ရခိုင်ပြည်နယ် အမ်းမြို့နယ် ရဲစခန်းတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးတပါးကို လူကုန်ကူးမှုဖြင့် အမှုဖွင့်၍ ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။
ဖမ်းဆီးခံထားရသည့် ဘုန်းကြီးသည် သက်တော် ၄၀ ဝန်းကျင် ဝါတော် ၁၈ ဝါ ရှိ ဦးကောသိယ ဘွဲ့အမည်ရှိပြီး မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဇဗ္ဗူအေး ကျောင်းတိုက်၏ ကျောင်းထိုင်ဟု သိရသည်။ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ မှတ်ပုံတင် အထောက်အထား မရှိသူ ၈ ဦးအား သင်္ကန်းစည်းပေးပြီး အခကြေးငွေယူ၍ ရန်ကုန်သို့ ပို့ဆောင်ရန် ခေါ်လာစဉ် အမ်းမြို့၌ ဧပြီလ ၅ ရက်နေ့က ဖမ်းဆီးမိခဲ့ကြောင်း အမ်းမြို့နယ် ရဲစခန်းက ဧရာဝတီကို ပြောသည်။
“ပုဒ်မ ၃၆၇ တရားမဝင် လူကုန်ကူးမှုနဲ့ တရားစွဲဆိုဖို့ ယမန်ယူထားပါတယ်၊ ကားဒရိုင်ဘာလည်း ပါတယ်”ဟု ရဲစခန်း တာဝန်ရှိသူ က ဆိုသည်။
ဦးကောသိယအား အမ်းမြို့နယ် သံဃာ့မဟာနာယက အဖွဲ့ ဥက္ကဋ္ဌ ကိုယ်စား ဒု ဥက္ကဋ္ဌ ကို ပင့်ဖိတ်၍ မြို့နယ် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်များ ရှေ့မှောက်တွင် ဝိနည်းတော်နှင့်အညီ သိက္ခာချ လူဝတ်လဲပြီးမှသာ ထိန်းသိမ်း အရေးယူထားခြင်း ဖြစ်ကြောင်း သိရသည်။
ဦးကောသိယသည် မှတ်ပုံတင် မရှိသူများကို ရန်ကုန်ဘက်သို့ ပို့ဆောင်နေသည်မှာ ယခုအကြိမ်သည် ၃ ကြိမ်မြောက်ဖြစ်ကြောင်း အမ်းမြို့ ရဲစခန်းက ပြောသည်။
“ကားမှာ မြို့နယ် သံဃာ့နာယက ဆရာတော်လို့ ဆိုင်းဘုတ်ကပ်ထားတော့ စစ်ဆေးရေးဂိတ်တွေကလည်း မစစ်ဆေးကြတော့ မဖမ်းမိခဲ့ဘူးပေါ့၊ အခုအကြိမ်မှာ သံသယဖြစ်စရာ တချို့သတင်းရလို့ စစ်ဆေးတော့မှ လူကုန်ကူးတာ ဖြစ်နေတယ်”ဟု အမည်မဖော်လိုသူ ရဲအရာရှိက ပြောသည်။
မှတ်ပုံတင် မရှိသူများကိုလည်း လူဝင်မှုကြီးကြပ်ရေးဌာနက ဥပဒေ ပုဒ်မ ၆၂/၆၃ တို့ဖြင့် မကြာမီ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း၊ ဦးကောသိယ နှင့် ဒရိုင်ဘာတို့ကို ရဲစခန်းက အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မှတ်ပုံတင်မရှိဘဲ ဖမ်းဆီးခံရသူများမှာ မြန်မာမွတ်စလင် သို့မဟုတ် ဘင်္ဂလာဒေ့ရှ် နိုင်ငံမှ ခိုးဝင်လာသူများဟူသည်ကို ဧရာဝတီက အတိအကျ ခွဲခြား မသိသေးပါ။