သတင်း

မိတီ္ထလာမီး ကွန်မြူနစ်များ မွှေးဟု ဦးအောင်သောင်း ပြော

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်ပြီး ယခင်အာဏာရှင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ ညာလက်ရုံးအဖြစ် လူသိများသူ ဝန်ကြီးဟောင်း ဦးအောင်သောင်းက လွန်ခဲ့သောလအတွင်း မြန်မာနိုင်ငံအလယ်ပိုင်းတွင် ဖြစ်ပွားခဲ့သော မူဆလင်ဆန့်ကျင်ရေး ပဋိပက္ခများတွင် ကွန်မြူနစ်များ ပါဝင်ပတ်သက်မှု ရှိနိုင်ကြောင်း ထုတ်ဖေါ်ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအကြံပေးအဖွဲ့ဝင်ဖြစ်သူ ဦးအောင်သောင်းက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်နှင့် မိထ္တီလာမြို့နယ်တွင်ဖြစ်ပွားခဲ့သော မငြိမ်သက်မှုများနှင့် ပတ်သက်၍ ဆွေးနွေးကြစဉ် ယင်းသို့ပြောကြားလိုက်ခြင်းဖြစ်ကြောင်း အပတ်စဉ်ထုတ် သတင်းဂျာနယ် မြန်မာသံတော်ဆင့်တွင် ဖော်ပြပါရှိခဲ့သည်။

ယခုလ ၉ ရက်နေ့တွင် ဧရာဝတီမှ ဆက်သွယ်မေးမြန်းရာတွင်လည်း ဦးအောင်သောင်းက သူ၏ပြောကြားချက်နှင့် ပတ်သက်၍ ထပ်မံအတည်ပြုခဲ့ပြီး ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလမ်ဘာသာဝင်များကြား ဖြစ်ပွားခဲ့သော ပဋိပက္ခများ ကို ကွန်မြူနစ်များက စတင်လှုံ့ဆော်ခဲ့ကြောင်း ပြောကြားသည်။

ယခုဖြစ်ရပ်များ၏ နောက်ကွယ်တွင် မြန်မာပြည်ကွန်မြူနစ်ပါတီ ရှိနေပါသလားဆိုသော မေးခွန်းကိုဖြေကြားရာတွင်   “သူတို့ (ကွန်မြူနစ်ပါတီ) ပါဝင်မှုရှိမရှိ ဆိုတာ ကျနော် မသိပါဘူး။ ကျနော်တို့မှာ ခိုင်မာတဲ့သက်သေ အထောက်အထား မရှိပါဘူး။ ကျနော်က ဒီ ပဋိပက္ခဖြစ်စဉ်တွေကိုအခြေခံပြီးတော့ မှတ်ချက်ပေးခဲ့တာပါ” ဟု ဆိုသည်။

“ကွန်မြူနစ်ပါတီ နောက်ကွယ်မှာ ရှိနေတယ်လို့ ကျနော်မပြောပါဘူး။ ဆူပူမှုတွေနဲ့ နောက်ကွယ်မှာ ကွန်မြူနစ်ဝါဒကို ယုံကြည်သက်ဝင်သူတွေ ရှိနေတယ်လို့ပဲ ကျနော် ဆိုလိုခဲ့တာပါ” ဟု ဦးအောင်သောင်းက ထပ်ပြောသည်။

ပဋိပက္ခများသည် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများတလျှောက်ပြန့်ပွားသွားခဲ့ပြီး မတ်လ ၂၁ ရက်မှ ၂၈ ရက်အတွင်း  မြို့နယ်ပေါင်း ၁၁ မြို့နယ်မှ ပြည်သူများ ထိခိုက်ခံစားခဲ့၏။ စတင်ဖြစ်ပေါ်ခဲ့သော မိတ္ထီလာမြို့တွင် ၄၃ ဦး သေဆုံးခဲ့ ပြီး ဆေးရုံတက်ရောက်ကုသခံခဲ့ရသူပေါင်းမှာ ၉၃ ဦး အထိရှိခဲ့သည်။

အမေရိကန်အခြေစိုက် လူ့အခွင့်အရေး ဆရာဝန်များအဖွဲ့၏အဆို မိတီ္ထလာ အစ္စလမ်စာသင်ကျောင်းရှိ ကျောင်းသား ၃၂ ဦး ပျောက်ဆုံးဆဲ ဟုသိရသောကြောင့် သေဆုံးသူ အများစုမှာ အဆိုပါ ကျောင်းသားများ ဖြစ်နိုင်ဖွယ်ရှိသည်။

ဖြစ်ရပ်များအတွင်း အဓိကအနေဖြင့် အမျိုးသားရေးဝါဒီ ဗုဒ္ဓဘာသာဘုန်းကြီးများနှင့် အမည်မသိလူတစု ပါဝင် ပတ်သက်ခဲ့သည်ဟု သတင်းများတွင် ဖော်ပြကြသည်။ အချို့ကမူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်းမှ လက်ရှိအစိုးရ၏ ပြုပြင်ပြောင်းလဲရေးလုပ်ရပ်များကို လက်မခံလိုသူများက အကြမ်းဖက်သမားများကို အသုံးချ၍ ပဋိပက္ခကို ဖန်တီးခဲ့သည်ဟု ပြောဆိုသည်။

သို့ရာတွင် ဦးအောင်သောင်းက မြန်မာသံတော်ဆင့်ဂျာနယ်တွင် အကြမ်းဖက်မှု ကျူးလွန်သူများတွင် တချို့က ထောင်မှ လောလောလတ်လတ် လွတ်လာသူတွေဖြစ်ကြောင်း၊ တချို့က ဘုန်းကြီးများ၊ တချို့က မြေအောက်လှုပ်ရှားရေးသမားများ၊ တချို့က ကွန်မြူနစ်ထောက်ခံသူများဟု  ပြောခဲ့သည်။

ဦးအောင်သောင်းသည် ပါတီအပေါ် သြဇာညောင်းပြီး ပါတီတွင်းမှ ရှေးရိုးစွဲ ခေါင်းမာသော အဖွဲ့ဝင် တယောက်ဟု အများက ထင်မြင်ယူဆထားကြသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အာဏာရှိစဉ်က ညာလက်ရုံးသဖွယ် အားကိုးခံခဲ့ရသူ ဖြစ်ပြီး ဒီပဲရင်းအရေးအခင်းဟု လူသိများသည့် ၂၀၀၃ခုနှစ်တွင်ဖြစ်ပွားခဲ့သော အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့ဝင်များကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်တွင် အခါတော်ပေး ကြိုးကိုင်ခဲ့သူအဖြစ်လည်း ထင်မှတ်စွပ်စွဲခံရ သူဖြစ်သည်။ ဒီပဲရင်းဖြစ်ရပ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ အမြောက်အများ သေဆုံးခဲ့ရသည်။

ဦးအောင်သောင်း၏ ဖြေရှင်းချက်သည် ပြီးခဲ့သော ဆူပူမှုများကို ပြေငြိမ်းအောင် မစွမ်းဆောင်နိုင်ခဲ့သည့် အစိုးရ၏ အားနည်းချက်ကို ကာကွယ်ရန်အတွက် ရမယ်ရှာ ပြောကြားခြင်း သက်သက် သာဖြစ်ကြောင်း မြန်မာပြည် ကွန်မြူနစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်သံချောင်းက ဆိုသည်။

“ဖြစ်ခဲ့တာတွေအတွက် သူတို့မှာ လုံးလုံးတာဝန်ရှိနေပြီဆိုတာ သူတို့ သိနေပြီလေ။ ဒါကြောင့် အမေရိကန်သံအမတ်နဲ့ ဘယ်သူတွေပါတယ်ဆိုတာ ဆွေးနွေးကြတော့ သက်သေပြစရာလည်း မရှိဘဲနဲ့ ရမ်းပြီးစွပ်စွဲလိုက်တာ”ဟု ရဲဘော်သံချောင်းက ဧရာဝတီသို့ တရုတ်နိုင်ငံတွင်းမှ တယ်လီဖုန်းဖြင့် ပြောကြားလိုက်သည်။

“ကျနော်တို့ကို ထောက်ခံတဲ့သူတွေ အတွက်တော့ စိတ်ပူတယ်” ဟု သူက ထပ်ပြောသည်။

မြန်မာပြည်ကွန်မြူနစ်ပါတီသည် အစိုးရကို ၁၉၈၉ အထိ ဆယ်စုနှစ်ပေါင်းများစွာ တော်လှန်တိုက်ခိုက်ခဲ့သည်။ ၁၉၈၈ ဒီမိုကရေစီအုံကြွမှုကို အကြောင်းပြု၍ အစိုးရက ကွန်မြူနစ်ပါတီကို ပြင်းထန်စွာ နှိပ်ကွပ်လာသည့်အခါ ပါတီဝင်များနှင့် ပါတီကိုထောက်ခံသူများ ဖမ်းဆီးခြင်းခံခဲ့ရပြီး ၁၉၉၀ နှစ်များတွင် ပါတီတွင်းအာဏာသိမ်းသဖြင့် တရုတ်နိုင်ငံအတွင်းသို့ ပါတီဝင်အမြောက်အများ ပြောင်းရွှေ့ခဲ့ကြရသည်။

ဦးအောင်သောင်း၏ ကွန်မြူနစ်ပါတီနှင့် ပတ်သက်သော စွပ်စွဲချက်များသည် လုံး၀ အဓိပ္ပါယ်မရှိကြောင်း ၁၉၈၈ ကျောင်းသား ကလပ်စည်း အတွင်းရေးမှူးနှင့် မြန်မာပြည် ကွန်မြူနစ်ပါတီဝင်ဟောင်း ဒေါက်တာဇော်မင်းက ပြောသည်။ ပါတီဝင်အများစုသည် အသက်အရွယ် ကြီးရင့်နေကြပြီဖြစ်ပြီး နိုင်ငံရေးလည်း မလုပ်နိုင်တော့ကြောင်းနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး ပြောင်းလဲမှုများကို ထောက်ခံကြကြောင်း သူကဆိုသည်။

“ကျနော် ပြောနိုင်သလောက် ပြောရမယ်ဆိုရင် ဒီကိစ္စတွေက ကျနော်တို့နဲ့ လုံး၀ မပတ်သက်ပါဘူး၊ အစိုးရက တရားခံ ရှာနေတဲ့ အချိန်မှာ ကျနော်တို့ကို လွယ်လွယ်ကူကူ လက်ညိုးထိုးလိုက်တာပါပဲ” ဟု ကွန်မြူနစ်ပါတီဝင်ဟောင်း ဒေါက်တာဇော်မင်းက ဧရာဝတီသို့ ပြောကြားခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading