၂၀၁၃ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကြီးမှာ မြန်မာအနုပညာရှင်တွေက မြန်မာပြည်အနှံ့က ဖျော်ဖြေရေး မဏ္ဍပ်တွေမှာ အသီးသီးရှိနေကြမှာပါ။
ကိုယ်နဲ့ နီးစပ်ရာ မဏ္ဍပ်တွေမှာ ကိုယ်နှစ်သက်တဲ့ အနုပညာရှင်တွေကို အားပေးရင်း သင်္ကြန်ကို ဖြတ်သန်းချင်သူတွေလည်း ရှိနေကြပါတယ်။ တချို့ လူငယ်တွေက သင်္ကြန်မှာ I.C ပွဲကိုကြည့်ပြီး ပျော်ရွှင်ချင်ကြတယ်။ တချို့ကလည်း Hip Hop သီချင်းတွေနဲ့ ကခုန်ချင်ကြတယ်။ ဒီနှစ်သင်္ကြန် ဘယ်အနုပညာရှင်က ဘယ်နေရာမှာ ဖျော်ဖြေကြမလဲ၊ ဘယ်လို ဖြတ်သန်း ကြမလဲဆိုတာ သိရဖို့ သူတို့ရဲ့သင်္ကြန်ရင်ခုန်သံတွေနဲ့ အတူ တင်ပြ ပေးလိုက်ပါတယ်။
၂၀၁၃ သင်္ကြန်မှာ Iron Cross တေးဂီတအဖွဲ့ မဏ္ဍပ်ကတော့ ရန်ကုန် အင်းလျား တံတားဖြူမှတ်တိုင် AGD ထူး ကုမ္ပဏီ ရုံးရှေ့မှာ ဖြစ်ပါတယ်။ ပင်တိုင် တေးသံရှင် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်းတို့အပြင် အမျိုးသမီးတေးသံရှင် မေသူခိုင်၊ လာဖောဆက် တို့က ဖျော်ဖြေတင်ဆက်ကြမှာ ဖြစ်တယ်လို့ ပုဂံအင်တာတိန်းမန့်က မန်နေဂျာ ကိုညီညီ ဆီက သိရတယ်။
ချောင်းသာ Max ဟိုတယ် မဏ္ဍပ်မှာတော့ ဥက္ကာဦးသာရဲ့ Plus Three အဖွဲ့နဲ့အတူ ဆောင်းဦးလှိုင်၊ စည်သူလွင်၊ အဲလက်စ်၊ ရှင်ဖုန်းတို့အပြင် တက်သစ်စ တေးသံရှင်များပါဝင်တဲ့ ဖျော်ဖြေရေးအစီအစဉ် ရှိမယ်လို့ အဆိုတော်ရှင်ဖုန်းဆီက ဆိုပါတယ်။
BoBo Entertainment မဏ္ဍပ် မှာတော့ Hip Hop အဆိုတော်တွေ ရှိကြမယ်လို့ မဏ္ဍပ်ပိုင်ရှင် ကိုဘိုဆန်းဆီက သိရပါတယ်။ ဒီနှစ်မှာတော့ ကန်တော်ကြီးမှာ ရေပက် မဏ္ဍပ် စီစဉ်ထားတယ်၊ ခင်မင်ရာ ခင်မင်ကြောင်း အဆိုတော်တွေ ဖြစ်တဲ့ ဘန်နီဖြိုး၊ ကျော်ထွဋ်ဆွေ၊ နိုင်းဝမ်းနဲ့ ရဲရင့်အောင်တို့ ဆိုကြပါမယ်။ ကျန်တဲ့ အဆိုတော်တွေလည်း ဆိုဖို့ အစီအစဉ်ရှိတယ်လို့ သူက ဆက်ပြောတယ်။
တောင်ကြီး Guardian တေးဂီတ မဏ္ဍပ်မှာ Gလတ်၊ သအို၊ လှိုင်ဦးမော်၊ Mသီဟ၊ ဖိုးသား၊ ချစ်စနိုးဦး၊ လိမ္မော်သီး တို့က ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။ ချစ်စနိုးဦးကတော့ သူ့ရဲ့ လက်ရှိ ပေါက်နေဆဲဖြစ်တဲ့ လက်ကလေး ဆွဲထား သီချင်း အပါအဝင် ကိုယ်ပိုင် သီချင်းအသစ်တွေနဲ့ ဖျော်ဖြေမယ်လို့ ဆိုပါတယ်။
မန္တလေး Alpine မဏ္ဍပ်မှာ The Trees တေးဂီတနဲ့အတူ Rဇာနည်၊ လွင်မိုး၊ ခန့်စည်သူ၊ ခိုင်သင်းကြည်၊ NO၊ ဆိုင်ဆမ်၊ တို့က ဖျော်ဖြေကြမယ်လို့ စိုင်းထီးဆိုင်ရဲ့ သမီးငယ် ဆိုင်ဆမ်က ပြောပြပါတယ်။
နေပြည်တော် Skynet မဏ္ဍပ်မှာ DN4 တေးဂီတနဲ့အတူ လားရှိုးသိန်းအောင်၊ ဘိုဖြူ၊ နေအောင်၊ ရဲအောင်၊ ဇော်ပိုင်၊ မေသန်းနု၊ တို့ ဖျော်ဖြေကြမယ်လို့ သိရတယ်။
ရွှေသံလွင် ကုမ္ပဏီက ပိုင်တဲ့ ရန်ကုန် ရွှေ FM မဏ္ဍပ်မှာ Hi Bird တေးဂီတနဲ့အတူ ဘရိတ်ကီ၊ ရိန်မိုး၊ လွှမ်းပိုင်၊ မေသူ၊ Bobby Soxxer တို့က ဖျော်ဖြေကြမယ်လို့ မေသူဆီက သိရတယ်။
ဝိုင်းစုခိုင်သိန်းက “နှစ်တိုင်း နယ်တွေမှာပဲ ဖျော်ဖြေဖြစ်တယ်။ဒီနှစ်တော့ ရန်ကုန်မှာပဲ နေဖို့ ဆုံးဖြတ်လိုက်ပြီး ကိုယ့်အိမ်နဲ့လည်း မဝေးတဲ့ Skynetမဏ္ဍပ်မှာ ဖျော်ဖြေမှာပါ။ နှစ်ဆန်း တရက်နေ့ကျရင် သုခရိပ်မြုံမှာ လှူဖို့ ရှိပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။
မန္တလေး မြို့တော်ဝန် မဏ္ဍပ်မှာ မန္တလေးသိန်းဇော်၊ သန်းမြတ်စိုး၊ Lဆိုင်းဇီတို့ ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။ မန္တလေး မြို့တော်ဝန် မဏ္ဍပ်မှာ မြို့မ တေးဂီတနဲ့အတူ မြို့မရဲ့ ပင်တိုင် တေးသံရှင်တွေက ဖျော်ဖြေမှာဖြစ်ပြီး Play Boy အဖွဲ့၊ မြို့တော်ဝန် တေးဂီတအဖွဲ့၊ ဂီတမှူး အကယ်ဒမီသော်ဇင်နဲ့ အဖွဲ့တို့ကလည်း ဖျော်ဖြေကြမှာ ဖြစ်တယ်လို့ အဆိုတော် သန်းမြတ်စိုး ဆီက သိရပါတယ်။
မန္တလး သိန်းဇော်က “သင်္ကြန်ဆိုတာ မြန်မာတွေ မက်မောတဲ့ ပွဲတော်တခုပါ။ ရှေးတုန်းကရော၊ အခုရော ကျင်းပတယ်။ ယဉ်ကျေးမှု အပြောင်းအလဲတွေတော့ ကြုံရတာပေါ့။ ပြောင်းလဲတာတွေ ရှိနေမှလည်း ရှင်သန်မှာပေါ့။ ဒါပေမယ့် ကောင်းတာတွေ ပျောက်မသွားဖို့နဲ့ မကောင်းတာတွေ ကိုယ့်ယဉ်ကျေးမှုထဲ နေရာမပေးမိဖို့တော့ လူမျိုးတမျိုးလုံး သတိထားရမှာပေါ့” လို့ ဧရာဝတီကတဆင့် အကြံပြုပါတယ်။
ကမ္ဘာအေးဘုရားလမ်း ဆီဒိုးနား ဟိုတယ်ရှေ့မှာ ကျင်းပမယ့် 5 Network (ငွေဗျိုင်းဖြူ) မဏ္ဍပ်မှာ Heaven Born တေးဂီတအဖွဲ့နဲ့အတူ ယုန်လေး၊ ဆင်ပေါက်၊ ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေ၊ သဇင်၊ ဆူဇီ၊ သော်တာချမ်းမြေ့ တို့က ဖျော်ဖြေကြမယ်လို့ ယုန်လေးဆီက သိရပါတယ်။
စီးရီးမထွက်ခင် ၂၀၀၃ ခုနှစ် ကတည်းက သင်္ကြန်မဏ္ဍပ်မှာ ဖျော်ဖြေနေခဲ့ပြီး ၂၀၀၇ ခုနှစ် ကစလို့ အနုပညာကြေး စရခဲ့တယ်ဆိုတဲ့ ယုန်လေးက နှစ်စဉ် မန္တလေးမှာ ဖျော်ဖြေခဲ့ရတာ များတဲ့အတွက် ဒီနှစ် ရန်ကုန်မှာ ဖျော်ဖြေရမှာ ပိုပျော်တယ်လို့ ဆိုပါတယ်။
ရန်ကုန် မိုင်ဒါကွင်းမှာ Worriers Band နဲ့အတူ Channel7 Break in တေးသံရှင်များ၊ The Ugly band နဲ့အတူ အိမ်မက်ဆုံရာ တေးသံရှင်များက ပင်တိုင် တင်ဆက်ကြမှာ ဖြစ်ပြီး ဈေးဆိုင်တန်းများလည်း တကွင်းလုံးအပြည့် စီစဉ်ပေးထားမှာ ဖြစ်တယ်လို့ Channel 7 က သိရတယ်။ နိုင်ငံကျော် တေးသံရှင်တွေလည်း တနေ့နဲ့တနေ့ မရိုးရအောင် တင်ဆက်ဖျော်ဖြေ နေမှာ ဖြစ်ပြီး Channel 7 လိုင်းကနေ တိုက်ရိုက် ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။
ကန်တော်ကြီး မျှော်စင်ကျွန်း Grand Royal မဏ္ဍပ်မှာ Big Bag၊ Idiots၊ Wanted၊ ဇွဲပြည့်၊ စန္ဒီမြင့်လွင်၊ Super Model
တို့က ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။ ပြည်ပ အကအဖွဲ့၊ Star အကအဖွဲ့တို့က ကပြ ဖျော်ဖြေကြမယ့်အပြင် ဂိမ်း အစီအစဉ် တွေလည်း ပါဝင်တယ်လို့ သိရတယ်။ DJ သော်သော်၊ DJ ကျော်သူ တို့က လက်စွမ်းပြကြမှာ ဖြစ်ပြီး 5 Plus လိုင်းကနေ ညစဉ် ၇ နာရီခွဲမှာ ပြသမယ်လို့ 5 Plus က သိရပါတယ်။
ရန်ကုန်မြို့တော်ဝန် မဏ္ဍပ်မှာ အောင်ဝမ်းတူး ဆိုင်းဝိုင်းနဲ့အတူ လူရွှင်တော် ပွမ်ပွမ်၊ ချစ်ချော၊ ရာဇာ ပေါက်စီ၊ ရွှင်ပျော်၊ ကိုရွှေသွေး စတဲ့ ရွှေဖလားရာဇာ လူရွှင်တော်အဖွဲ့၊ မြန်မာ သံတေးသံရှင်များ၊ ယိမ်းအက အလှများနဲ့ တင်ဆက် ကပြမှာ ဖြစ်ပါတယ်။
ရန်ကုန် Alpine မဏ္ဍပ်မှာတော့ စိုင်းစိုင်းခမ်းလှိုင်၊ သီရိဆွေနဲ့ တခြား တေးသံရှင်များ ပါဝင် ဖျော်ဖြေကြမယ်လို့ သီရိဆွေက ပြောပါတယ်။
ပါရမီလမ်း AD မီးပွိုင့် အနီး မင်းလမ်းမုန့်တီဆိုင်ရှေ့က My New April မဏ္ဍပ်မှာတော့ အကယ်ဒမီလူမင်း၊ အောင်လ၊ နန်းဆုရတီစိုး၊ ရတနာမိုင် တို့အပြင် ဧည့်သည် တေးသံရှင်တွေ များစွာကလည်း လာရောက် ဖျော်ဖြေ ပေးကြမှာဖြစ်တယ်လို့ ရတနာမိုင်ဆီက သိရတယ်။ My New April မဏ္ဍပ်မှာ သင်္ကြန်ရက်အားလုံးအတွက် တယောက်ကို ကျပ် ၄ သောင်း သတ်မှတ် ထားပြီး DJ Blue နဲ့ DJ ပိုင်ပြေ တို့က လက်စွမ်းပြကြမှာ ဖြစ်တယ်လို့ သိရပါတယ်။
ကန်တော်ကြီး မျှော်စင်ကျွန်းအပြင် လမ်းမ တလျှောက်မှာတော့ DJ တွေနဲ့ ရေကစား မဏ္ဍပ်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်္ကြန်မှာ အိမ်မှာပဲ အေးအေးဆေးဆေး နေမယ့် အနုပညာရှင်တွေ ရှိကြသလို၊ ဖျော်ဖြေဖို့ မသေချာသေးတဲ့ အနုပညာရှင်တွေလည်း ရှိနေပါသေးတယ်။
အဆိုတော် Jennyက “သင်္ကြန်ဆိုရင် ပရိသတ်တွေနဲ့ အတူတူ ရှိနေရတာကို ပျော်ပါတယ်။ ဒီနှစ်လည်း သီချင်းတွေ ဆိုရင်းနဲ့ဖြတ်သန်းမှာပါ။ ဘယ်မှာရှိမလဲတော့ မသေချာသေးပါဘူး” လို့ ဧရာဝတီကို ပြောပါတယ်။
ခင်ဘုဏ်းကလည်း “ဒီနှစ်သင်္ကြန်တော့ ဘယ်မှာရှိမလဲ ရွေးနေတုန်းပါ၊ မြန်မာလူမျိုးတိုင်းရဲ့ စိတ်ထဲမှာ သင်္ကြန်နဲ့ ပတ်သက်ပြီး ခံစားချက်လေးတွေ ကိုယ်စီ ရှိကြတယ်လေ။ ခင်ဘုဏ်းလည်း သင်္ကြန်ရဲ့ အငွေ့အသက်လေးတွေကို ကြိုက်ပါတယ်” လို့ ပြောတယ်။
ဒီနှစ်သင်္ကြန်မှာ Emperor တေးဂီတ အဖွဲ့ကတော့ ဖျော်ဖြေရေးမဏ္ဍပ် မလုပ်ဘဲ ရန်ကုန်မှာပဲ အေးအေးဆေးဆေး အနားယူမယ်လို့ တေးသံရှင် ဇော်ဝင်းထွဋ်ရဲ့ ဇနီး ဆီက သိရပါတယ်။
တေးသံရှင်လည်းဖြစ် ဂီတဆရာမလည်းဖြစ်တဲ့ ခင်မြတ်မွန်ကတော့ “နှစ်တိုင်း သင်္ကြန်ဆိုရင် နားပါတယ်။ တနှစ်လုံး ကိုယ့်ကိုယ်ကိုယ် မညှာမတာ ခိုင်းလာတာဆိုတော့၊ သင်္ကြန်မှာ တမင်ကို အနားယူပစ် လိုက်တာပါ” လို့ ဧရာဝတီကို ပြောတယ်။
သင်္ကြန်ပွဲတော်အတွင်း မြန်မာနိုင်ငံအနှံ့အပြားမှာ စည်ကားနေဖို့ ကုမ္ပဏီတွေ၊ ဌာနဆိုင်ရာ တွေကနေ မဏ္ဍပ်တွေ အသီးသီး တည်ဆောက် ဖျော်ဖြေကြတာ နှစ်စဉ်နှစ်တိုင်းပါပဲ။ နိုင်ငံကျော် အနုပညာရှင်များစွာ စုစည်းထားတဲ့ ရေကစား မဏ္ဍပ်တွေ ရှိသလို၊ တက်သစ်စ တေးသံရှင်တွေရဲ့ မဏ္ဍပ်တွေကိုလည်း ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မူဆယ်၊ ကျောက်ပန်းတောင်း စတဲ့ နေရာအသီးသီးမှာ တင်ဆက် ဖျော်ဖြေကြမယ်လို့ တကိုယ်တော် စီးရီးစီစဉ်နေသူ ကြယ်စင်သွန်းဆီက သိရပါတယ်။
ပြည်သူချစ်တဲ့ အနုပညာရှင်တွေရဲ့ မဏ္ဍပ်တွေကို လိုက်အားပေးရင်း သင်္ကြန်ကိုလည်း ဘေးကင်းစွာနဲ့ ဖြတ်သန်း နိုင်ပါစေလို့ ဧရာဝတီကနေ တဆင့် ဆုမွန်ကောင်း တောင်းပေး လိုက်ပါတယ်။