ယခုနှစ် သင်္ကြန်တွင် လူငယ် လူလတ်အများစုက မဏ္ဍပ်ထိုင်ခြင်း၊ ကားဖြင့်လည်ခြင်း၊ အပန်းဖြေ ခရီးထွက်ခြင်း စသည်တို့ကို ပြုလုပ်ရန် အဝတ်အစားနှင့် ငွေကြေးများကို ကြိုတင် စုဆောင်းပြင်ဆင်ထားကြကြောင်း သိရသည်။
အဝတ်အစားများ ဝယ်ယူစုဆောင်းကြရာတွင် လူတဦးနှင့် တဦး အကြိုက်ချင်း မတူညီမှုများကြောင့် အဝတ်အစား အမျိုးအစား များ၏ ရောင်းအားအခြေအနေများမှာ တူညီမှုများ မရှိကြကြောင်း၊ ၎င်းတို့အထဲတွင် ပလာဇာများ၌ လျှော့ဈေးဖြင့် ရောင်းသည့် အဝတ်အထည်များနှင့် လမ်းဘေးဈေးသည်များ ရောင်းသော အဝတ်အထည်များ ပိုမိုအရောင်းသွက်လျှက် ရှိသည်။
“တယောက်နဲ့ တယောက်က အကြိုက်ချင်း၊ တွေးပုံချင်း မတူကြဘူး။ တယောက်က ပစ္စည်းအကောင်း၊ အသစ်ဝတ်ပြီး လည်ချင်ပေမယ့် တယောက်က ရေစိုပြီး ပြဲစုတ်မှာဆိုတော့ ကျနော်တို့လို လမ်းဘေးမှာ ရောင်းတဲ့ အဝတ်အစားတွေကိုပဲ ၂ ထောင်၊ ၃ ထောင်ဈေးပေါပေါ ပေးပြီး ဝယ်ဝတ်ကြတာရှိတယ်။ ရောင်းအားကတော့ ကောင်းတယ်လို့ ပြောလို့ရတယ်” ဟု အနော်ရထာ လမ်းမကြီး၏ ဘေးတွင် အဝတ်အထည်များ ရောင်းသူတဦးက ဆိုသည်။
သင်္ကြန်အတွက် အဝတ်အစားများ၊ အလှကုန် ပစ္စည်းများ၊ အသုံးအဆောင် ပစ္စည်းများအား အရောင်းစင်တာများ၊ ဈေးကြီးများတွင် ဈေးနှုန်း လျှော့ချကြသော်လည်း နာမည်ကြီး အဝတ်အထည် အရောင်းဆိုင် တချို့ကမူ ဈေးနှုန်းလျှော့ချ၍ ရောင်းကြသည်မှာ အလွန်နည်းကြောင်း၊ ထို့အပြင် အလှပြင်ခန်းမများတွင်လည်း ဆံပင်အရောင် ဆေးဆိုးခြင်း၊ ဆံပင် အလှပြုပြင်ခြင်းများကို ဈေးနှုန်းလျှော့ချ ထားကြကြောင်း သိရသည်။
“သင်္ကြန်အတွက်ကတော့ ဆံပင်ကို လာကောက်တဲ့လူ၊ လာဖြောင့်တဲ့လူ၊ ကျစ်ဆံမြီး လာကျစ်တဲ့သူ ဆေးလာဆိုးတဲ့သူ အစုံရှိတယ်။ သူ့အကြိုက်နဲ့သူ ကိုယ့်အကြိုက်နဲ့ ကိုယ်ပေါ့။ စီးပွားရေး လုပ်နေရတာဆိုတော့ ကိုယ့်ဆိုင်ကို လူပိုလာအောင် ဈေးကို အတတ်နိုင်ဆုံး လျှော့ချပြီး လူခေါ်ရတယ်၊ ဒီနှစ် သင်္ကြန်အတွက်ဆိုပြီး ဆံပင်ကို အနီရောင် ဆိုးကြတာများတယ်” ဟု ဗိုလ်အောင်ကျော် လမ်းတွင်ရှိသည့် အလှပြင်ဆိုင်မှ ဆိုင်ရှင် မစန်းက ပြောသည်။
ထိုကဲ့သို့ပင် သင်္ကြန်မဏ္ဍပ် လက်မှတ်များကို မန္တလေးတွင် ဈေးနှုန်းလျှော့ချပြီး အပြိုင်အဆိုင် ရောင်းချနေကြသော်လည်း ရန်ကုန်မြို့တွင်မူ ထိုကဲ့သို့မဟုတ်ဘဲ ထူးခြားသော အစီအစဉ်များ၊ မဏ္ဍပ်တည်ဆောက်ပုံများ၊ ဝန်ဆောင်မှုများ၊ အနုပညာ ရှင်များကို မဏ္ဍပ်တခုနှင့်တခု မတူဘဲ အပြိုင်အဆိုင် ပြုလုပ်ထားကြသဖြင့် လက်မှတ်ဈေးနှုန်း မြင့်မားနေဆဲ ဖြစ်သည်။
မန္တလေးတွင် သင်္ကြန်မဏ္ဍပ် လက်မှတ်အား ကျပ် ၂ သောင်းခွဲ မှ ၃ သောင်းအထိ ဈေးနှုန်းများဖြင့် ရောင်းချကြသော်လည်း ရန်ကုန်မြို့တွင်မူ ကြိုတင်လက်မှတ် အနည်းဆုံး ၃ သောင်းခွဲဖြင့် ရောင်းချပြီး သင်္ကြန်ကျရောက်ပြီဆိုပါက လက်မှတ် တန်ဖိုးမှာ ၄ သောင်းခွဲမှ ၆ သောင်းအထိ မြင့်တက်သွားလျှက်ရှိကြောင်း မဏ္ဍပ်ဖြစ်မြောက်ရေးအဖွဲ့မှ တာဝန်ရှိသူများက ပြောကြသည်။
“ကျနော်တို့ကတော့ ကိုယ့်မဏ္ဍပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်တာပဲ။ မဏ္ဍပ်တွေကများတော့ ဝင်တိုးဖို့ခက်တယ်၊ ဒီတော့ ကိုယ့်မဏ္ဍပ်မှာ ထူးခြားတဲ့ အစီအစဉ်တွေထည့်ပြီး လူခေါ်ရတာပေါ့ဗျာ။ ဈေးနှုန်းတွေကိုတော့ အကြိုနဲ့ အကျ တရက်ချင်းစီကို ၁ သောင်းခွဲ၊ အကြတ်နေ့ကို ၂ သောင်း၊ နောက်ဆုံးနေ့ကို ၃ သောင်းယူတယ်။ ၄ ရက်လုံးဆိုရင်တော့ ၄ သောင်းခွဲ ယူတယ်” ဟု ရန်ကုန်မြို့ ကန်တော်ကြီး ပတ်လမ်းတွင် တည်ဆောက်မည့် Black Culture မဏ္ဍပ်ဖြစ်မြောက်ရေး အဖွဲ့မှ တာဝန်ရှိသူ တဦးက ဆိုသည်။
မဏ္ဍပ်လက်မှတ်များအား ဈေးနှုန်းကြီးမြင့်စွာ ရောင်းချနေကြသော်လည်း လာရောက်ဝယ်ကြသူများ ရှိကြောင်း၊ လာရောက် ဝယ်ကြသူများမှာ လူငယ်၊ လူလတ်များဖြစ်ကြောင်း၊ အများစုက သင်္ကြန်ရက် ၄ ရက်လုံးအတွက် လက်မှတ် ဝယ်ယူကြ ကြောင်း သိရသည်။
“ကျနော်တို့တော့ ကားနဲ့ လည်ရတာကို သိပ်မကြိုက်ဘူး။ ဒီတော့ သူငယ်ချင်းတွေနဲ့ စုပြီး မဏ္ဍပ်ထိုင်တယ်။ မဏ္ဍပ်ထိုင်တာ ၃ နှစ်လောက်တော့ ရှိပြီ။ တနှစ်နဲ့ တနှစ်ကတော့ ဘာမှ ကွာခြားသွားတာ မရှိပါဘူး။ လက်မှတ်ဈေးနှုန်းတွေကလည်း ဒီအတိုင်းပါပဲ။ ဒါပေမယ့် သင်္ကြန်မတိုင်ခင်ထဲက ဝယ်ထားရတာပေါ့။ မဟုတ်ရင် ဈေးနှုန်းတွေက လန်ပျံနေရော” ဟု ယခုနှစ်တွင် မဏ္ဍပ်ထိုင်မည့် ၂၁ နှစ် အရွယ် လမ်းမတော်မြို့နယ်တွင် နေထိုင်သူ ကိုဝေယံက ဆိုသည်။
သင်္ကြန်တွင် မဏ္ဍပ်ထိုင်သည်ဖြစ်စေ၊ ကားဖြင့် လည်သည်ဖြစ်စေ ၄ ရက်စလုံးဆိုပါက အနည်းဆုံး ကျပ် ၁ သိန်းခွဲခန့် ကုန်ကျမည်ဖြစ်သည်။
“မဏ္ဍပ်ထိုင်မယ်ဆိုရင် လက်မှတ်က ၄ ရက်လုံးကို ၄သောင်းခွဲ၊ အဲဒီ ရက်တွေမှာ စားဖို့ သောက်ဖို့က ၁ ရက်ကို ၁ သောင်းက အနည်းဆုံး ကုန်တယ်။ ပြီးရင် မဏ္ဍပ်ကို သွားဖို့က ကားငှားပြီး သွားရတယ်။ အဲဒီအတွက်က တရက်ကို ၁ သောင်း လောက်တော့ ကုန်တယ်။ ကားနဲ့လည်မယ် ဆိုရင်လည်း ဒီလောက်ပါပဲ” ဟု သင်္ဃန်းကျွန်း မြို့နယ်တွင် နေထိုင်သော ကိုကျော်ဇေယျက ပြောသည်။
သင်္ကြန်တွင် အသုံးပြုရန် ကုန်ကျစရိတ်များအတွက်ကို အလုပ်လုပ်ကိုင်နေကြသူများက မိမိတို့ လစာများ စုဆောင်းပြီး သုံးကြမည်ဖြစ်သကဲ့သို့ ကျောင်းသားများကလည်း မိမိတို့ကို မိဘများကပေးသည့် မုန့်ဖိုးများဖြင့် အသုံးပြုကြမည်ဟု လူငယ်များက ဆိုသည်။
ထိုသို့ သုံးဖြုန်းနိုင်သည့် လူငယ်များက ယခုကဲ့သို့ ငွေကြေးများအား ပေါပေါများများဖြင့် သုံးနေကြသော်လည်း ငွေကြေး မတတ်နိုင်သည့် အခြေခံ လူတန်းစားများ၏ သားသမီးများမှာ မဏ္ဍပ်ထိုင်ခြင်း ကားဖြင့် လည်ခြင်းများ မလုပ်နိုင်ဟု သိရသည်။
“သူများတွေလို လည်ချင်တယ်၊ ဒါပေမယ့် တရက်ကို ၄ သောင်းလောက်ကုန်မှာဆိုတော့ တလလုံးအလုပ်လုပ်တဲ့ လစာ လောက် ဖြစ်နေတာ၊ သူများတွေ လုပ်သလို မလုပ်နိုင်ဘူးလေ။ မဏ္ဍပ်တွေဆီကို ဘတ်စ်ကားစီးပြီး သွားတယ်၊ ပြီးရင် ဘတ်စ်ကားစီးပြီး ပြန်လာ။ အဲဒီလိုပဲ လုပ်နိုင်တယ်” ဟု ဒဂုံမြို့သစ်တောင်ပိုင်းတွင် နေထိုင်သော အထည်ချုပ် စက်ရုံ တခုတွင် အလုပ်လုပ်ကိုင်သူ မိန်းကလေးတဦးက ပြောသည်။