Politics

ရွေးကောက်ပွဲ မဲအချိုးကျစနစ် ပါတီများ သဘောထားကွဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွှေးကောက်ပွဲ တွင်  ပြည်သူလူထု၏ ထောက်ခံမဲ ရရှိမှုပေါ် မူတည်ပြီး လွှတ်တော်ကိုယ်စားလှယ် အချိုးကျ ရရှိသည့်စနစ်(Propotional Representative) ကျင့်သုံးရေး ကြိုးပမ်းမှုအပေါ် နိုင်ငံရေးပါတီများအကြား သဘောထားကွဲလွဲနေကြောင်း သိရှိရသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့က လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် လက်ရှိကျင့်သုံးနေသည့် မဲအများဆုံးရရှိသူက အနိုင်ရသည့်စနစ်အစား ပြည်သူလူထု၏ ထောက်ခံသော မဲအရေအတွက် အပေါ်မူတည်ပြီး လွှတ်တော်ကိုယ်စားလှယ်အချိုးကျရရှိသည့်စနစ်(Proportional Representative) ပြောင်းလဲ ကျင့်သုံးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြချက်အပေါ် နိုင်ငံရေး ပါတီအချို့ကန့်ကွက်လျက်ရှိပြီး အချို့နိုင်ငံရေးပါတီများ ထောက်ခံကြခြင်းဖြင့် သဘောထားကွဲလွဲမှုများ သိသိသာသာ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

မဲအချိုးကျ ကိုယ်စားပြု (Proportional Representative) စနစ်မှာ မဲဆန္ဒနယ် တခုတွင် မဲအများဆုံးရရှိသူက အနိုင်ရရှိသည့်ပုံစံမဟုတ်ဘဲ ထောက်ခံမဲ မဲအချိုးကျပေါ်မူတည်ပြီး လွှတ်တော်ကိုယ်စားလှယ် ရရှိသည့်ပုံစံဖြစ်သည်။

နေပြည်တော်တွင် မတ်လ ၈ ရက်နေ့က ပြည်ထောင်စု ရွှေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကျင်းပရေး ကိစ္စ တွေ့ဆုံခဲ့ကြရာ  နိုင်ငံရေးပါတီ ၅၃ ခု တက်ရောက်ခဲ့ပြီး  မဲအချိုးကျ ကိုယ်စားပြုစနစ် (Propotional Representative) ကျင့်သုံးရန် တင်ပြထောက်ခံသောနိုင်ငံရေးပါတီ ၇ ခု၊  ကန့်ကွက်သောနိုင်ငံရေးပါတီ ၅ ခုရှိခဲ့ပြီးအချိန်ယူ၍ ဆောင်ရွက်သင့်သည်ဟု စဉ်စားပါတီ ၄ ခုရှိခဲ့ကြောင်း၊ နိုင်ငံရေးပါတီအများစုမှာ ဝင်ရောက်ဆွေးနွေးခြင်း မရှိခဲ့ကြောင်းသိရှိရသည်။

PR စနစ်ကျင့်သုံးရန်တင်ပြထောက်ခံသည် နိုင်ငံရေးပါတီ ၇ ခုတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ၊ ဒီမိုကရက် တစ်ပါတီ (မြန်မာ) ၊အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ တို့ ပါဝင်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားပါတီအချို့အပါအဝင် နိုင်ငံရေးပါတီ ၅ ခုကမူ PR စနစ်ကြောင့် ဆိုးကျိုးများရှိလိမ့်မည်ဟု ဆိုကာ ကန့်ကွက်ဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။

PR စနစ်ကို ထောက်ခံသော အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အတွင်းရေးမှူး ၁ ဦးကြည်သန်းက “အခု လုပ်နေတဲ့ နိုင်သူ အကုန်ယူ စနစ်အရ ဆိုရင် မဲဆန္ဒရှင် အားလုံးရဲ့ဆန္ဒကို လွှတ်တော်မှာ ကိုယ်စားပြုပြီး ပြောမယ့် ဆိုမယ့် သူ မရဘူးပေါ့ဗျာ။ ပြည်သူ့ဆန္ဒမဲရာခိုင်နှုန်းမှာ နိုင်ငံရေးပါတီတခုက ၅၁ ရာခိုင်နှုန်းရပြီး အခြားနိုင်ငံရေးပါတီတခုက ၄၉ ရာခိုင်နှုန်းရလို့ ၅၁ ရာခိုင်နှုန်း ရတဲ့သူက နိုင်သွားလို့ ရှိရင် ၄၉ ရာခိုင်နှုန်းမဲတွေရထားသူက  ဘာမှလုပ်လို့ မရတော့ဘူးလေ။ အဲဒါကြောင့် ပြောရေးဆိုခွင့် ရအောင် ရတဲ့ မဲအချိုးပေါ်မှာ မူတည်ပြီးတော့ ရတဲ့ မဲနဲ့ လွှတ်တော်ထဲရောက်သွားရင်ပြောရေး ဆိုခွင့်ရှိ အောင် တင်ပြတာပါ”ဟု ရှင်းပြသည်။

၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆန္ဒနယ်အားလုံးနီးပါး အနိုင်ရခဲ့သော်လည်း စစ်အာဏာရှင်စနစ်၏ အသိအမှတ်မပြုခဲ့သောကြောင့် အနိုင်ရရှိမှု အလကားဖြစ်ခဲ့ရကြောင်း၊ PR စနစ် ကျင့်သုံးမည်ဆိုပါက ပါတီတခုတည်းက ရွေးကောက်ပွဲတွင် အနိုင်ရရှိမှုမျိုးရှိတော့မည်မဟုတ်ဟု ဦးကြည်သန်းက ဆက်လက်ပြောသည်။

”၁၉၉၀ ရွှေးကောက်ပွဲမှာ ဆိုရင် ပါတီတစ်ခုကအကုန်နိုင်တယ်ဗျာ။ အဲဒီရွေးကောက်ပွဲ ရလဒ် အဟောသိကံ ဖြစ်သွားရတယ်။ အဲဒါမျိုး နောင်မဖြစ်ရအောင် ရည်ရွယ်တာပါ”ဟု ဦးကြည်သန်းက ဆိုသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကလည်း PR စနစ်ကို ကျင့်သုံးရန် ကြိုးပမ်းရခြင်းမှာ ပြည်သူများ၏ ထောက်ခံဆန္ဒမဲအားလုံး အကျိုးရှိ စေရန် ရည်ရွယ်တင်ပြထားခြင်း ဖြစ်ကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏ ရန်ကုန်တိုင်း ဒေသကြီးအနောက်ပိုင်းခရိုင် ဥက္ကဋ္ဌ ဦးခင်စိုးက ဧရာဝတီသို့ ပြောသည်။

PR စနစ်ကို ကန့်ကွက်သော  အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုသိမ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်က ”ဒီ PR စနစ်ကို ကျင့်သုံးမယ် ဆိုရင် လူမျိုးစွဲ၊ ဝါဒစွဲ၊ အစွန်းရောက် ပါတီတွေက အချိုးကျစနစ်နဲ့ မဲရလာနိုင်တယ်။ အဲဒီလိုဖြစ် လာရင် တိုင်းပြည်ရဲ့ကံကြမ္မာ စိုးရိမ်ရတဲ့ အခြေအနေ ရောက်သွားလိမ့်မယ်။ ဂျာမနီနိုင်ငံမှာ PR စနစ်ကျင့်သုံးခဲ့လို့ နာဇီတွေ နေရာရလာပြီး အာဏာရှင် ဟစ်တလာ တက်လာတာကိုကျနော် ဥပမာပေး ထောက်ပြခဲ့တယ်။ ဂျာမန် ဒီမိုကရေစီ ပျက်စီးရခြင်းဟာ PR စနစ်ကြောင့်လို့ ပြောစမှတ်တွင်သွားတယ်။အခုဒီက ဒီမိုကရေစီစနစ်က အပင်ပေါက်လေး ပဲရှိသေးတယ်။ သင်းသတ်တဲ့ ပုံစံမျိုး တော့ အဖြစ်မခံနိုင်ဘူး”ဟု ပြောသည်။

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒုတိယဥက္ကဋ္ဌလည်းဖြစ်  ဟင်္သတမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လည်းဖြစ်သူ ဦးဌေးဦးကမူ ရွေးကောက်ပွဲတွင် မည်သို့သော မဲပေးစနစ် အသုံးပြုစေကာမူ  ပြည်သူလူထု နားလည်လွယ်သော စနစ်ဖြစ်ရေးသည်သာ အဓိကဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲတွင် PR စနစ် အသုံးပြုရေး မဖြစ်နိုင်သေးကြောင်း ဧရာဝတီသို့ ပြောဆိုသည်။

”အဓိက က မဲထည့်မယ့် ပြည်သူတွေ အဆင်ပြေဖို့လိုတယ်။ မဲပေးသူတွေ ရှင်းရှင်းလင်းလင်း သဘောမပေါက်ဘူးဆိုရင် သူတို့ပေးချင်တဲ့သူကို ပေးနိုင်မှာ မဟုတ်ဘူး။ အခု အမှား အမှန်ခြစ်တဲ့ ကိစ္စမှာတောင် လူတွေ ဒီလောက် ဇဝေဇဝါ ဖြစ်နေတာ။ PR စနစ် ဆိုရင် လည်း ပြည်သူတွေ လိုက်ပါလာနိုင်ဖို့ လိုတာပေါ့။ ပြည်သူတွေ နားလည်မှ ဒီစနစ် အောင်မြင် လိမ့်မယ်”ဟု ဦးဌေးဦးက သုံးသပ်သည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများကမူ ရွေးကောက်ပွဲတွင် PR စနစ် အသုံးပြုရေး စောလွန်းနေသေးပြီး အခက်အခဲများစွာ ရှိလိမ့်မည်ဟု ဆိုကြသည်။

”တိုင်းရင်းသား ဒေသမှာဆိုရင် စာတတ်မှုနှုန်းက တော်တော်နည်းတယ်။ Voter Education တွေအများကြီးလုပ်ရဦးမယ်။ PR စနစ် ကောင်းတာ မကောင်းတာထက် လူထုရဲ့ ပညာရေး ရေချိန်ပေါ်မှာ မူတည်ပြီးတော့ အချိန်ယူ တည်ဆောက်ရမယ်လို့မြင်တယ်”ဟု ချင်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးဆလိုင်းဒေးဗစ်ထွန်းက ပြောသည်။

ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက PR စနစ်ထက် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို အလေးပေးပြောလိုကြောင်း ပြောဆိုသည်။

”အခြေခံ ဥပဒေပြင်ပေးပါ။ တိုင်းရင်းသားပြသနာ အရင်ရှင်းပါ။ ပြီးမှရွေးကောက်ပွဲကို တရားမျှတအောင် လုပ်ပါ။ ကျနော်ကတော့ နိုင်ငံရေးနည်းကိုပဲ ပြောချင်တယ်”ဟု ဦးခွန်ထွန်းဦးက သုံးသပ်သည်။

PR စနစ်ကြောင့် အစွန်းရောက်လူနည်းစုများ ပါတီထောင်ပြီး နိုင်ငံရေးတွင် ပါဝင်ခြေရှုပ်လာမည်ကို စိုးရိမ်သည့်အတွက် ကန့်ကွက်ကြောင်း ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီဥက္ကဋ္ဌလည်းဖြစ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်သူ ဒေါက်တာအေးမောင်က ပြောသည်။

”ကျနော်တို့က PR စနစ်ကို လက်မခံဘူး။ ဒုတိယအင်အားကြီး ပါတီဝင်မှာကြောက်လို့။ ပြီးတော့ အစွန်းရောက်တွေလည်း ပါတီထောင်လာနိုင်တယ်။ ရွေးကောက်ပွဲမှာ ရှုံးပေမယ့် လည်း အချောင်ရတဲ့ပါတီခေါင်းဆောင်တွေ ပါလာနိုင်တယ်။သူတို့ ၂၀၁၀ ရွေးကောက်ပွဲမှာ ရှုံး ခဲ့ပြီး၂၀၁၅ မှာ ရှုံး နိုင်တဲ့ အတွေးလေးဝင်တာနဲ့ အခုလို ပုံစံပြောင်းချင်တာ”ဟု ဒေါက်တာ အေးမောင်က ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကမူ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် PR စနစ် အသုံးပြုရေး လာမည့်  ဇွန်လတွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တင်ပြကာ အဆုံးအဖြတ် ရယူမည်ဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲကို သန့်ရှင်းမျှတသော ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ကတိပြုပြောဆိုခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading