ပြီးခဲ့သောအပတ် သောကြာနေ့ ဧပြီလ ၆ ရက်နေ့တွင် ပြုလုပ်ရမည့် မြန်မာအစိုးရနှင့် ကချင်လက်နက်ကိုင်တပ်ဖွဲ့များ၏ အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲကို ရွှေ့ဆိုင်းလိုက်ရခြင်းမှာ တရုတ်နိုင်ငံက ကန့်ကွက်သောကြောင့်ဟု ကချင်အရပ်ဖက်အဖွဲ့အစည်းများက ဝေဖန်ပြောဆိုခဲ့ကြသည်။
အနောက်နိုင်ငံများမှ လေ့လာသူများ တက်ရောက်လာမည်ကို တရုတ်နိုင်ငံက လက်မခံခြင်းကြောင့်ဖြစ်သည်ဟု ၎င်းတို့ကဆိုသော်လည်း ရန်ကုန်မြို့ရှိ တရုပ်နိုင်ငံသံရုံးကမူ ဆွေးနွေးပွဲရွှေ့ဆိုင်းရခြင်းသည် ထိုအချက်ကြောင့်မဟုတ်ဟု ငြင်းဆိုခဲ့သည်။
အစိုးရဘက်မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့ ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားတွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားခဲ့သော်လည်း ရက်အနည်းအငယ်မျှအလိုတွင် ယခုကဲ့သို့ ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။
ရက်ရွှေ့ဆိုင်းရန်အတွက် ကချင်ဘက်မှစတင်တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း အစိုးရကတည်ထောင်ထားသည့် မြန်မာ့ငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) မှ အကျိုးဆောင်တဦးဖြစ်သူ ဦးလှမောင်ရွှေက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ဘက်ကတော့ ဆွေးနွေးဖို့ အဆင်သင့်ပါပဲ။ ဒါပေမယ့် သူတို့ (KIO) က ရက်ရွှေ့ပေးဖို့ တောင်းဆိုလာတာ ကြောင့် လက်ခံပေးလိုက်တာပါ” ဟု ဆိုသည်။ ဧပြီလ ၁၅ ရက်နေ့တွင်ပြီးဆုံးမည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်လွန်လျှင် တွေ့ဆုံညှိနှိုင်းမှုများ ပြန်လည် ပြုလုပ်သွားမည်ဟု သူက ထပ်လောင်းပြောကြားခဲ့သည်။
သို့သော်လည်း ကချင်ပြည်နယ်တွင်းရှိ အစိုးရမဟုတ်သောအဖွဲ့အစည်း ၁၃ ခု ကမူ ဆွေးနွေးပွဲရက်ရွှေ့ရခြင်းသည့် တရုတ်နိုင်ငံကြောင့်ဖြစ်သည်ဟု စွပ်စွဲပြောဆိုကြသည်။ ကုလသမဂ္ဂ၊ အင်္ဂလန် နှင့် အမေရိကန်ပြည်ထောင်စုမှ လေ့လာသူများ တက်ရောက်ပါက ဆွေးနွေးပွဲအတွက် ထောက်ပံ့ပေးမှုများကို ရပ်ဆိုင်းပစ်မည်ဟု တရုတ်ဘက်က ခြိမ်းချောက်ခဲ့ကြောင်း ၎င်းတို့ကဆိုသည်။ ထိုအဖွဲ့ အစည်းများက ပူးတွဲကျေညာချက်တစောင်ထုတ်ပြန်ခဲ့ရာတွင် မတ်လ ၂၉ ရက်နေ့တွေပြုလုပ်ခဲ့သောဆွေးနွေးပွဲ၌ တရုတ်နှင့် အနောက်နိုင်ငံများမှ လေ့လာသူများ တက်ရောက်ခွင့်ပြုရန် KIO ဖက်မှ တောင်းဆိုခဲ့ခြင်းအား အစိုးရဖက်မှ ဦးဆောင်ဆွေးနွေးသူဖြစ်သော သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက လက်ခံ သဘောတူပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
ဦးလှမောင်ရွှေကလည်း နောက်ပိုင်းကျင်းပမည့် ဆွေးနွေးပွဲများသို့ အနောက်နိုင်ငံ များမှ လေ့လာသူများ တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်း ဧရာဝတီသို့ မတ်လအတွင်းက ပြုလုပ်ခဲ့သည့် မေးမြန်းမှုတခုတွင် ပြောကြားခဲ့သည်။
ယခု ပျက်သွားခဲ့သော ဆွေးနွေးပွဲမှာ ဖေဖော်ဝါရီလ ၄ ရက်နှင့် မတ်လ ၈ ရက်တို့တွင် တရုတ်နယ်စပ်မြို့ ရွှေလီမြို့ ၌ကျင်းပခဲ့သော ဆွေးနွေးပွဲ နှစ်ကြိမ်၏ နောက်ဆက်တွဲဖြစ်သည်။ ယင်းဆွေးနွေးပွဲများတွင် မည်သည့် သဘောတူညီချက်မျှ မရရှိခဲ့ဘဲ တရုတ်ဘက်မှ လေ့လာသူများသာ တက်ရောက်ခဲ့ကြသည်။
“ ဧပြီ ၆ရက်မှာလုပ်မယ့် ဆွေးနွေးပွဲကို ကုလသမဂ္ဂ၊ အင်္ဂလန် နှင့် အမေရိကန်နိုင်ငံတွေ တက်လာမှာကို တရုတ်က လက်မခံဘူး၊ ခွင့်မပြုဘူး” ဟု ကချင်ပြည်နယ်တွင်းရှိ စစ်ပြေးဒုက္ခသည်များကို ကူညီပေးနေသည့် အဖွဲ့တခုဖြစ်သည့် Kachin Legal Aid Network မှ အမှုဆောင်ညွှန်ကြားရေးမှုး ဦးမာခါးက ဆိုသည်။ ၎င်း၏ အဖွဲ့သည် ကချင်ငြိမ်းချမ်းရေးကွန်ရက်၊ ကချင်ရှေ့နေများအဖွဲ့၊ ကချင်အမျိုးသမီးငြိမ်းချမ်းရေးအဖွဲ့ စသည်များနှင့် အတူ ပူးတွဲ ကြေညာချက်ထုတ်ရာတွင်ပါဝင်ခဲ့သည်။
“KIO ခေါင်းဆောင်တွေကလည်း တရုတ်နဲ့ မျက်နှာမပျက်ချင်လို့ ဆွေးနွေးပွဲကို ရွှေ့ဆိုင်းလိုက်ရတယ်လို့ ပြောပါတယ်။ ဒါကြောင့်လည်း သူတို့ရဲ့ကိုယ်စားလှယ်တွေ အချိန်မီ ရောက်လာနိုင်မှာ မဟုတ်ဘူးလို့ အကြောင်းပြလိုက်ရတယ်” ဟု တနင်္လာနေ့က ဧရာဝတီမှ တယ်လီဖုန်းနှင့် ဆက်သွယ်မေးမြန်းရာတွင် ပြောကြားသည်။
တရုတ်နိုင်ငံသံရုံးကမူ အနောက်အုပ်စုမှ လေ့လာသူများတက်ရောက်ခြင်းကို တရုတ်မှကန့်ကွက်ခဲ့သည် ဆိုသည့်အချက် ကို ငြင်းပယ်လိုက်ပြီး ၎င်းတို့၏ Face Book စာမျက်နှာတွင် ထိုစွပ်စွဲမှုသည် အခြေအမြစ်မရှိ ဟု ရေးသားဖေါ်ပြခဲ့သည်။
အိမ်နီးချင်း မိတ်ဆွေစစ် မိတ်ဆွေကောင်းများအနေဖြင့် မိမိတို့သည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှု အပေါ် အပြည့်အ၀ လေးစားပါကြောင်းနှင့် အမျိုးသားညီညွတ်မှုထိန်းသိမ်းရေးနှင့် တိုင်းရင်းသားမျိုးနွယ်စုများ အချင်းချင်းသဟဇာတဖြစ်ရေးအတွက်လည်း ထောက်ခံပေးသွားမည်ဖြစ်ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ပြောဆိုခဲ့ သည်။
အနောက်နိုင်ငံများနှင့် မြန်မာအစိုးရကြားတွင် ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန် မြှင့်တင်နေသည့်အချိန် ဖြစ်သည့်အတွက် ၎င်းတို့နိုင်ငံများမှ လေ့လာသူများ တက်ရာက်လာခြင်းသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲ များကို ပို၍လျှင်မြန် အောင်မြင်စေလိမ့်မည်ဟု ဦးမာခါးကပြောသည်။ သူကထပ်၍ “ ဒါဟာ တရုတ်က သူနဲ့လည်းမဆိုင်ဘဲနဲ့ ကျနော်တို့ရဲ့ အချုပ်အခြာအာဏာကို ထိန်းချုပ်စွက်ဖက်ချင်တဲ့သဘောပဲ” ဟုဆို၏။
ယခင်အပတ်က သမ္မတဦးသိန်းစိန်သည် တရုတ်နိုင်ငံသို့ သုံးရက်ကြာ ခရီးသွားရောက်ခဲ့ပြီး တရုတ်သမ္မတသစ် မစ္စတာ ရှီကျင်ပင်း နှင့်တွေ့ဆုံခဲ့သည်။ ထိုသို့တွေဆုံရာတွင် ကချင်ပဋိပက္ခ နှင့်ပတ်သက်၍ နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေးခဲ့ကြကြောင်း တရုတ်အစိုးရ မီဒီယာများတွင်ဖေါ်ပြထားသည်။ တရုတ်သမ္မတက မြန်မာ-တရုတ်နယ်စပ် တွင်ဖြစ်ပွားနေသည့် တိုင်းရင်းသားပဋိပက္ခများ ဖြေရှင်းနိုင်ရေးအတွက် ဆက်လက် ကူညီထောက်ပံ့ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သလို သမ္မတ ဦးသိန်းစိန်ကလည်း ငြိမ်းချမ်းရေးကို ဆက်လက် အကောင်အထည် ဖော်သွားမည်ဟု ပြောဆိုခဲ့သည်။
အစိုးရတပ်ဖွဲ့ နှင့် ကချင်လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ ၂၀၁၁ ခုနှစ်ဇွန်လမှ စတင်ဖြစ်ပွားခဲ့ပြီး ထိုနှစ် ဒီဇင်ဘာလမှ ယခုနှစ် ဖေဖော်ဝါရီလကြားတွင် အရှိန်တိုးမြင့်လာခဲ့၏။ ထိုစစ်ပွဲများ တရုတ်နိုင်ငံဘက်သို့ ကူးစက်လာမည်ကို စိုးရိမ်သည့်အတွက် တရုတ်အစိုးရက နယ်စပ်တလျောက်တွင် လုံခြုံရေးတပ်ဖွဲ့များ ချထားခဲ့သည်။