘူး” ဟု မစ္စတာ ဘန်ကီမွန်းက ဆိုသည်။
အမေရိကန် အပါအဝင် အနောက်နိုင်ငံများက မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် စစ်ရေး လျှို့ဝှက် ဆက်ဆံရေး ရှိခဲ့သည်ဟု သံသယဖြစ်ခဲ့ပြီး ယမန်နှစ်က အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမား မြန်မာနိုင်ငံသို့ အလည် လာစဉ်ကလည်း သတိပေးပြောဆိုခဲ့သည်။
ယခုအခါ မြောက်ကိုရီးယားသည် တောင်ကိုရီးယား အပါအဝင် အမေရိကန်နှင့် ကိုရီးယားကျွန်းဆွယ်ဒေသအား အဏုမြူလက်နက် အသုံးပြုမည်ဟု ခြိမ်းခြောက်နေချိန်တွင် မစ္စတာ ဘန်ကီမွန်း၏ တိုက်တွန်းချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။