ရန်ကုန်မြို့၏ အချိန်အကြာဆုံးသော ယာဉ်ကြောပိတ်ဆို့သည့် နေရာတခုဖြစ်သော လှည်းတန်းလမ်းဆုံတွင် ခုံးကျော် တံတားကို ယနေ့ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သော်လည်း ယာဉ်ကြောပိတ်ဆို့မှုများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။
ရွှေတောင်ကုမ္ပဏီက တနှစ်ကျော်ကြာ တာဝန်ယူတည်ဆောက်ခဲ့သော လှည်းတန်းခုံးကျော်တံတားကို ယနေ့ ဧပြီလ ၁၀ ရက်နေ့ မနက် ၆ နာရီတွင် ကားများ စတင်ဖြတ်သန်း သွားလာခွင့်ပြုလိုက်ခြင်းဖြစ်ပြီး ယာဉ်ကြော ပိတ်ဆို့မှုနှင့် လမ်းပိတ်ဆို့မှု ပြသနာ မပြေလည်သေးဘဲ ဆက်လက်ကြုံတွေ့နေရဆဲဖြစ်သည်။
လှည်းတန်းလမ်းဆုံတွင် ယခင်ထက်စာလျှင် ယာဉ်ကြောပိတ်ဆို့မှု လျော့ကျသွားသော်လည်း ဟံသာဝတီ အဝိုင်း နှင့် မြေနီကုန်းမီးပွိုင့်တွင် ကားများတန်းစီ တိုးဝှေ့နေပြီး ယာဉ်ကြောပိတ်ဆို့မှုကို အချိန်ကြာမြင့်စွာ ကြုံတွေ့ ရကြောင်း ရန်ကုန်မြို့ခံများက ဆိုသည်။
“ခုံးကျော်တံတား ဖွင့်လိုက်တော့ ရန်ကုန်-ပြည်လမ်းဘက်က လာတဲ့ ကားတွေက မီးပွိုင့်မရှိတော့တဲ့အတွက် အကုန်ပြုံဆင်းလာတယ်။ ရန်ကုန်-အင်းစိန်လမ်းက လာတဲ့ ကားတွေကတော့ မီးပွိုင့်ရှိသေးတဲ့အတွက် ကားတွေက တဖြည်းဖြည်း မြို့ထဲကို တိုးဝင်တယ်။ အဓိက ဟံသာဝတီအဝိုင်းမှာ ကားတွေ အားလုံး စုပြုံတိုးနေတာ။ အဝိုင်းပတ်တယ်ဆိုတာက မီးပွိုင့်လိုမဟုတ်ဘူးလေ။ ကိုယ်လွတ်မယ်ထင်ရင် တိုးထွက်ကြ တာဆိုတော့ သူတိုး၊ ကိုယ်တိုးနဲ့ လမ်းတွေပိတ်ကုန်တယ်။ နောက်ဆုံး ယာဉ်ထိန်းရဲတွေက ကားတွေကို တားပြီး ယာဉ်ကြော တခုချင်းစီ ပြန်လွှတ်ပေးရတဲ့အထိ ကားတွေ တိုးဝှေ့ကုန်တာ” ဟု မထသ ၄၈ ယာဉ်လိုင်းမှ ယာဉ်မောင်းတဦးက ပြောသည်။
လှည်းတန်းခုံးကျော်တံတားကြောင့် ရန်ကုန်-အင်းစိန်လမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ လှည်းတန်းလမ်းမတို့တွင်မူ သိသိသာသာ ယာဉ်ကြောပိတ်ဆို့မှု လျော့ကျသွားသည်။
သို့သော် ဟံသာဝတီအဝိုင်းတွင် ယာဉ်ကြောပိတ်ဆို့မှုကြောင့် ဦးဝီစာရလမ်းမကြီးတလျှောက်၊ ရန်ကုန်-ပြည်လမ်း တလျှောက်တွင် ကားများစုပြုံတိုးပိတ်ဆို့ပြီး မြို့ထဲသွားမည့် ကားများမှာ လှည်းတန်းခုံးကျော်တံတားပေါ်တွင်ပင် ရပ်တန့်စောင့်ဆိုင်းရသည်အထိ လမ်းပိတ်ဆို့မှု ဖြစ်ပွားနေသည်။
“မြို့ထဲကနေ ၈ မိုင်ဘက်သွားတဲ့ ရန်ကုန်-ပြည်လမ်း အပြန်လမ်းက လှည်းတန်းခုံးကျော်တံတားကြောင့် တော်တော်ကို ယာဉ်ကြောချောင်တယ်။ ဒါပေမယ့် မြေနီကုန်း မီးပွိုင့်ကနေပြီးတော့ ဟံသာဝတီအဝိုင်းအထိ ကားတွေ တအားကျပ်တယ်။ အဝိုင်းပတ်ဖို့ကိုလည်း တော်တော်ကြီးကို စောင့်ရတာ။ အဲဒီလိုပဲ မြို့ထဲသွားမယ့် ကားတွေကလည်း လှည်းတန်းခုံးကျော်တံတားပေါ်ကနေ ဟံသာဝတီအဝိုင်းအထိ ကားတန်းကြီးကို မျက်စိတဆုံး မြင်နေရတယ်။ ဟံသာဝတီအဝိုင်းဖြတ်ပြီးတော့လည်း မြေနီကုန်းပွိုင့်မှာ အကြာကြီး သွားပိတ်တယ်” ဟု မထသ ၅၁ ယာဉ်လိုင်းမှ ယာဉ်မောင်းတဦးက ပြောသည်။
ခရီးသွားပြည်သူများကမူ လှည်းတန်းခုံးတံတားကြောင့် မြို့ထဲသို့ သွားလာရသည့်အချိန် အနည်းငယ်မြန်ဆန်လာသည်ဟု ဆိုကြသည်။
“အရင်တုန်းကဆိုရင် မီးပွိုင့်မှာ လိုင်းကားတွေ စက်ရပ်ပြီး ရပ်ထားရတာ အချိန်တော်တော်ကြာတယ်။ အခုကတော့ ကားက တဖြည်းဖြည်းလေးနဲ့ ရွေ့ပြီး သွားနေတယ်ဆိုတော့ အရင်ထက်စာရင် နည်းနည်း လေးမြန်လာတယ်လို့ထင်တယ်။ အရင်ကထက် ၅ မိနစ်၊ ၁၀ မိနစ်လောက် အချိန်ကုန်သက်သာလာတယ်လို့ ထင်ပါတယ်” ဟု မင်္ဂလာဒုံမှ ဆူးလေထိ နေ့စဉ် ရုံးတက်ရုံးဆင်းသွားလာနေရသည့် ကုမ္ပဏီဝန်ထမ်း ခရီးသည် တဦးက ဆိုသည်။
ဟံသာဝတီအဝိုင်းတွင် ယာဉ်ကြောရှင်းလင်းပေးနေသော တာဝန်ကျ ရဲအရာရှိတဦးကမူ ဟံသာဝတီအဝိုင်းတွင် ရုံးတက်ချိန် မနက်ပိုင်းနှင့် ရုံးဆင်းချိန် ညနေပိုင်းတွင် ယာဉ်ကြောပိတ်ဆို့သည့် အချိန်ကြာမြင့်ပြီး ကျန်အချိန်များတွင် ယာဉ်ကြော ပိတ်ဆို့မှု သက်သာမည်ဟု ဆိုသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့်တံတားဌာနမှ အရာရှိတဦးက လှည်းတန်းခုံးကျော်တံတားကြောင့် ယာဉ်ကြောပိတ်ဆို့မှု ၆၀ ရာခိုင်နှုန်းသက်သာသွားမည်ဟု ပြောကြားကြောင်း ဧပြီလ ၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် လှည်းတန်းခုံးကျော်တံတား ဖွင့်လှစ်လိုက်သော်လည်း ယာဉ်ကြော ပိတ်ဆို့မှု ပြသနာ ဆက်လက်ကြုံတွေ့နေရသည်ကို သိရှိကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စီမံချက်ဖြင့် ရန်ကုန်မြို့တော် ဖွံ့ဖြိုးုတိုးတက်ရေး ဆောင်ရွက်နေကြောင်း အစိုးရ တာဝန်ရှိသူတဦးက ရှင်းလင်း ပြောဆိုသည်။
“ဖြစ်တာတွေကတော့ တခုပြီး တခုကတော့ တံတားတွေပြီးသွားတဲ့အခါမှာ သူ့ဟာသူ ဖြစ်သွားမှာပေါ့။ လိုတာတွေလည်း ထပ်လုပ်မှာပေါ့။ လူကြီးတွေလည်း သိပါတယ်။ တိုင်းဒေသကြီးအစိုးရလည်း သိတယ်။ စီမံချက်နဲ့လုပ်တဲ့အခါကျတော့ ချက်ချင်းကြီး လုပ်မရတာ တော့ရှိတာပေါ့။ စီမံချက်တွေ ပါပြီးသား၊ ရေးဆွဲထားပြီးသားပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးက ပြောဆိုသည်။
လှည်းတန်းခုံးကျော်တံတား ကုန်ကျစရိတ်သည် ငွေကျပ် ၁၄ ဒသမ ၄၈၇ ဘီလီယံ ကုန်ကျပြီး ဘုရင့်နောင် ခုံးတံတား၊ ရွှေဂုံတိုင်ခုံးတံတားတို့မှာ ဆက်လက်တည်ဆောက်နေဆဲဖြစ်ပြီး ၈ မိုင်လမ်းဆုံနှင့် မြေနီကုန်း လမ်းဆုံတွင်လည်း ခုံးကျော်တံတားများ တည်ဆောက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများ၏ ထုတ်ပြန်ပြော ဆိုသည်။