၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရဌာနများမှ အသုံးပြုရန် အသုံးစရိတ် တောင်းခံရာတွင် ဝန်ကြီးဌာန နှစ်ခုသာ သုံးစွဲသည့်နေရာနှင့် သုံးစွဲမည့်ပမာဏကို တရားဝင် အသိပေးတင်ပြထားပြီး ကျန်ဌာနများမှာ တင်ပြထားခြင်းမရှိသည့်အတွက် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းမှ ဧပြီလ ၈ ရက်က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် အရေးကြီးအဆိုအဖြစ် ဆွေးနွေးကြောင်း သိရသည်။
“သုံးစွဲငွေပမာဏနဲ့ ဘယ်နေရာမှာ သုံးမှာလဲဆိုတာကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ကိုယ်တိုင် မတင်ပြဘူး။ မြို့တော်စည်ပင်နဲ့ ဆောက်လုပ်ရေး ဌာနနှစ်ခုပဲ ဘယ်နေရာမှာ ဘာသုံးမလဲ ပြောထားတယ်။ ကျန်ဌာနတွေက စုစုပေါင်း ဘယ်လောက်သုံးဖို့ ရှိတယ် ဆိုတာပဲ တင်ပြတောင်းခံထားတယ်။ ဒီအပေါ် ဌာနဆိုင်ရာတွေဆီကနေ ပွင့်လင်းမြင်သာမှု ရှိပေးဖို့၊ မရှိခဲ့ရင် လွှတ်တော်အမတ်တွေ အနေနဲ့ ဌာနဆိုင်ရာတွေကို စွပ်စွဲပြစ်တင်နိုင်တယ်ဆိုတာ အသိပေးတာပါ” ဟု ဒေါက်တာ ညိုညိုသင်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ်အတွက် တောင်းခံခဲ့သည့် ဘဏ္ဍာအသုံးစရိတ် ငွေကျပ် ၈၃၅၄၈.၉၅၇သန်းကို ပြည်ထောင်စုလွှတ်တော်က ခွင့်ပြု၍ သုံးစွဲခွင့် ရရှိထားပြီး ဖြစ်သည်။
“တိုင်း ဝန်ကြီးဌာနနဲ့ အစိုးရအဖွဲ့တွေ သုံးမယ့်ငွေဟာ ကျပ်သန်းပေါင်း ၈ သောင်းကျော် ရှိတယ်။ သူတို့အနေနဲ့ ၆ သန်းခန့် ပြည်သူတွေကို လေးစားရင် ဘာတွေသုံးမလဲ တင်ပြပေးသင့်တယ်။ လွှတ်တော်အမတ်တွေကတော့ ပြည်သူ့ပိုက်ဆံဟာ ဘယ်နေရာမှာကုန်သလဲကို စစ်ဖို့ လွှတ်တော်ထဲကို ရောက်လာရတာပါ”ဟု ဒေါ်ညိုညိုသင်းက ပြောသည်။
ဌာနဆိုင်ရာများမှ တင်ပြတောင်းခံလာသည့် ဘဏ္ဍာငွေ အသုံးစရိတ်တောင်းခံမှုအပေါ် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ အစိုးရအဖွဲ့မှ ဘတ်ဂျက်မူကြမ်းရေးဆွဲကာ လွှတ်တော်တွင် အတည်ပြုချက် ရယူပြီး ဝန်ကြီးချုပ်မှ ပြည်ထောင်စု ဘဏ္ဍာရေးကော်မရှင်ထံသို့ တင်ပြရသည်။ ၎င်းမှတဆင့် ပြည်ထောင်စုလွှတ်တော်ကို တင်ရကာ စိစစ်အတည်ပြုပြီးလျင် သက်ဆိုင်ရာ မူလ လွှတ်တော်သို့ ပြန်လည်ပေးပို့တင်ပြရကြောင်း လွှတ်တော် ဆိုင်ရာလုပ်ငန်းစဉ်အရ သိရသည်။
သို့ရာတွင် ပြည်ထောင်စုလွှတ်တော်မတင်မှီ လျာထားချက် ဘက်ဂျက်မူကြမ်းရေးဆွဲစဉ်ကတည်း လွှတ်တော်အမတ်များမှာ လွှတ်တော်ဆိုင်ရာလုပ်ငန်းစဉ်အရ အသေးစိတ် ညှိုနှိုင်းခွင့်ရှိသော်လည်း ညှိုနှိုင်းခွင့် မရခဲ့ဟု ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်အမတ်များက ဆိုသည်။
“ဘက်ဂျက်နဲ့ ပတ်သတ်ပြီး လွှတ်တော်အမတ်တွေ လေ့လာစရာ အချိန်မရခဲ့ဘူး။ လွှတ်တော်စတဲ့နေ့ မှာပဲ လေ့လာဖို့ပြောတယ်။ အစိုးရအဖွဲ့ကို တပတ်လေ့လာဖို့တောင်းတယ်။ အဲဒါကို မပေးခဲ့တော့ ဘယ်သူမှ ဒီကိစ္စကို ထဲထဲဝင်ဝင် မလေ့လာနိုင်ခဲ့ဘူး။ ကိန်းဂဏန်းတွေဆိုတာ အသေးစိတ် လေ့လာမှရမှာ။ ဒီလိုမရှိတော့ လွှတ်တော်အမတ်တွေက သူတို့ပေးတဲ့ မူကြမ်းကို ဖတ်တောင် မဖတ်တော့ဘူး”ဟု ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်း မြို့နယ် မဲဆန္ဒနယ် ၁ မှ ကိုယ်စားလှယ် ဦးကျော် ကပြောသည်။
ထိုသို့ ရန်ကုန်တိုင်းဒေသကြီးရှိ အစိုးရဌာနများမှ တောင်းခံသည့် ဘဏ္ဍာငွေအသုံးစရိတ်များတွင် တိကျသောသုံးစွဲမှု ပမာဏနှင့် သုံးစွဲသည့် နေရာတို့ကို ပွင့်လင်းမြင်သာမှု ရှိစွာဖော်ပြပေးရန်နှင့် ဌာနဆိုင်ရာများမှ ကောက်ခံရရှိသည့် ရငွေစာရင်း တင်ပြရာတွင်လည်း ပွင့်လင်း မြင်သာစွာတင်ပြပေးရန် လွှတ်တော်မှ တဆင့် တင်ပြ တောင်းဆိုသော်လည်း ဝန်ကြီးဌာနများမှ ရှင်းလင်း ပေးခြင်း မရှိဘဲ လွှတ်တော်ဥက္ကဌမှ လွှတ်တော် စတင်သည့် ပထမနေ့ မိန့်ခွန်းပြောကြားစဉ်သာ ၎င်းဘက်ဂျက်မူကြမ်းနှင့်ပတ်သတ်ပြီး ဖတ်ကြား ပြောကြား ခဲ့ခြင်းသာရှိကြောင်း လွှတ်တော်အမတ်များက ပြောသည်။
“ဒီမိုကရေစီ ကျင့်သား မရတာလား။ စနစ်ဟောင်းကိုပဲ ဖက်တွယ်လွန်းတာလားတော့ မသိဘူး။ ဒီစာရင်းတွေကို ဖွက်ထားရမယ်ဆိုတဲ့ အကျင့်ကြီးကို ဖြစ်နေတာ။ ဝန်ကြီးတွေအနေနဲ့က တာဝန်သိတတ်စိတ်နဲ့ ရှင်းပြပေးသင့်တယ်။ ဒီလိုပြသပေးမှ ဌာနတွေက တောင်းခံတာ လိုအပ်လား၊ မလိုအပ်လား လွှတ်တော်အမတ်တွေက တိတိကျကျ ဆုံးဖြတ်ပေးနိုင်မှာ”ဟု ဒေါ်ညိုညိုသင်း ကပြောသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးစိန်တင်ဝင်းကမူ လွှတ်တော်အမတ်များ၏ ဆွေးနွေးမှုများကို ကန့်သတ်ထားခြင်း ချုပ်ကိုင်ခြင်းမရှိဘဲ လွပ်လပ်စွာ ပြောဆိုခွင့်ပေးထားကြောင်း၊ ဝန်ကြီးဌာနနှစ်ခုကသာ ၎င်းတို့သုံးစွဲမည့်နေရာနှင့်သုံးစွဲမည့်ပမာဏကို တင်ပြရခြင်း မှာ အဆိုပါဝန်ကြီးဌာနများအနေဖြင့် အများပြည်သူအတွက် သုံးစွဲသည့်အတွက် ရှင်းပြရခြင်းဖြစ်ပြီး ကျန်ဝန်ကြီးဌာနများမှာ ဌာနတွင်း သုံးစွဲမှုများသာ ရှိခြင်းကြောင့် အသေးစိတ် မတင်ပြခြင်းဖြစ်ကြောင်း ဧရာဝတီသို့ ဖြေကြားသည်။
“ဌာနစုံ အကုန်လုံးကိုသာ ရှင်းနေရင် ကျနော်တို့တွေ အကြာကြီး ဖြစ်နေမှာ။ လွှတ်တော်တွင်း ဆွေးနွေးခြင်း၊ မဆွေးနွေးခြင်းက လွှတ်တော်ကိုယ်စားလှယ်ရဲ့ ဆန္ဒပါဘဲ”ဟု ဦးစိန်တင်ဝင်းကပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရဌာန၏ ဗဟိုအဖွဲ့နှင့် ဝန်ကြီးဌာနတို့မှ ယခုဘဏ္ဍာနှစ်အတွက် စုစုပေါင်း အသုံးစရိတ်များ တောင်းခံရာတွင် တိုင်းဒေသကြီးရုံးမှ ၁၀၄၂၁.၁၁၉သန်း၊ တိုင်းဒေသကြီး တရားရုံးများမှ ၁၁၀၄.၉၁၅သန်း၊ တိုင်းဒေသကြီး လွှတ်တော်မှ ၃ သန်း၊ တိုင်းဒေသကြီးဥပဒေရုံးမှ ၉၇၇.၈၅၁ သန်း ဖြစ်သောကြောင့် ၎င်းဌာနများမှ သုံးစွဲသည့် စုစုပေါင်း ငွေလုံးငွေရင်း သုံးငွေမှာ ၁၂၅၀၆.၉၀၅သန်း ရှိသည်။ ပြည်တဲရေးဝန်ကြီးဌာနမှ ၁၂.၃၃၀သန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဦးစီးဌာနမှ ၃၄.၂၉၁သန်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ၅.၆၁၀သန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ၁၄၄၃.၉၁၅သန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးမှ ၇၆၈၈၁.၂၃၁သန်း၊ နယ်စပ်စည်ပင်လက်အောက်ရှိ မြို့တော်စည်ပင်အဖွဲ့မှ ၅၁၇၁.၅၈၀ သန်းဖြစ်သောကြောင့် ဝန်ကြီးဌာနများမှ စုစုပေါင်း ငွေလုံးငွေရင်း သုံးငွေ ၇၁၀၄၂.၀၅၂ သန်း ရှိသည်။